မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Monday 20 February 2012

စာဖတ်ခြင်းကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်သွားကြသူများ

   တောင်သာသားလေးတစ်ယောက် အလုပ်တွေရှုပ်မှန်းမသိ ရှုပ်နေတာတော့အမှန်ပါ။ အိပ်စာတွေကလည်း ပုံနေတာပါပဲ။ Language အိမ်စာ၊ Supervisor အိမ်စာ၊ C++ အိမ်စာ၊ စသည် စသည်ပါပဲ။ ဒီနေ့တော့ ကျောင်းကပြန်လာကတည်းက အခြားအိမ်စာတွေ ခဏထားပြီး မနက်ဖြန် အတန်းချိန်ပါတဲ့ Language အိမ်စာကိုပဲလုပ်မယ်လို့ စဉ်းစားရင်း အဲ့ဒါကိုပဲ လုပ်နေမိပါတယ်။ ကျတ်စရာစာတွေကို အရင်ကျတ်မှတ်ပြီးတော့ ရေးစရာစာတွေကို ဆက်ရေးနေမိပြန်ပါတယ်။ ရေးနေတဲ့အချိန်မှာ ကျွန်တော့်အကျင့်က လက်ကရေးပြီး ကွန်ပျူတာကနေ Entertainment တစ်ခုခု ဒါမှမဟုတ် ဗဟုသုတရမယ့်တစ်ခုခုကို ဖွင့်ထားတတ်တဲ့အကျင့်လေးလည်း ရှိနေလေရဲ့။ အခုလည်း ဆရာချစ်နိုင်ရဲ့ ဟောပြောပွဲအသံလေးတွေကလည်း စပီကာနှစ်လုံးမှ ထွက်နေလေရဲ့။ ဟောပြောပွဲတစ်နေရာရောက်တော့ လူငယ်၊ လူရွယ်တွေ စာဖတ်စေချင်အောင် စာဖတ်ခြင်းကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်သွားကြတဲ့ သူတွေအကြောင်း ပြောနေသံ ကြားလိုက်ရပါတယ်။ ဟောပြောပွဲက နားထောင်လို့ကောင်းတာက တစ်ကြောင်း၊ ရေးနေတဲ့အိမ်စာတွေက မပြီးသေးတာကတစ်ကြောင်း မိုလို့ တစ်ခေါက်ပြီးသွားလို့ နောက်တစ်ခေါက်ဆက်ဖွင့်လိုက်ပါသေးတယ်။ ဟောပြောပွဲထဲက ဒီခေါင်းစဉ်နဲ့ ပါတ်သတ်မယ့်၊ အသံဖိုင်လေးနဲ့ဆိုင်တဲ့ အောင်မြင်သူတွေအကြောင်းသာ တင်ပြပေးသွားပါ့မယ်။
   စာဖတ်ခြင်းကြောင့် ဘာတွေကောင်းကျိုးပေးသလဲဆိုရင် နမူနာ လူနှစ်ယောက်လောက် ပြောပြချင်ပါတယ်။ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ရွာလေးတစ်ရွာမှာ အရပ်ရှည်ရှည်၊ အသာဖြူဖြူ လူရည်လူမွန်လေး မောင်တင်လှိုင်ဆိုသူရှိပါတယ် ။ တောရွာကနေ မြို့ကျောင်းကိုလာတတ်တဲ့အတွက်ကြောင့် ၉တန်းအောင်ပြီးတဲ့နောက်မှာ ၁၀ တန်းဖြေဖို့ အ၀ံ့မရဲ မဖြေရဲတော့ပါဘူး။ မိဘကလည်း ဆင်းရဲတယ်၊ ၁၀ တန်းအောင်လည်း မထူးပါဘူး။ ၁၀ တန်းဖြေနေလည်း မထူးပါဘူး၊ အပိုဆိုပဲဆိုတဲ့ အတွေးတွေက မောင်တင်လှိုင်ရဲ့အတွေးတွေကို  ဦးဆောင်နေလေရဲ့။ အဲ့ဒါကြောင့် ၆နှစ်လုံးလုံး ၁၀ တန်းမဖြေတော့ပါဘူး။ ဘာလုပ်နေလည်းဆိုတော့ စိတ်ဓါတ်ကျနေတာပါ။ တနေ့သောအခါကျတော့ သူငယ်ချင်းတစ်ယောက်မှ ပီမိုနင်းရေးတဲ့ အောင်စိတ် ဆိုတဲ့စာအုပ်လေးကို လက်ဆောင်ပေးလို့ အဲ့ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နောက်မှာတော့ စိတ်ဓါတ်တွေကျနေတဲ့ မောင်တင်လှိုင်ကနေ အောင်စိတ်ကြောင့်စိတ်ဓါတ်တွေတတ်လာပြီး မိုးကိုဒူးနဲ့တိုက်ချင်လာတဲ့ မောင်တင်လှိုင်တစ်ယောက် ဖြစ်လာခဲ့တော့တယ်။ မောင်တင်လှိုင်တစ်ယောက် စာတွေကြိုးစားပြီး အဲ့ဒီနှစ်မှာ ၁၀ တန်းစာမေးပွဲဖြေလိုက်တဲ့အချိန်မှာ ဘာသာစုံဂုဏ်ထူးနီးပါး အမှတ်တွေများခဲ့ပြီး ဆေးတက္ကသိုလ်တောင် တတ်လို့ရခဲ့ပါတယ်။ သို့ပေမယ့်လည်း မန္တလေးတက္ကသိုလ်ကို လျှောက်ပြီး မြန်မာစာကိုပဲ ယူခဲ့တဲ့အချိန် လူ ၁၈၀၀လောက်မှာ ခုံနံပါတ် ၁ ၀င်ခဲ့ပါတယ်။ အမှတ်စာရင်းနဲ့ ခုံနံပါတ် စီတဲ့အတွက် ခုံနံပါတ် ၁ ရခဲ့တာဖြစ်ပြီး တက္ကသိုလ် ပထမနှစ်မှာကော၊ ဒုတိယနှစ်မှာပါ လူရည်ချွန် နှစ်ကြိမ်ရရှိခဲ့ပါတယ်။ မောင်တင်လှိုင်ဟာ နောင်တချိန်မှာ စာရေးဆရာ လယ်တွင်းသားစောချစ် ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာလည်း စာပေနှင့်စာနယ်ဇင်းဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုရင် ၁၀ တန်းတုန်းက ဆရာကြီးပီမိုးနင်းရေးတဲ့ အောင်စိတ်ဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့ သူ့ဘ၀ကို အမဲမှ အဖြူသို့၊ အမှောင်မှ အလင်း ပြောင်းလဲခဲ့ပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကြောင့်ပါပဲ။
