ကမ္ဘာ့အကောင်းဆုံး ပညာရေး၏ လျှို့ဝှက်ချက်
၂၀၀၆ ခုနှစ်မှာ ဖွံဖြိုးပြီးနိုင်ငံအားလုံးက ၁၅ နှစ်အရွယ်
ကျောင်းသားတွေကို ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံများ အဖွဲ့ OECD က Programme
for International Student Assessment (PISA) လို့ခေါ်တဲ့ နိုင်ငံတကာ
ကျောင်းသား အကဲဖြတ်အစီအစဉ်အရ စာမေးပွဲတွေ စစ်ခဲ့တဲ့အခါ ဖင်လန်နိုင်ငံက
ကျောင်းသားတွေဟာ သိပ္ပံနဲ့ စာပေပညာမှာ အမြင့်ဆုံးအမှတ်တွေ ရခဲ့ပါတယ်။
သင်္ချာမှာတော့ ဖင်လန် ကျောင်းသားတွေက ဒုတိယရပြီး တောင်ကိုးရီးယား
ကျောင်းသားတွေက ပထမစွဲခဲ့ပါတယ်။ အရင်နှစ်တွေက စာမေးပွဲတွေမှာလည်း ဖင်လန်က
ထိပ်မှာ ရှိခဲ့ပါတယ်။
တောင်ကိုးရီးယားမှာဆိုရင် တနေ့တာစာသင်ချိန် ရှည်လျားလွန်းပြီး
စာသင်ကြားရေးစနစ်ကလည်း တင်းကြပ် လှပါတယ်။ အမေရိကန်မှာတော့
ပညာရေးဟာဈေးကြီးလွန်းလို့ ပညာသိပ်ကြီးမတတ်လည်း ကိစ္စမရှိဘူး ဆိုတဲ့
အတွေးအခေါ် ဖြစ်နေပါတယ်။
ဖင်လန်နိုင်ငံပညာရေးရဲ့ အခြေခံဒဿနကတော့ ကျောင်းသားတိုင်းဟာ တခုခုကို
စွမ်းဆောင်နိုင်တယ်၊ ဘာသာရပ်တချို့မှာ အခက်အခဲရှိတဲ့ အတွက်ကြောင့်တော့
နောက်ချန် မထားသင့်ဘူး ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရပ်တိုင်းမှာ
ပင်မသင်ကြားရေး ဆရာ/ဆရာမအပြင် အပိုဆောင်း ဆရာ/ဆရာမတယောက်လည်း ထားပေး တယ်။
အဲဒီ အပိုဆောင်းဆရာက ဒီဘာသာရပ်မှာ အခက်အခဲတွေ့နေတဲ့ကျောင်းသားတွေကို
ကူညီသင်ကြားပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေကို စာတော် စာညံ့
မခွဲဘဲ တခန်းထဲမှာဘဲ ထားပါတယ်။ တော်သူတွေ အေခန်း၊ သိတ် မတော်သူတွေ
ဘီခန်း၊ စာညံ့သူတွေ စီခန်း ခွဲတာမျိုးမလုပ်ပါဘူး။
ဖင်လန်ပညာရေးဝန်ကြီး ဟင်နာဗာ့က်ကူနင် က "ဖင်လန်ပညာရေးစနစ်က
စာသင်ယူမှုအခက်အခဲရှိတဲ့ ကျောင်းသားတွေကို တအားထောက်ကူပေးတယ်။ ဒါပေမဲ့
အင်မတန်ပါရမီရှိပြီး ထက်မြက်ထူးချွန်တဲ့ကလေးတွေကို ပိုဂရုစိုက်
မြေတောင်မြှောက်ပေးဖို့ လိုသေးတယ်။ အခု ကျမတို့ဟာ အဲသလို
