17:02
တောင်သာသားလေး
- မင်းရဲ့အဆင့်တွေက အပြောင်းအလဲမရှိပဲ ဆိုးရွားနေပါလား---အကြောင်းပြချက်ရောရှိလား?
- ကြောက်ရွံ့ခြင်းပါဆရာ။ ကျွန်တော်ကလေးဘ၀တုန်းက အရမ်းကိုလိမ်မာခဲ့ပါတယ်။ မိသားစုဆင်းရဲ တာကို အဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အဲ့ဒါတွေက ကျွန်တော့်ကို ကြောက်ရွံ့စေခဲ့ တာပါ။ ဒီမှာ ပြိုင်ပွဲကြီးကို တွေ့လိုက်ရတော့ ပထမ မရခဲ့ရင်ဆိုပြီး ကျွန်တော့်ရဲ့ ကြောက်ရွံ့စိတ်တွေ ပိုကြီးလာခဲ့ပါတယ်။ ကြောက်ရွံ့နေခဲ့လို့ အဆင့်တွေ မကောင်းခဲ့ပါဘူးဆရာ။ အဆောင်လက်ဖွဲ့တွေ အများကြီး ၀တ်ခဲ့ပါတယ်။ ဘုရားမှာလည်း အမြဲရှိခိုးခဲ့ပါတယ်။ ဆန္ဒတွေကို အမြဲတမ်း တောင်းခံခဲ့ပါတယ်။ အခုတော့ အဲ့လိုမတွေးတော့ပါဘူး။ ကြောက်ရွံ့စိတ်တွေ ကင်းကင်းနဲ့ပဲ ကြိုးစားလုပ်ဆောင်သွားမှာပါ။ ကျွန်တော့်ဘ၀နဲ့ သင့်တော်တဲ့ အလုပ်တခုကို ကြိုးစားပြီး လုပ်သွားမှာပါ။ (ကြောက်ရွံ့ခြင်းက အောင်မြင်မှုကို အဝေးဆုံးညွှန်ပြတဲ့ ညွှန်တံတစ်ခုလိုပဲ)
13:56
တောင်သာသားလေး
တောင်သာသားလေး ပညာသင်နေတဲ့ ကျောင်းလေးမှာ Miss 2012 ရွေးချယ်ပွဲလေး ပွဲလက်မှတ် လက်ဆောင်ရလို့ သွားရောက် အားပေးခဲ့ပါသေးတယ်။ စုစုပေါင်း ကျောင်းသူ(၈)ယောက် ပြိုင်တဲ့အထဲကနေ ပထမရတဲ့ Miss ကျောင်းသူလေးရဲ့ talent ပြကွက်လေးပဲ ရှယ်ပေးလိုက်ပါတယ်။
02:14
တောင်သာသားလေး
အခုလိုဘ၀မျိုး မကြုံရပါစေနဲ့လို့ပဲ အမြဲဆုတောင်းနေမိပါတယ်
14:12
တောင်သာသားလေး
တောင်သာသားလေးတစ်ယောက် အိမ်စာတွေရေးနေရင်းနဲ့ facebook ထဲက စာပေဟောပြောပွဲလေး နားထောင်နေမိပါတယ်။ ဦးဘုန်းပြောတဲ့ စာပေဟောပြောပွဲလေးပါ။ မိမိနိုင်ငံသူ၊ နိုင်ငံသားတွေကို စာဖတ်စေချင်တဲ့ ဆန္ဒနဲ့ ဟောပြောနေတာလေးပါ။ တောင်သာလေးကတော့ အဲ့ဒီအထဲကပဲ ပြန်လည်ဝေငှပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ စာဖတ်နည်း(၃)မျိုးရှိပြီး ၄င်းတို့မှာတော့ မျက်လုံးဖြင့်စာဖတ်ခြင်း၊ နားဖြင့်စာဖတ်ခြင်း၊ ခြေထောက်ဖြင့်စာဖတ်ခြင်းတို့ ဖြစ်တယ်ဆိုတာ နားထောင်လိုက်ရပါတယ်။ တောင်သာသားလေးရဲ့ကိုယ်တွေ့လေးတွေနဲ့ နှိုင်းယှဉ်သုံးသပ် ပါရစေ။
မျက်လုံးဖြင့်စာဖတ်တာကတော့ ပုံမှန်စာဖတ်သလိုပါပဲ။ တောင်သာသားလေး စကားတစ်ခုကြားဖူးပါတယ်။ စာဖတ်တိုင်း သမ္မတ မဖြစ်ပေမယ့်၊ သမ္မတတိုင်းကတော့ စာဖတ်ရမယ် တဲ့။