   နောက်တစ်ယောက်ကတော့ ဓါးပြတိုက်မှုနဲ့ ထောင်ကျနေတဲ့ ကိုအုံးဖေ။ ဓါးပြဗိုလ်ပေါ့။ အကိုတွေကို ဦးဆောင်ပြီး ဓါးပြဗိုလ်လုပ်နေတာပါ။ ၈ ကြိမ် ဓါးပြတိုက်ပြီး ထောင် ၃ ကြိမ် ကျခဲ့ဖူးပါတယ်။ နောက်ဆုံးထောင်ကျတဲ့အချိန်မှာတော့ အသက်က ၂၉ နှစ်ရှိနေပါပြီ။ အဲ့ဒီအချိန်မှာ ထောင်မှူးကြီးက ကိုအုံးဖေမှာ ဖြူဖြူချောချော၊ ပိန်ပိန်သေးသေးဆိုတော့  ပင်ပင်ပန်းပန်းအလုပ်တွေကို မလုပ်စေပဲ ထောင်ပိုင်စာကြည့်တိုက်မှာ စာကြည့်တိုက်မှူးလုပ်စေခဲ့ပါတယ်။ စာကြည့်တိုက်မှာ စာတွေဖတ်ရင်း ကိုအုံးဖေလိမ္မာလာခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစာပေတွေဖတ်တဲ့အချိန်မှာ သခင်အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်နုတို့၊ သခင်ဗဟိန်းတို့ နိုင်ငံရေးသတင်းတွေဖတ်ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ပြည်သွားပြီး စစ်ပညာတွေသင်၊ ဂျပန်တပ်ကြီးနဲ့ အင်္ဂလိပ်ကိုတော်လှန်၊ တိုက်ခိုက်ပြီးတော့ ဦးဆောင်တဲ့ သတင်းတွေဖတ်ရင်း သူတို့ကတော့ နိုင်ငံနဲ့ပြည်သူအတွက် တိုက်တယ်၊ ငါကတော့ ချမ်းသာတဲ့သူတွေကို ဓါးပြတိုက်ပြီး ငါ့ကိုယ်ကျိုးအတွက်ရှာနေတာပါလားဆိုပြီး နောင်တတွေ ရလို့နေပါတယ်။ ထောင်းကနေထွက်တာနဲ့ ကိုအုံးဖေတစ်ယောက် လူဆိုးမှ လူကောင်းသို့ပြောင်းလိုက်ပါတော့တယ်။ သူ့အဖွဲ့သားတွေက ငါတို့ သေနတ်တွေဝှက်ထားတယ်၊ ဆက်လုပ်ကြမယ် ဘာညာနဲ့ လာစည်းရုံးတဲ့အချိန်မှာ ခင်ဗျာတို့ ကိုယ့်ဟာကိုယ်လုပ်ကြပါ။ ရရင်လည်း ကိုယ့်ဟာကိုယ်ယူကြ။ ကျွန်တော်ဓါးပြမတိုက်တော့ဘူး၊ ခင်ဗျာတို့လုပ်ချင်တာလုပ်ကြတော့ ကျွန်တော်နုတ်လုံတယ်မပြောဘူး၊ အဖမ်းခံရရင်လည်း ကိုယ့်ဟာကိုယ်ခံကြတဲ့။ တစ်နှစ်လုံးလုံး ဓါးပြလည်းမတိုက်၊ အရက်လည်းမသောက်၊ ကြက်လည်း မတိုက်၊ မကောင်းတာတွေမလုပ်တော့တဲ့အခါ ရပ်ရွာက လေးစားပြီး ၁၉၄၇ ခုနှစ် သူကြီးရွေးတဲ့အခါ တရွာလုံးက သူ့ကိုရွေးပြီး မဲအသာနဲ့ သူကြီးကိုအုန်းဖေဖြစ်သွားတယ်။ နေ့စဉ်ကဗျာရေးရင်းနဲ့ စာရေးဆရာဘ၀ထဲ ၀င်ရောက်ခဲ့သူပါ။ စာကောင်းကောင်းမတတ်၊ အတန်းကျောင်း ၄ တန်းနဲ့ ဘုန်းကြီးကျောင်းထွက် ကိုအုံးဖေတစ်ယောက် ဘာကြောင့် အောင်မြင်ခဲ့သလဲဆိုရင် စာဖတ်လို့ပါပဲ။ စာဖတ်ရင် မိမိမယုံကြည်နိုင်လောက်အောင် ပြောင်းလဲစေခဲ့ပါတယ်။ မိမိကိုယ့်ကိုယ်ပြုပြင်ပြောင်းလဲရမယ်။ ပြောင်းလဲတဲ့နေရာမှာ ဈေးအချိုဆုံး၊ အသက်သာဆုံး၊ အချိန်အထိရောက်ဆုံးကတော့ စာဖတ်ခြင်းပါပဲ။ စာအုပ်တွေဖတ်လိုက်ပါ။ ဖတ်ရင်းဖတ်ရင်းနဲ့ စာအုပ်ကောင်းတွေ ရွေးလာနိုင်ပါလိမ့်မယ်။ 
    ထို့အတူပါပဲ ကျွန်တော့်အိမ်လေးကို အလည်လာတဲ့ အကို၊ အမတွေလည်း စာဖတ်စေချင်ပါတယ်။ အင်တာနက်မှာ ကိုယ့်ကြိုက်တာ ရွေးပြီး၊ ဖတ်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးကြီးကို သိသူဖော်စား၊ မသိသူကျော်သွား အဖြစ်မျိုးမရောက်ရအောင် စာတွေဖတ်ကြပါဆို့လို့ နှိုးဆော်တိုက်တွန်းရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။
                                               ဆက်လက်ကြိုးစားပါအုံးမည်
                                       တောင်သာခရီးသည်
  