ထိပ်တန်းပါရမီရှင်လေးတွေကို အားပေး ဖို့ စီမံချက်တခုစမ်းသပ်နေတယ်" လို့
ပြောပါတယ်။
OECD ရဲ့ လေ့လာချက်အရ ဖင်လန်ကလေးတွေဟာ ဖွံ့ဖြိုးပြီးကမ္ဘာမှာ
တနေ့တာစာသင်ချိန် အနည်းဆုံး ဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒါဟာ
ဖင်လန်ပညာရေးရဲ့ ထူးခြားချက်ဖြစ်နေပါတယ်။ ဒါ့အပြင် ဖင်လန်မှာ မူလတန်း
ကျောင်းနဲ့ မူလတန်းလွန် (အလယ်တန်း/အထက်တန်း) ကျောင်း
သီးသန့်မခွဲထားပါဘူး။ ဒါကြောင့် ကျောင်းသားတွေ ဟာ ကျောင်းစနေကတည်းက
တက္ကသိုလ်မရောက်မချင်း ဒီကျောင်းတကျောင်းတည်းမှာဘဲ တက်ရပါတယ်။ တခြား
နိုင်ငံတွေမှာတော့ အသက် ၁၃ နှစ်လောက်မှာ မူလတန်းကျောင်းပြီးဆုံးပြီး
အလယ်တန်း/အထက်တန်းကျောင်းကို ပြောင်းတက်ရပါတယ်။ ကျောင်းမပြောင်းရတဲ့အတွက်
ကျောင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး ပေါင်းသင်း
ဆက်ဆံရေးဆိုင်ရာ အဆက်ပြတ် ကမောက်ကမဖြစ်မှုကို မကြုံရတော့ပါဘူး။
ကျောင်းသားတွေကို စာသင်ခန်းတခန်းတည်းမှာဘဲ နှစ်ပေါင်းများစွာ
ဆက်တိုက်ထားတာဟာ ကျောင်းဆရာ အလုပ်ကို အများကြီးလွယ်သွားစေတယ်လို့ ဆရာမ
မာယန်းနာဟေ့ကင်နင် ကပြောပါတယ်။ "ကလေးတွေနဲအတူ လိုက်ကြီးပြင်းရတာကို ကျမ
သဘောကျတယ်။ သူတို့ငယ်ငယ်တုံးက ကြုံခဲ့ရတဲ့ပြဿနာတွေကို ကျမတွေ့ခဲ့တယ်။ အခု
ငါးနှစ်လောက်ကြာပြီးတဲ့အခါမှာလည်း သူတို့လူငယ်ဘဝမှာ ဖြစ်ပျက်တာတွေကို ကျမ
တွေ့နေရသေးတယ်။ သူတို့ ဘာတွေအကောင်းဆုံးလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး
ဆိုတာ ကျမသိလာတယ်။ ကျမက သူတို့အတွက် ကျောင်း ကအမေလို ဖြစ်နေတယ်။"
ဖင်လန်နိုင်ငံမှာ ကလေးတွေဟာ ၇ နှစ်ပြည့်မှ ကျောင်းစတက်ရပါတယ်။ ၇
နှစ်မပြည့်ခင်တော့ မူကြိုဘဲ တက်ရပါတယ်။ အခုလို ကျောင်းထားနောက်ကျခြင်းရဲ့
အခြေခံအတွေးအခေါ်ကတော့ ကလေးတွေဟာ ၇ နှစ်မပြည့်ခင်မှာဆိုရင်
ဆော့ကစားရင်းသင်ယူတာ အကောင်းဆုံးဖြစ်တယ်၊ ၇ နှစ်နောက်ပိုင်းမှာတော့
ကျောင်းတက် ပြီး သင်ယူဖို့ စိတ်အားထက်သန်တယ် ဆိုတဲ့အယူအဆဖြစ်ပါတယ်။
