ဒီနေ့တော့ အလည်လာတဲ့ အကို၊ အမများအတွက် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် ဆိုတဲ့ပို့စ်လေး တတ်သလောက်လေးနဲ့ မှတ်သလောက်လေး ပေါင်းပြီး လက်ဆောင်ပေးလိုပါတယ်။ ဒီပို့စ်လေးရေးဖြစ်တဲ့ ရည်ရွယ်ချက်လေးက တောင်သာသားလေးတို့ ဒီည(၁၁)နာရီလောက်မှာ ဘုရားခန်းမှာ နောင်တော်အကိုတစ်ယောက်က ပရိုဂရမ်သင်ပေးနေတုန်း မနက်ဖြန်မှာ စာမေးပွဲဖြေကြမယ့် ညီငယ်တွေကို အားပေးစကားတွေ ပြောနေတဲ့အချိန်လေး ရှေးဖြစ်နှောင်းဖြစ်တွေ ပြောဖြစ်ခဲ့ပါတယ်။ အတုယူတတ်အောင် လမ်းညွှန်နေတာပါ။ ဒီအချိန်မှာ နောင်တော်အကိုပြောတဲ့ စကာလေးတစ်ခွန်းကြောင့် ရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတဲ့ စကာလေးတစ်ခွန်းရှိပါတယ်။ စကားလေးကတော့ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားနိုင် တဲ့။ တောင်သာသားလေး ခံစားလိုက်ရတဲ့အကြောင်းကတော့ တောင်သာသားလေးကိုယ်တိုင် သစ်တစ်ပင်ကောင်း မဖြစ်သေးလို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အချိန်တွေ အလဟသ ကုန်ခဲ့ရသလို အဲ့ဒီကုန်ခဲ့တဲ့အချိန်တွေကို ပြန်တွေးမိရင်း နင့်ခနဲနေအောင် ခံစားလိုက်ရတာပါ။ အဲ့ဒါကြောင့် ဒီပို့စ်လေးကို မအားတဲ့ကြားက ရေးဖြစ်သွားတာပါ။
တောင်သာသားလေး အိမ်တစ်အိမ်ရဲ့စားဝတ်နေရေးလေးနဲ့ယှဉ်ပြီး စဉ်းစားကြည့်ပါတယ်။ ဟုတ်တော့ဟုတ်တယ်ဗျ။ အိမ်တစ်အိမ်မှာ ဖခင် ဒါမှမဟုတ် မိခင်တစ်ယောက်ကသာ ၀င်ငွေကောင်းတဲ့အလုပ်တစ်ခု၊ နေရာကောင်းတစ်ခုမှာသာ ရပ်တည်နေပြီဆိုရင် ကျန်တဲ့မိသားစုဝင်တွေလည်း အဆင်ပြေစွာ၊ ချောမွေ့စွာ ခရီးဆက်နိုင်တယ်။ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။
တောင်သာသားလေး ဖတ်ဖူးတဲ့ စာအုပ်လေးထဲက ဇာတ်ကောင်လေးနဲ့လည်း ယှဉ်ပြချင်ပါသေးတယ်။ စာအုပ်နာမည်တော့ မမှတ်မိတော့ပါဘူး။ အသက်အရွယ်ရနေတဲ့အဘိုးအိုတစ်ယောက်ဟာ ပန်းတိုင်တစ်ခုကို ခရီးနှင်နေရင်း လမ်းခရီးမှာ မမျှော်လင့်ပါပဲ ရေစီးသန်တဲ့ စမ်းချောင်းမကျယ်တကျယ်လေး တွေ့လိုက်ပါတယ်။ အဲ့ဒီစမ်းချောင်းလေးကို ဖြတ်လိုက်ရတဲ့အဘိုးအိုဟာ လိုရာခရီးကိုရောက်ဖို့ အတော်လေးအချိန်ကုန်ခဲ့ပေမယ့် ခက်ခက်ခဲခဲဖြတ်သန်းရင်း ဟိုတဖက်ကမ်းကို ရောက်သွားခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာ အဘိုးအိုတစ်ယောက် စဉ်းစားခန်းဝင်မိနေတာကတော့ ငါ ဒီစမ်းချောင်းလေးကို ဖြတ်ဖို့ အချိန်တွေအများကြီး ကုန်ခဲ့တယ်၊ အားတွေလည်း အများကြီးကုန်ခဲ့တယ်ပေါ့။ ငါ တံတားတစ်ခုသာ တည်ဆောက်နိုင်မယ်ဆိုရင် နောင်လာနောက်သားတွေအတွက် အလွန်မတန်မှ တန်ဖိုးရှိတဲ့အချိန်တွေကုန်တာ သက်သာမယ်၊ လိုရာခရီးကိုလည်း အလျင်အမြန်ရောက်မယ်ပေါ့။ ဒီတော့ အဘိုးအိုတစ်ယောက် ဆုံးဖြတ်ချက်ချပြီးပြီးချင်း တံတားကို စတင် လုပ်ဆောင်နေပါပြီ။ ဒီအချိန်မှာ လူတစ်ယောက်က အဘိုးကို မေးပါတယ်တဲ့။ အဘိုး အသက်အရွယ်ကြီးနေပါပြီ တဲ့။ လိုရာပန်းတိုင်ကို ရောက်ဖို့ ရှေ့ဆက်သွားရင် ရောက်နိုင်ရသေးရဲ့သားနဲ့ အချိန်အကုန်ခံပြီး တံတားကို ဘာလို့ တည်ဆောက်နေတာလဲ ပေါ့။ အဘိုးပြန်ဖြေတာကတော့ ငါ့လိုပဲ ခရီးနှင်လာတဲ့ ကောင်လေးတစ်ယောက် အိမ်ကထွက်နေလောက်ပြီတဲ့။ ငါ့လို ဒီစမ်းချောင်းလေးအရောက်မှာ အချိန်မကုန်၊ ခရီးမနှောင့်နှေးပါပဲ ရှေ့ဆက်သွားနိုင်အောင်ရယ်၊ နောက်လာနောက်သားတွေ အဆင်ပြေပြေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ကျော်လွှားနိုင်အောင်လို့ ပါ တဲ့။ ဘယ်လောက် လေးစားဖို့ကောင်းတဲ့ အဘိုးအိုပါလဲ။ အဘိုးအိုတစ်ယောက်ကောင်းမှုကြောင့် နောင်လာနောက်သားတစ်သောင်းမကဘူးဘူး သိန်းသန်းပေါင်းများစွာ စိတ်ချမ်းသာစွာ ကျော်လွှားနိုင်ပြီပေါ့။
ဒီပို့စ်လေးကို ဖတ်ရင်း နောင်လာနောက်သားတွေ အတွက် (ကြီးကြီးပြောမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက်) ကိုယ်စွမ်းဆောင်နိုင်တဲ့အပိုင်းက လုပ်ဆောင်ပေးမယ်ဆိုရင် တစ်သောင်းမက တစ်သန်းမက စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နေနိုင်(နားနိုင်)လာမှာပါ။ လုပ်ဆောင်ချင်တဲ့ အတွေးစိတ်လေး တမျှင်စာလောက် ၀င်သွားတယ်ဆိုရင်ပဲ ရေးရကျိုးလေးနပ်ပါပြီလို့ ပြောပါရစေ။
ဆက်လက်ကြိုးစားပါအုံးမယ်
တောင်သာခရီးသည်
0 comments:
Post a Comment