Sunday 19 February 2012

မိတ်ကောင်း ဆွေကောင်း

   တောင်သာသားလေးတစ်ယောက် ဒီနေ့တော့ စာအုပ်လေးတစ်အုပ်မှာ မိတ်ဆွေကောင်းနဲ့ ပါတ်သတ်ပြီး ဥပမေး ဥပမာတွေနဲ့ တန်ဆာဆင်ထားတဲ့ စာအုပ်လေးတစ်အုပ် ဖတ်ခဲ့ရပါတယ်။ အလွန်မတန်မှကို ဘ၀အတွက် တန်ဖိုးရှိလှတဲ့ စကားလုံးလေးတွေ၊ သာဓကလေးတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ စာအုပ်လေးပါပဲ။ တောင်သာသားလေးလည်း စကားတစ်ခုကြားဖူးပါတယ်။  လူတွေ ဟာ မိမိကိုယ်တိုင်က စားကောင်း သောက် ဖွယ်လေးတွေ စားနေရပြီ၊ လက်ခံရရှိနေပြီဆိုရင် အချစ်ဆုံး၊ အခင်ဆုံး၊ သံယောဇဉ်အရှိဆုံး ဆိုတဲ့လူတွေကို သတိရကြတယ်တဲ့။ တောင်သာသားလေးလည်း ဒီလိုပါပဲ။ အဖိုးမဖြတ်နိုင်တဲ့ စာစုလေးတွေ ဖတ်ရတဲ့အချိန်၊ သိရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ဘလော့ဂါမိသားစုလေးကို သတိရမိတယ်၊ ပြောပြချင်မိပါတယ်။ ဒီလိုနဲ့ပဲ ဒီဆောင်းပါးလေး တင်ဖြစ်သွားတာပါ။
   အသက်တစ်ရာနေရတယ်ပဲထား၊ အဲ့ဒီ အသက်တစ်ရာကြားကာလအတွင်းမှာ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို လက်ချိုးပြီးရေကြည့်ရင် လက်တစ်ဆယ်ပြည့်အောင် လက်ချိုး ရေတွက်စရာ ရှိမယ် မထင်ပါဘူး။ ဘ၀ခရီးမှာ အခက်အခက်တွေ၊ ဘေးအန္တရာယ်တွေ၊ ဆင်းရဲခြင်းတွေ၊ အဆင့်မြင့်ရာမှ နိမ့်ကျသွားတဲ့ အဖြစ်တွေ၊ ကျရှုံးတာတွေ စတဲ့ ဒုက္ခတွေနဲ့ ကြုံလေလေ--ကိုယ့်ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့ မိတ်ဆွေဆိုတဲ့ သူတွေ လျော့နည်း လျော့နည်း သွားလေလေပါပဲ။
    တစ်ခါမှာ မိတ်ဆွေနှစ်ယောက်ဟာ တောလမ်းတစ်ခုကိုဖြတ်ပြီး ခရီးသွားနေတုန်း ၀က်ဝံကြီးတစ်ကောင် ရုတ်တရက်ပေါ်လာတယ်။ ဒီအခါမှာ အဲ့ဒီမိတ်ဆွေ နှစ်ယောက်ထဲကတစ်ယောက်က သစ်ပင်တစ်ပင်ပေါ်ကို လျင်လျင်မြန်မြန် တတ်ပြေးပြီး ပုန်းနေတယ်။ ကျန်ခဲ့တဲ့မိတ်ဆွေကတော့ ၀က်ဝံကြီးရန်က လွတ်အောင် မပြေးသာတော့တာနဲ့ မြေကြီးပေါ်လှဲချပြီး သေချင်ယောင် ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ အဲ့ဒီသေချင်ယောင်ဆောင်နေတဲ့ သူ့ဆီရောက်လာပြီး နှာခေါင်းကြီးနဲ့ ထိုးနမ်းပြီး အနံ့ခံကြည့်တယ်။ သူ့ကတော့ အသက်အောင့်ထားရတယ်။ ၀က်ဝံဆိုတာ လူသေကို ဘာမှ   ရန်မလုပ်တတ်ဘူးလို့တော့ ပြောတာပဲ။ ၀က်ဝံကြီးဟာ အဲ့ဒီလူရဲ့မျက်နှာနားကပ်ပြီး နှာခေါင်းကြီးနဲ့ အနံ့ခံကြည့်၊ စူးစမ်းကြည့်တော့ အဲ့ဒီလူဟာ သေနေတဲ့လူပဲလို့ ထင်ပြီးထွက်သွားတယ်။ ၀က်ဝံကြီးထွက်သွားတော့မှ သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ မိတ်ဆွေက ဆင်းလာပြီး သေချင်ယောက်ဆောင်ခဲ့ရတဲ့ မိတ်ဆွေကို မင်းအနားကပ်ပြီး ၀က်ဝံကြီးက ဘာတွေ တိုးတိုး တိတ်တိတ်နဲ့ ပြောသွားလဲ လို့မေးတယ်တဲ့။ ဒီတော့ သေချင်ယောင်ဆောင်ခဲ့တဲ့ မိတ်ဆွေက အခက်အခဲနဲ့ ဘေးရန်ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေမျိုး၊ ကိုယ်လွတ်ရုန်းသွားတတ်တဲ့ မိတ်ဆွေမျိုးတွေနဲ့ နောင်ကို ဘယ်တော့မှ ခရီးမသွားနဲ့လို့ ပြောသွားတယ် လို့ပြောလိုက်တယ် တဲ့။ 
   ဟုတ်ပါသည်။ အဆင်ပြေနေတုန်း၊ အခက်အခဲတွေ၊ ဒုက္ခတွေကို မကြုံမတွေ့ရခင်တုန်းမှာ ပြေပြေလည်လည် ဆက်ဆံနေတဲ့သူကို မိတ်ဆွေလို့ ပြေရခက်ပါတယ်။ အခက်အခဲနဲ့ ကြုံတော့မှပဲ မိတ်ဆွေ ဟုတ်၊ မဟုတ် သိရမှာပဲ။ ကိုယ်လွတ်ရုန်း ပြေးတတ်သူလား၊ ဒါမှမဟုတ် ကိုယ့်ဘေးမှာ ရပ်တည်ပေးမယ့်သူလားဆိုတာ သိရမှာပဲလေ။
   တောင်သာသားလေးရဲ့ အကို၊ အမတွေလည်း နောင်လျှောက်လှမ်းရမယ့် ဘ၀ခရီးလမ်းမှာ မိတ်ကောင်း၊ ဆွေကောင်းတွေနဲ့ ကြုံဆုံနိုင်ပါစေ၊ ကူညီဖေးမနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း   ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။