ဖင်လန်ပညာရေးမှာ မိဘတွေရဲ့အခန်းကဏ္ဍကလည်း အရေးပါတယ်လို့ ဆိုပါတယ်။ ကလေးတွေ
အိမ်ပြန် ရောက်ရင် မိဘတွေက အတူ စာလုပ်တာ၊ စာကျက်တာလုပ်သလို ဆရာတွေနဲ့
ပုံမှန်ဆက်သွယ်ညှိနှိုင်းတိုင်ပင်တာ လည်း လုပ်ကြပါတယ်။
ဖင်လန်နိုင်ငံမှာ ကျောင်းဆရာအလုပ်ဟာ အင်မတန်ဂုဏ်ရှိတဲ့အလုပ်လည်း
ဖြစ်ပါတယ်။ ကျောင်းဆရာ/ ဆရာမတွေကို အင်မတန်တန်ဖိုးထား အလေးပေးကြပြီး
သင်ကြားရေးအဆင့်အတန်းကလည်း မြင့်ပါတယ်။ ကျောင်း သားတွေကလည်း
အေးဆေးလွတ်လပ်တဲ့ပတ်ဝန်းကျင်မှာ စာသင်နိုင်ကြပါတယ်။ ကျောင်းတွေအပေါ်
မလိုအပ်တဲ့ နိုင်ငံရေးချုပ်ကိုင်မှု၊ စီးပွားရေးချုပ်ကိုင်မှု၊ ဘာသာရေး
လူမှုရေးချုပ်ကိုင်မှုတွေ မရှိစေပါဘူး။
ဒါ့အပြင် ဖင်လန်နိုင်ငံမှာ ဖင်လန်လူမျိုးဘဲ အဓိကရှိတဲ့အတွက်
ကျောင်းစတက်ကတည်းက မိခင်ဘာသာ စကားနဲ့ဘဲ တောက်လျှောက်
အခက်အခဲမရှိသင်ကြားနိုင်တာလည်း အားသာချက်တခုဖြစ်ပါတယ်။ ကျောင်းသားတွေ ဟာ
မိခင်ဘာသာစကားမဟုတ်တဲ့ ဘာသာစကားနဲ့ ပညာသင်ရရင် ကျောင်းသားတွေရဲ့အရည်အသွေး
နိမ့်ကျနိုင် တယ်လို့ ဆိုပါတယ်။
အထက်ဖော်ပြပါအချက်တွေကြောင့် ကမ္ဘာ့ထိပ်တန်း နိုကီယာ ဖုံး ထုတ်လုပ်တဲ့
ဖင်လန်နိုင်ငံရဲ့ ပညာရေးဟာ ကမ္ဘာမှာ နံပတ် ၁ ဖြစ်နေတာလို့ ပညာရေးပါရဂူတွေက
ကောက်ချက်ချကြပါတယ်။ ရည်ညွှန်း။ BBC ၇ ရက် ဧပြီလ ၂၀၁၀
ဆရာတွေကို ကောင်းကောင်းသင်ပေးပါ
အမေရိကန်ပညာရေးဝန်ကြီး အာနီဒန်ကန်က ကျောင်းဆရာတွေရွေးချယ်ခန့်အပ်ပုံနဲ့
ကျောင်းဆရာတွေကို လေ့ကျင့်သင်ကြားပုံတွေနဲ့ ပတ်သက်လို့
အကြီးအကျယ်အပြောင်းအလဲတွေလုပ်ဖို့ မကြာခင်ကဘဲ နှိုးဆော်လိုက်ပါ တယ်။
ကျောင်းကောင်းတွေဖြစ်ဖို့ ဆရာကောင်းတွေအများကြီး မွေးထုတ်ဖို့လိုပါတယ်။
ဆရာကောင်းတွေဖြစ်ဖို့ ထက်မြက်ထူးချွန်ပြီး စေတနာအပြည့်ရှိတဲ့လူတွေကို
ဆရာဖြစ်သင်တန်းအစီအစဉ်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့၊ သင်ကြားရေးအတတ်ပညာ
သဘောတရားနဲ့လက်တွေ့ကို သေသေချာချာသင်ကြားလေ့ကျင့်ပေးဖို့ လိုပါတယ်။
အမေရိကန်ပြည်ထောင်စုက အကောင်းဆုံးတက္ကသိုလ်တွေဟာ ယေဘုယျအားဖြင့်