နားဖြင့်စာဖတ်တယ်ဆိုတာကတော့ စာပေဟောပြောပွဲနားထောင်တာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးဆရာများရဲ့ ဘ၀နဲ့ရင်းထားရတဲ့ အကြောင်းအရာတွေကို နားနဲ့နားထောင်လိုက်ရုံဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ ရနိုင်ပါတယ်။ ဒီနေရာမှာလည်း တောင်သာသာလေးတို့ နောင်တော်အကိုတစ်ယောက် မကြာမကြာပြောဖူးတဲ့ စကားလေးတစ်ခွန်း လက်ဆောင်ပေးပါရစေ။ သူများရဲ့အမှားတွေကနေ သင်ခန်းစာယူပါတဲ့၊ ကိုယ်တိုင်မှားမှ ရတဲ့ သင်ခန်းစားတွေက ခါးသီးလွန်းတယ် တဲ့။
ခြေထောက်ဖြင့်စာဖတ်ခြင်းဆိုတာ ခရီးသွားခြင်းကရလာတဲ့ ဗဟုသုတတွေပါပဲ။ ခရီးသွားခြင်းဟာ အကောင်းဆုံး စာဖတ်ခြင်းပါပဲ။ ဥပမာ လွယ်လွယ်ရှင်းရှင်းပဲပြောပါရစေ။ တောင်သာသားလေးဆိုရင် အသက်(၁၅)နှစ်လောက်ထိ တောရွာသေးသေးလေးမှာပဲ ကြီးပြင်းခဲ့ရတာပါ။ တောရွာလေးအ၀န်းအ၀ိုင်းလောက်ပဲ ဗဟုသုတတွေ ရခဲ့တာပေါ့။ မွေးရပ်ဇာတိ တောရွာလေးကို စော်ကားနေခြင်းမဟုတ်ပါ။ ခရီးသွားခြင်းက ပိုမိုဗဟုသတ ရနိုင်တယ်ဆိုတာကို မြင်သာအောင် ပြောပြနေခြင်းပါ။ အသက်(၁၆)နှစ်လောက်မှာတော့ မြို့တစ်မြို့ကို ကျောင်းသွားတတ်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ မြို့တစ်မြို့နဲ့ဆိုင်တဲ့ ဗဟုသုတတွေ ရလာတာကို ခံစားရပါတယ်။ လောကကြီးအကြောင်းကို မြို့တစ်မြို့စာလောက် သိရှိလာခဲ့ပါတယ်။ အသက်(၂၀)လောက်မှာတော့ နိုင်ငံတော်ကနေ ပညာတော်သင် စေလွှတ်လိုက်လို့ တခြားတိုင်ပြည်တစ်ခုမှာ နေရတဲ့အချိန်မှာတော့ နိုင်ငံရပ်ခြား ဗဟုသုတတွေ ရလာတာကို ခံစားနေရပါပြီ။ အခြားတိုင်းပြည်ကနေ မိခင်တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတာတွေကို နှိုင်းယှဉ်လေ့လာနိုင်ပြီပေါ့။ တခြားတိုင်းပြည်ရောက်မှ မိမိချစ်တဲ့မိခင်နိုင်ငံဟာ အတော်ကြီးနောက်ကျနေတာကို တွေ့ရပါတယ်။ တခြားဖွံ့ဖြိုးတဲ့ နိုင်ငံက လူတွေနဲ့ မိမိနိုင်ငံက လူတွေ လူနေမှုစနစ်၊ ပညာရေးစနစ် အစစအရာရာ တော်တော်များများ နောက်မှာ နေခဲ့ရပါပြီ။ ဒါတွေက စာဖတ်ခြင်းက ရလာတဲ့ ဗဟုသုတတွေပါပဲ။ မိမိတို့ခံစားနေရတဲ့ ခါးသီးတဲ့အရသာတွေကို နောင်လာနောက်သားတွေ ရင်မဆိုင်စေချင်တော့တာတော့ အမှန်ပါ။