                                                         ဆက်လက်ကြိုးစားပါအုံးမယ်
                                               တောင်သာခရီးသည်

Saturday 11 February 2012

ကျွန်တော့်အချစ်

   ဒီနေ့တောင်သာသားလေးတစ်ယောက် မနက်(၃)နာရီလောက်ကတည်းက ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အိမ်စာတွေ ရေးနေတာ ည(၁၀)နာရီလောက်မှပဲ ပြီးဆုံးသွားခဲ့ပါတယ်။ စာရေးနေတုန်း သီချင်းနားထောင်ရရင် ကောင်းမယ်ဆိုပြီး အင်တာနက်ကနေ သီးချင်းလေးလည်း ဖွင့်ထားလေရဲ့။ အမှတ်မထင်ပါပဲ။ အနီးဆုံးလူ ဆိုတဲ့ သီချင်းလေးကြားလိုက်တဲ့အချိန်မှာ တကယ်ကို ခံစားလိုက်ရတယ်၊ ငါသာ မိန်းခလေးတစ်ယောက်ကို ချစ်မိရင် အဲ့လိုပဲ ချစ်ရင်ကောင်းမယ် ဆိုတဲ့ လူသူမသိတဲ့ တိတ်တခိုးအတွေးလေးတွေလည်း မျိုးစေ့လေးတွေ ချနေမိလေရဲ့။

Wednesday 8 February 2012

အမေပို့တဲ့ မြေပဲကြက်ဥ

   ပြင်ဦးလွင်ဆောင်းညရဲ့အစွမ်းတွေကြောင့်လား ကျွန်တော်ကပဲ အနွေးထည်ပါးပါးလေး ၀တ်ထားလို့လား မသိ။ အေးခနဲ စိမ့်ခနဲ ပါပဲ။ ဒီအချိန်ဆို အိမ်မှာ အဘတို့၊ အဖေတို့၊ အမေတို့၊ ကိုကိုညီညီတို့ အလယ်မှာ မီးဖိုကြီးနဲ့ မီးလှုံနေပေရောမည်။ တောမှာဆိုတော့ မြို့ပြတွေကလို လျှပ်စစ်နဲ့နွေးစေတဲ့စက်တွေ (heater)လည်း မရှိဘူးပေါ။ ယာတောထဲက တူးလာတဲ့ သစ်ငုတ်တိုအကြီးကြီးကို ဆောင်းအစ ကတည်းက မီတို့လိုက်၊ မိသားစုအားလုံး အိပ်ယာဝင်ကြပြီဆိုရင် မီးငြိမ်းလိုက်နဲ့ အဲ့ဒီ သစ်ငုတ်ကြီးက ဆောင်းအစကနေ ဆောင်းအဆုံးထိ မိသားစုတွေအတွက် နွေးထွေးစေတဲ့တာဝန်ကို ယူရတာပေါ့။ တကယ်ဗျ။ အဲ့ဒီငုတ်ကြီးက ဆောင်းလည်းကုန်ရော တတို့တတို့မီးလောင်သွားရာကနေ ဆောင်းကုန်တော့ အကုန် ကွက်တိဗျ။ အံသြဖို့တော့ အကောင်းသား။ စာကြည့်စာပွဲမှာ စာကျတ်နေရင်း ငယ်ငယ်က အဲ့အကြောင်းတွေကို ပြန်တွေးနေမိ၊ မြင်ယောင်နေမိပါတယ်။ ကျတ်လက်စသင်ခန်းစာပါ စာအုပ်လေးကို သိမ်းပြီးတော့ မိသားစုဆီ အလွမ်းစာလေးတစ်စောင် ရေးနေမိပါတယ်။ 
    ချစ်သော အဖေနဲ့အမေ၊ ကျန်းမာပါစ၊ အဆင်ပြေပါစ၊ ကြွေးမြေကင်းရှင်ပါစ၊ လူမှုရေး၊စီးပွားရေး၊အကိုညီမတွေရဲ့ ပညာရေးကောင်းမွန်ပါစ၊ စသည်ဖြင့်ပေါ့။ သားတစ်ယောက်လည်း အစစအရာရာ အဆင်ပြေပါတယ်ပေါ့။ သို့ပေမယ့်လည်း ပင်ပန်းတဲ့အကြောင်းတွေ၊ ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်တွေမှာ ငယ်ငယ်ကလို မေမေရင်ခွင်တိုးပြီး ကလေးလေးလို ပူဆာချင်မိတယ်ဆိုတဲ့ အကြောင်းတွေ ရေးချင်နေပေမယ့် မရေးဖြစ်။ အဝေးမြေက မိဘဆွေမျိုးသားချင်းတွေကို စိတ်မပူစေချင်၊ စိတ်မဆင်းရဲစေချင်။ အောက်ဆုံးမှာတော့ အညာအိမ်က ထန်းလျှက်နဲ့ မြေပဲကြက်ဥတော့ အရမ်းလွမ်းလှပါပြီ လို့ ရေးပြီး စာလေးပိတ်လိုက်ပါတော့တယ်။
   အဲ့ဒီစာကိုဖတ်ပြီးတဲ့နောက်ပိုင်း(၃)နှစ်နီးပါးလုံး ချစ်သောမေမေက လူကြုံရှိတိုင်း ထန်းလျှက်နဲ့မြေပဲကြက်ဥ ပို့လိုက်တာ စားလို့မကုန်အောင် ရှိတော့သည်။ ဒီတော့လည်း သား စားရလွန်းလို့ သွားတစ်ချောင်းကျိုးသွားပြီမေမေ လို့ မပြောရက်။ သားတစ်ယောက်ကို စားစေချင်တဲ့ စိတ်နဲ့ မေမေပေးလိုက်တဲ့လက်ကို မပုတ်ချရက်၊ မငြင်းဆန်ရက်။ 
     ရယ်စရာပြောရအုံးမည်။ ကျွန်တော်အရင်ပို့စ်လေးတွေမှာ ရေးဖူးပါသည်။ ကျွန်တော်တို့ပထမနှစ်ဘ၀ က စီနီယာမြင်ကွင်းမှာ မုန့်စားလို့မရ။ တွေ့က စီနီယာတွေရဲ့ အပြစ်ပေးမှုကို ခံယူရသည်။ ထို့အတွက်ကြောင့် ညညမှ ခိုးစားရသည်။ ကျွန်တော့်ကုတင်ဘေးက သူငယ်ချင်းက မန္တလေးသားဆိုတော့ သူ့အိမ်က ပို့လိုက်ရင် ပေါင်မုန့်အကောင်းစား၊ ပေါင်မုန့်အပျော့တွေဆိုတော့ ညညခိုးစားရတာ အလွန်လွယ်သည်၊ အသံမထွက်အောင် ၀ါးနိုင်၊ စားနိုင်သည်။ ကျွန်တော့်မှာတော့ အခက်သား။ မြေပဲကြက်ဥ ပဲရှိသည်။ မာလွန်းလို့ နေကျောက်ခဲ လို့ ခေါ်ကြသေးသည်။ ကျောက်ခဲလောက်မာသည်။ သို့ပေမဲ့လည်း ဗိုက်က စာလွန်းလို့ မစားပဲကလည်း မနေနိုင်၊ စားချင်သည်။ ရှိသမျှအကြံတွေထွက်စမ်း၊ လာစမ်းပေါ့။ နောက်ဆုံးတော့ အကြံကောင်းသွား၍လားမသိ၊  ရည်မှန်းချက်ကလေး အောင်မြင်သွားသည်။ တစ်လုံးစားခါနီးရင် တစ်ခါချောင်းဆိုးသံလုပ်လိုက်၊ အသံက ၀ါးတဲ့အသံကို ဖုန်းသွားလိုက်နဲ့ မေမေပေးထားတဲ့ မြေပဲကြက်ဥ (၂)ပြည်သားလောက်ကို ညပေါင်းများစွာ ၀ါးလိုက်၊ ချောင်းသံဟန့်လိုက်နဲ့ ကုန်သွားတော့သည်။
   မေမေတစ်ယောက်သာ ဒီအဖြစ်တွေကိုသိရင်တော့ ၀မ်းနည်းနေမည်လော၊ ပြုံးနေမည်လော၊ သနားနေမည်လော။ ချစ်သောမေမေတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ချွေရင်း။
                                                ဆက်လက်ကြိုးစားပါအုံးမည်
                                        တောင်သာခရီးသည်