ဒီနေရာမှာ တောင်သာသားလေးတစ်ယောက်ကရော ဘယ်လောက်များ တတ်သိနားလည်နေလဲလို့ ထင်နေမှာလည်း ဆိုးပါတယ်။ မတတ်သေးပါဘူး၊ မသိသေးပါဘူး။ တတ်ဖို့၊ သိဖို့ စာသင်နေတုန်း၊ စာတွေဖတ်နေတုန်းပဲ ရှိပါသေးတယ်။ တောင်သာသားလေးတို့ခေတ်မှာ ၅၀ % နှုန်း နောက်ကျနေရင်၊ နောက်(၁၀)စုနှစ်မှာ ၂၀ % နှုန်း၊ နောက် ရာစုနှစ်မှာ ရင်ဘောင်တန်းနိုင်အောင် တောင်သာသားလေးတို့မှာ တာဝန်တွေ အများကြီးရှိပါတယ်။ စာတွေအများကြီး ဖတ်ဖို့လိုပါတယ်။ နောင်လာနောက်သားတွေ ဗဟုသုတတွေကြွယ်ဝဖို့၊ စာတွေအများကြီးဖတ်ဖို့၊ ခေတ်မီနေတဲ့နိုင်ငံကြီးတွေကနေ ကောင်းတဲ့အချက်တွေ အတုယူနိုင်ဖို့၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ တောင်သာသားလေးတို့ကိုယ်တိုင် စာဖတ်ကြပါဆို့လို့ နှိုးဆော်ရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
19:44
တောင်သာသားလေး
အလည်လာသူ အကို၊ အမများကလည်း ထင်နေပါလိမ့်မယ်။ တောင်သာသားလေးတစ်ယောက် ဘယ်များ ပျောက်သွားပါလဲပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းပြန်ဖွင့်ကတည်းက အလုပ်တွေနဲ့ နပမ်းပွဲ ဆင်နွှဲနေ လိုက်ရတာ။ ကိုယ်ကအပေါ်ကရောက်လိုက်၊ အော်မကြာပါဘူး အလုပ်က အပေါ်ကရောက်လိုက်နဲ့ပေါ့။ အခုတော့ ကိုယ်က အလုပ်ကို ခွစီးထားနိုင်တုန်းလေးမို့ ပြန်လည်ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ ခေါင်းစဉ်လေးကို တော့ မိမိကိုယ်ကိုယုံကြည်မှုနှင့် ၄င်း၏အကျိုးဆက်များ လို့ အမည်ပေးထားပါတယ်။
တောင်သာသားလေးတစ်ယောက် လူတွေအများကြီးထဲမှာ မနေတတ်တာလား၊ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်မြတ်နိုးတာလား၊ ဆူဆူညံညံ ပျော်ပွဲရွှင်ပွဲတွေကို ရှောင်တတ်တဲ့အကျင့်တွေကြောင့်လားတော့ မသိ။ Miss ရွေးပွဲတွေ အခုအသက်အရွယ်ထိ တစ်ခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့်လည်း ဟိုတနေ့ကတော့ တောင်သာသားလေး ပညာသင်နေတဲ့ကျောင်းမှာ Miss ရွေးချယ်ပွဲလေး ကျင်းပတာကို နောင်တော်အကိုများရဲ့ စည်းရုံးရေးကောင်းမှု၊ ၀င်းကြေးလက်မှတ် Free ရမှုတွေကြောင့် အဲ့ဒီပွဲလေးကို ရောက်သွားခဲ့ပါတယ်။
ဒီပွဲလေးကို အကြမ်းဖျဉ်းလေး ပြောပြရရင် အဆင့်(၃)ဆင့်နဲ့ ရွေးချယ်တာကိုတွေ့ရပါတယ်။ ပထမအဆင့်မှာ တစ်ယောက်ချင်းစီရဲ့ အနုပညာအရည်းအချင်း(talent)တွေနဲ့ အမှတ်ပေးပါတယ်။ ဒုတိယအဆင့်မှာတော့ ၀တ်စားဆင်ယင်မှု၊ ရုပ်ဆင်းလှပမှု၊ အချိုးအဆစ်ပြေပြစ်မှု၊ အသွားအလာ၊ စတာတွေကြည့်ပြီးအမှတ်ပေးနေတာကို တွေ့ရပါတယ်။ တတိယအဆင့်အနေနဲ့ကတော့ အထွေအထွေ ဗဟုသုတ(general knowledge) ကြွယ်ဝမှုကို ကြည့်ပြီးတော့ အဆင့်သတ်မှတ်ပေးနေတာကို တွေ့မြင်နေရပါတယ်။ ပွဲလေးကတော့ ဒီလောက်လေးပါပဲ။