Tuesday 7 February 2012

သွေးမတော်တဲ့ အကိုရင်းသို့

  
   (၁၆)နှစ်သား ကျော်ကျော် ကောင်ကလေးတစ်ယောက် ဆွေမျိုးသားချင်းတစ်ယောက်မှ မရှိ။ အသိအကျွမ်းတစ်ယောက်မှ မရှိပါဘဲ စည်းကမ်းတင်းကျပ်လွန်းလှတဲ့ စည်းဝိုင်းကြီးထဲကို ရောက်လာမိပါတယ်။ အပြင်မှာနေရတဲ့ ဘ၀မှာတော့ သားသားနားနားဝတ်ဆင်၊ ကြွကြွလေးလမ်းလျှောက်၊ အဆင်အယင်တံဆိပ်မျိုးစုံနဲ့ ကျွန်တော်တို့ဆီ ခွင့်ပြန်လာတဲ့ နောင်တော်အကိုကြီးတွေကို ကြည့်ပြီး ဒီစည်းဝိုင်းကြီးက အင်မတန်မှ နေချင်စဖွယ် နေသင့်သဖွယ် အ၀ိုင်းကြီးပါပဲ။ သို့ပေမယ့်လည်း ပထမနှစ် ဘ၀ရောက်တဲ့အချိန်မှာတော့ ငွားစွင့်တာတွေ၊ ကြွားဝင့်တာတွေ ဘာမှ မသိတော့။ ပင်ပန်းလွန်းလို့ စိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးတဲ့သူတွေအဖြစ် ကြွေးကြော်နေမိပါတယ်။ ပိုပြီးပြောနေခြင်း မဟုတ်ပါ။ ကျွန်တော်ကိုယ်တွေ့အကြောင်းလေး ပြောပြချင်ပါတယ်။ တနေ့ ကျွန်တော်အိမ်ယာဝင်ခါနီး ကျွန်တော်ဂါဒီယန်မှ ညီ အိပ်ပြီလား၊ ဗိုက်ဆာနေလား ဆိုပြီး လက်သီးစုပ်လောက်ရှိတဲ့ ပဲမုန့်ဝိုင်းဝိုင်းကြီး ကျွန်တော်စားဖို့ လာပေးပါတယ်။ ညီ စားပြီးရင် ရေသောက် ပလုတ်ကျင်းပြီး အိပ်တော့တဲ့။ ညီတို့ ဒီနေ့ တော်တော် ပင်ပန်းတယ်ဆိုတာ အကိုသိတယ်တဲ့။ ဟုတ်ကဲ့ အကို လို့ ပြောပြီး ကုတင်ပေါ်ထိုင်ပြီးတောင် မစားနိုင်တော့ အိပ်ရင်းနဲ့ စားမယ်ဆိုပြီး  စားနေလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ၊ မနက်မိုးလင်းမှ ခေါင်းအုံးဖုံးပေါ်မှာ မုန့်တခြမ်းလုံးလုံးကျန်နေသေးတာကို တွေ့တော့မှပဲ ညက အကြောင်းကို ပြန်စဉ်းစားမိပြီး ငါ့ဘ၀ကလည်း ချစ်ကောင်းဆိုတဲ့ ကော်ဖီခါးခါးသီချင်းထက် ခါးပါလားဆိုတာ သိလိုက်ရတယ်။ အဲ့လောက် စိတ်ညစ်ရ၊ ပင်ပန်းခဲ့ရတဲ့ ဘ၀လေးကို ပြန်တောင် မတွေးချင်တော့။
   သို့ပေမယ့်လည်း ကျွန်တော် အကိုတစ်ယောက်ရဲ့ ကျေဇူးတွေကို ဒီပို့စ်လေးဖြင့်ဂုဏ်ပြုချင်၍သာ ပြန်တွေးနေခြင်းဖြစ်သည်။ ကျွန်တော်ဟာ တကယ်တော့ သာမန်ထဲက သာမန်လူတစ်ယောက်ပါ။ သို့ပေမယ့်လည်း စီနီယာအကိုရဲ့ မြေတောင်မြှောက်ပေးမှု၊ အားပေးအားမြှောက်ပြုမှုတွေကြောင့် သာမန်လူတစ်ယောက်ထက် နည်းနည်းသာတဲ့ သူတစ်ယောက် ဖြစ်ခဲ့ရတယ်။ 
   တစ်ပါတ်တစ်ကြိမ် မြို့ထဲကို သွားခွင့်ရသော်လည်း ကျွန်တော့်စီနီယာမှ မထွက်စေချင်။ ညီ ရာ တစ်လတစ်ကြိမ်လောက် မြို့ထဲ ထွက်ရင် ပိုကောင်းတယ်ကွ။ ကျန်တဲ့ (၃)ပါတ်ရဲ့ တနင်္ဂနွေနေ့တိုင်း အားတဲ့အချိန်တွေကို စာကျတ်လိုက်ရင် မင်းဟာ မင်းတို့ အပါတ်စဉ်မှာ ရှိတဲ့ ကျန်တဲ့သူတွေထက် အဲ့ဒီ (၃)ပါတ်စာ မင်းမှာ ပိုပြီး စာရသွားပြီ။ ခဏခြင်းစုတော့ မသိသာပေမယ့် စုပါများတော့ ချကောင်သေးသေးတောင် တောင်ပို့ ဖြစ်လာသေးတယ်ကွ။ ဒီ စကားတွေ ကြားခဲ့ရတာ ၅နှစ်လောက် ရှိပါပြီ။ သို့ပေမယ့်လည်း ကျွန်တော့်နားထဲမှာ ပြီးခဲ့တဲ့ စက္ကန့်ပိုင်းက ပြောလိုက်သလို၊ ကြားလိုက်သလိုပါပဲ။ 
    ကျွန်တော်တို့ ပထမနှစ်ဘ၀က ဆိုးပါသည်။ မုန့်ရှိ၍လည်း မစားရ။ မစားရဆိုရာတွင် စီနီယာမြင်အောင် မစားရပါ။ မမြင်အောင်စားလျှင်တော့ရကောင်းရပါသည်။  မြင်လျှင် အပြစ်ပေးခံရမည်ဟု စိတ်ထဲမှာ သိနေမိသည်။ (၁၀)နာရီဆိုရင် အိပ်ယာဝင်ရတဲ့ ကျွန်တော်တို့ဘ၀က ခြင်ထောင်အောက်မှာ အတွေးကိုယ်စီနဲ့ အိပ်ယာဝင်နေကြပါ။ ထိုအချိန်ဆိုလျှင် ကျွန်တော့်ဂါဒီယန် ရောက်လာပြီး ညီ အိပ်ပြီလားဆိုပြီး ခြင်ထောင်လေးကို အသာအယာ ဖွင့်ကြည့်တတ်သည်။ အိပ်နေလျှင်တော့ ဆက်မနိုးတော့ဘဲ ပြန်သွားတတ်သည်။  ဖိုင်နယ်ရီးယား စီနီယာတစ်ယောက်ဖြစ်ပေမယ့် ပထမနှစ်ဂါဒီယန်ညီငယ်တစ်ယောက်ကိုခေါ်ဖို့ ပထမနှစ် ဟောခန်းထဲမှာ ကင်းသမား ဒုတိယနှစ်ရှိရင် ညီ ကင်းသမား ကိုယ့်ဂါဒီယန် ခဏခေါ်သွားအုံးမယ်ဆိုတဲ့ စီနီယာအကိုရဲ့ အထက်အောက် ဆက်ဆံတတ်မှုတွေက အတုယူစရာ ကောင်းလှသည်။ ဟုတ်ကဲ့အကို ညီ မအိပ်သေးဘူးအကို။ အေး ထကွာ အဲ့ဒီဆို မနက်ဖြန် အချိန်ဇယားရှိတဲ့ လက်ချာစာအုပ်တစ်အုပ်ယူခဲ့တဲ့။ (၁၀)နာရီကနေ (၁၁)နာရီထိ စီနီယာအခန်းမှာ အချိန်ကုန်ရသည်။ နာရီဝက် စာကျတ်ရပြီး နာရီဝက် မုန့်စားခိုင်းသည်။ စီနီယာအကိုရဲ့ ကူညီစောင့်ရှောက်မှုတွေက ကျွန်တော့်တစ်သက် မမေ့နိုင်ပေ၊ သတိမရပဲမနေနိုင်ပေ။ (၁)လပြည့်လျှင်လည်း သင်ခန်းစာတစ်ခုအတွက် စာမေးပွဲ ဖြေတတ်အောင် လေ့ကျင့်ပေးသေးသည်။ 
   ပထမနှစ် ဘ၀ ပြီးဆုံးလို့ ရလဒ်တွေ ထွက်တဲ့အချိန်မှာ ကျွန်တော့်ကြိုးစားမှု(၂၅)ရာခိုင်နှုန်း၊ စီနီယာအကိုရဲ့ သွန်သင်ဆုံးမ ပဲ့ပြင်မှု(၇၅)ရာခိုင်နှုန်းတွေကြောင့် ကျွန်တော်တို့အပါတ်စဉ် လူ(၁၃၀၀)လောက်မှာ အဆင့်(၃)၀င်ခဲ့သည်။ သိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုတောင် မယုံချင်။ အိမ်မက်များ မက်နေသလားလို့တောင်ထင်ရသည်။ နောက်ဆုံးသိလိုက်သည်က အိမ်မက်မဟုတ်။ တကယ် အစစ်မှ အစစ်။ လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်သော ကျွန်တော့်အတွက် နောက်ထပ်လျှောက်ဖို့ ခြေလှမ်းတွေ လျှောက်နိုင်အောင် အားအင်တွေ မွေးထုတ်ပေးခဲ့သူ။
   တောင်သာသားလေးတစ်ယောက် ဒီပို့စ်လေးကို ရင်နင့်စွာနဲ့ပဲ ရေးနေမိပါတယ်။ ကျွန်တော်ရေးနေတာတွေ၊ ဂုဏ်ပြုနေတာတွေကို ကျွန်တော့်အကိုစီနီယာ မဖတ်နိုင်တော့၊ မကြည့်နိုင်တော့၊ မသိနိုင်တော့။ မနှစ်က နွေရာသီရဲ့နေတစ်နေ့မှာ ရှေ့တန်းစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူရဲ့ချောင်းပစ်တဲ့ ဒဏ်ရာနဲ့ အကိုချစ်သော မိသားစု၊ အကိုချစ်သော ညီငယ်တွေကို ထာဝရစွန့်ခွါသွားပေပြီ။ သားတစ်ယောက်သာရှိတဲ့ (၂၃)နှစ်သာရှိသေးတဲ့စီနီယာရဲ့အမေမှာတော့ ကျွန်တော်ခံစားရမှုထက် အဆပေါင်း ထောင်သောင်းများစွာ ရှိလိမ့်မည်၊ ခံစားရလိမ့်မည်ထင်။  
   ချစ်သောအကိုစီနီယာတစ်ယောက် ရောက်ရာဘုံဘ၀မှ ညီငယ်တို့ပြုသမျှ ကောင်းမှုအစုစု ကို သာဓုခေါ်နိုင်ပါစေ၊ အမျှရပါစေ။ အမျှ၊ အမျှ၊ အမျှ။
                                                     ဆက်လက်ကြိုးစားပါအုံးမည်
                                            တောင်သာခရီးသည်