သို့ပေမယ့်လည်း တောင်သာသားလေးတစ်ယောက်ရေးမယ့် မိမိကိုယ်ကိုယုံကြည်မှုနှင့် ၄င်း၏အကျိုးဆက်များ နဲ့ဆိုင်တဲ့ အတုယူဖွယ် လုပ်ဆောင်မှုတွေကတော့ အခုမှ စတင်မှာပါ။ အမိမြေက ကျောင်းသားတွေနဲ့ ဒီနိုင်ငံကကျောင်းသားတွေ မတူတာတွေလေး တွေ့နေရပါပြီ။ အခု Miss ရွေးချယ်ပွဲကြီးအတွက် အောက်ခြေသိမ်း မီးအလင်းအမှောင်ထိုးတာကစပြီး ပွဲ စီစဉ်သူကြီးကြပ်သူ၊ ရွေးချယ်ရေး ဒိုင်တွေကအစ အားလုံး ကျောင်းသား ကျောင်းသူတွေ ဖြစ်နေတာပါပဲ။ သက်ဆိုင်ရာဌာနမှူးတွေကတော့ ကြည့်နေရုံသက်သက်နဲ့ လိုအပ်တဲ့ဟာတွေကို support လုပ်ပေးနေရုံပါပဲ။ မချီးမွမ်းပဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
သူတို့တွေ ဘာဖြစ်လို့ဒီလိုစွမ်းဆောင်နိုင်တာလဲလို့ မေးလာခဲ့ရင် တောင်သာသားလေး ကြားကနေ သုံးသပ်ချက်အဖြေလေးပေးချင်မိပါတယ်။ သူတို့ကျောင်းသားတွေက မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်ကြတဲ့အချိန်မှာ နောက်က ရလာမယ့်အကျိုးဆက်တွေကိုလည်း သူတို့ရဲရဲဝံ့ဝံ့ ခံစားရဲတယ်။ ပထမတခါနှစ်ခါလောက်မှာတော့ အမှားကင်းချင်မှ ကင်းပါလိမ့်မယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အမှားအနည်းဆုံးအလုပ်တစ်ခုကို မိမိကိုယ်ပိုင်စွမ်းဆောင်မှုနဲ့ ဆောင်ရွက်နိုင်ပြီပေါ့။
ကျောင်းသားဘ၀ကတည်းက အလုပ်တစ်ခုကို ယုံကြည်မှုအပြည့်နဲ့ လုပ်လာတဲ့အတွက် ကျောင်းပြီးလို့ အလုပ်ခွင်ဝင်ကြတဲ့အချိန်မှာလည်း သူတို့လေးတွေဟာ အခက်အခဲမရှိ၊ ဆုံးဖြတ်ချက် မှန်ကန်စွာနဲ့ စွမ်းဆောင်နိုင်ကြမှာပါ။ အမိမြေကကျောင်းသူကျောင်းသားတွေလည်း အခုလို မိမိကိုယ်ကိုယုံကြည်မှုရှိစေချင်တဲ့၊ ဆုံးဖြတ်ချက်ရဲရဲဝံ့ဝံ့ချနိုင်တဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်စေချင်စမ်းပါဘိ။ Miss ရွေးချယ်ပွဲကြည့်ရှုရင်းနဲ့ တောင်သာသားလေးတစ်ယောက် မေးကလေးထောက်၊ မျက်လုံးလေးပြူးပြီး ခုံလေးပေါ်မှာထိုင်နေရင်း တပိုင်းတစအတွေးများကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်