  







Wednesday 1 February 2012

သိတတ်မှုနှင့် တန်ပြန်အကျိုးရလဒ်

   ယခုတင်ပြမယ်နောင်တော်စီနီယာတစ်ယောက်ရဲ့ စကားလေးများကြားလိုက်ရလျှင် ကိုယ့်ဘ၀ရဲ့တန်ဖိုးကို ပိုသိလာသည်၊ ပိုတန်ဖိုးထားတတ်လာသည်၊ အတုယူချင်စိတ်တွေ ပြင်းပျလာသည်။ အဲ့သလောက် စကားပြောကောင်းသလို လုပ်ဆောင်မှုတွေကလည်း ကျွန်တော်တို့အတွက် စံပြဖြစ်ခဲ့ရပါတယ်။
   ကျွန်တော်တို့ပထမနှစ်ကျောင်းသာဘ၀တုန်းကပါ။ လတစ်လရဲ့ နောက်ဆုံးပါတ်တိုင်း ကျွန်တော်တို့ရဲ့စီနီယာနောက်တော်ကြီးက ကျွန်တော်တို့ကို အဲ့ဒီလအတွက် အားသာချက်တွေဘာတွေရှိတယ်၊ အားနည်းချက်တွေဘာတွေရှိတယ်ဆိုတာကို အမြဲပြောပြညွှန်ကြားနေကြပါ။ အမြဲဆုံးမစကားတွေ၊ ရှောင်သင့်တဲ့အရာတွေနဲ့ ဆောင်သင့်တဲ့အရာတွေကို အမြဲ ပြောဆိုဆုံးမ သွန်သင်ပြသနေကြပါ။ လတိုင်းကြားနေရပေမယ့် နောင်တော်ရဲ့စကားတွေက ရိုးမသွား၊ အားတွေ ပိုတိုးလာသလို ခံစားရသည်။ ကျဆင်းစ ပြုနေတဲ့ စိတ်တွေ မြင့်တတ်လာစေသည်။ ပင်ပန်းမှုတွေကို ပြေပျောက်စေသည်။ 
     ချမ်းအေးလှတဲ့ ဆောင်းလေအေးလေတွေနဲ့ နားထဲကို တန်းတန်းဝင်လာခဲ့တာကတော့ နောင်တော်စီနီယာ တစ်ယောက်ရဲ့ မိဘကျေးဇူးသိတတ်ပုံစကားလေးတွေပါ။ ကိုယ့်ညီတို့ - ကိုယ့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ သင်ခန်းစာ ယူတတ်အောင် အကိုပြောပြမယ်။ မိဘကျေးဇူးကို ဘယ်လိုသိတတ်ရမလဲဆိုတာရယ်၊ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာရယ်ပါ။ မိဘတွေကို စောင့်ရှောက်တယ်၊ ကူညီထောက်ပံ့တယ်၊ ကြွေးဟောင်းပြန်ဆပ်တယ်ဆိုတာ အင်မတန်မှ ဂုဏ်ယူစရာလည်းကောင်းတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အရာလည်း ဖြစ်တယ်။ အကိုဆိုရင် အကိုတို့ ၀န်ထမ်းဖြစ်စဘ၀က လစာနှစ်ထောင်ပဲ ရတာကွ။ အဖေနဲ့အမေကို ရတဲ့လစာထဲက ၁၀% အမြဲထောက်ပံ့ ကြွေးဟောင်းဆပ်ခဲ့တယ်။ တနေ့မှာ အကို့မှာ သေလောက်အောင်ပြင်းထန်လှတဲ့ သေနတ်ဒဏ်ရာရခဲ့တယ်။ ပြင်းပြင်းထန်ထန်ကို ရတာ။ သို့ပေမယ့်လည်း အကို မသေဘူး။ အကိုဘာကြောင့် မသေတာလဲဆိုတာ အကို့မသိစိတ်က အကိုသိလိုက်တယ်။ အဲ့ဒါက မိဘတွေကို စောင့်ရှောက်လို့ အကို့ကိုမသေအောင်လည်း တဖန်ပြန်လည် စောင့်ရှောက်တာကွ။ အကိုအခုဆိုရင် လစာနှစ်သိန်း ရတယ်။ အကို့မိဘတွေ စားနိုင်သောက်နိုင်နေနိုင်တဲ့ဘ၀ပါပဲ။ ဒါပေမယ့် အကို့အခုဝန်ထမ်းလစာရဲ့ ၁၀% (နှစ်သောင်း)ကို အကို့မိဘတွေ ထောက်ပံ့နေတုန်း၊ ကူညီနေတုန်းကွ။ ကိုယ်ရည်သွေးပြီး ကိုယ့်ညီတို့ကို ပြောနေခြင်းမဟုတ်ဘူး၊ မိဘကျေးဇူးသိတတ်ပုံက အသက်ဘေးကတောင်လွတ်နိုင်တယ်ဆိုတာ အကို့ဖြစ်ရပ်လေးနဲ့ ယှဉ်ပြောပြလိုက်တာ။  နောင်တော်ကြီးတစ်ယောက်ရဲ့ ၂၀၀၆ နှစ်လည်ကတည်းက ကြားလိုက်ရတဲ့စကား။ ကျွန်တော်အသဲနှလုံးထဲမှာ သံမှိုနဲ့ ရိုက်မထားပါဘဲ အခုထိ စွဲမြဲနေတုန်းပါ။
   ကျွန်တော်ကိုယ်တိုင်လည်း နောင်တော်ကောင်းတစ်ယောက်ရဲ့ ညီငယ်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တဲ့ စိတ်တွေ တဖွားဖွား အမြဲပေါ်နေခဲ့တာပါ။ မိဘကို ရတဲ့ချွေနဲစာလေးကနေ ၁၀% ထောက်ပံ့နိုင်အောင် ကြိုးစားမယ်ဆိုတာလည်း ဆုံးဖြတ်ထားပါတယ်။ သို့ပေမယ့် ပညာသင်နေတဲ့အရွယ် ဖြစ်တာက တစ်ကြောင်း၊ ကျန်အကြောင်းလေးတွေက တစ်ကြောင်း စသည့်အကြောင်းများကြောင့် အကောင်အထည်မဖော်နိုင်သေးပါ။ သို့အတွက်လည်း တာဝန်မကျေသေးသလို အမြဲခံစားနေမိပါတယ်။ 
   လာလည်သူအကို၊ အမတို့လည်း ကျွန်တော့်စီနီယာတစ်ယောက်ရဲ့ စကားသံလေးတွေ၊ မိဘအပေါ် ဘယ်လိုကျေးဇူးသိတတ်သလဲဆိုတာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
မှတ်ချက်။ စားသားများထဲတွင် စားဖတ်သူများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး အကို နှင့် ညီ ဆိုသော စကားလုံးများ သုံးထားမိပါသည်။ သို့ပေမယ့် ရာထူးအဆင့်တန်းချင်း ယှဉ်ပါက မိုးနဲ့မြေ ကွားခြားနေပါသဖြင့် မသုံးသင့်ပဲ သုံးလိုက်မိတဲ့အတွက် နောင်တော်တစ်ယောက် ခွင့်လွှတ်နိုင်ပါစေ။
                                                ဆက်လက်ကြိုးစားပါအုံးမည်
                                                တောင်သာခရီးသည်

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More