ပညာရေးနယ်ပယ်ကို နှိမ်ချတဲ့အကြည့်နဲ့ ကြည့်လေ့ရှိကြပါတယ်။
ပညာတတ်ချင်းအတူတူ ပညာရေးသမားတွေက နိမ့်ကျသလိုလို သဘော ထားကြပါတယ်။
ဒါရဲ့အကျိုးဆက်ကတော့ အကောင်းဆုံးကျောင်းသားတွေဟာ ပညာရေးကို
လုံးလုံးစိတ်မဝင်စားတဲ့ ကောလိပ်တွေ ရောက်သွားကြသလို
အတော်ဆုံးပါမောက္ခတွေကလည်း ကျောင်းဆရာလုပ်ချင်တဲ့ကျောင်းသားတွေနဲ့
မဆက်စပ်မိဘဲ ဖြစ်နေပါတယ်။ တနည်းအားဖြင့်ပြောရရင်
နှိုင်းယှဉ်ချက်အရခပ်ညံ့ညံ့ကျောင်းသားတွေဟာ ပညာပိုင်း အရ
ခပ်ပျော့ပျော့အစီအစဉ်တွေဘဲရှိတဲ့ နေရာတွေမှာ ကျောင်းဆရာဖြစ် သင်နေရပါတယ်။
ဒါကြောင့် ပထမဆုံးလုပ်ရမယ့်ခြေလှမ်းက အကောင်းဆုံးတက္ကသိုလ်ကောလိပ်တွေကို
ပညာရေးလုပ်ငန်းထဲ ဆွဲသွင်းဖို့ဖြစ်ပါတယ်။ ပလေးတိုး၊ ဂျွန်ဒူးဝီ၊
ဝီလီယံဂျိမ်း တို့လို ခေါမခေတ်နဲ့ ၁၉ ရာစုက နာမည်ကျော်ပညာရှင်ကြီး
တွေကတောင် ပညာရေးကို အလေးထားကိုင်တွယ်ခဲ့ရင် ဘာကြောင့် ၂၁
ရာစုကပါမောက္ခတွေက ပညာရေးကို ဂရု မစိုက်ဘဲ နေရမှာလဲ။
ဆရာဖြစ်လုပ်ငန်းအတွက် ဆရာရွေးချယ်ရာမှာလည်း စိစစ်ဖို့လိုပါတယ်။
တက္ကသိုလ်ဝင်ခွင့် သို့မဟုတ် တက္ကသိုလ်ဘွဲ့စာမေးပွဲရမှတ် ပျမ်းမျှအားဖြင့်
အနည်းဆုံး ၃.၅ ရှိရမယ်။ တခြားလိုအပ်တဲ့အရည်အချင်းသတ်မှတ်ချက် တွေလည်း
မြှင့်ထားရပါမယ်။ ဒါပေမဲ့ ဆရာဖြစ်သင်တန်းဟာ အခမဲ့ဖြစ်သင့်ပါတယ်၊
သင်တန်းဆင်းပြီး အစိုးရကျောင်း မှာ အလုပ်လုပ်တဲ့ ပထမဆုံး ၃ နှစ်ကိုလည်း
(လခအပြင်) စတိုင်ပင်ပေးသင့်ပါတယ်။
ဆရာဖြစ်သင်တန်းတက်မယ့် ဘွဲ့ရကျောင်းသားတွေ ရွေးချယ်ပြီးရင်တော့
ဆရာဖြစ်သင်တန်း ကောင်း ကောင်း ပေးဖို့လိုပါတယ်။ အများအားဖြင့်
ဆရာလောင်းလျာတွေဟာ သင်ကြားရေးဆိုင်ရာ အထူးဘာသာရပ်တွေ လေ့လာရ၊
သင်ခန်းစာတွေ အစီအစဉ်ဆွဲပုံဆွဲနည်းတွေ သင်ယူရပါတယ်။ ဒီပညာတွေဟာ
အသုံးကျပေမဲ့ အလား အလာရှိတဲ့ ဆရာလောင်းကျောင်းသားကို ဆရာကောင်းဖြစ်အောင်
မပြောင်းလဲပေးနိုင်ပါဘူး။
ဒါကြောင့် ဆရာကောင်းဖြစ်ဖို့ဆိုရင် ပထမအချက်က ဆရာလောင်းတွေဟာ ကိုယ်
ဆရာဖြစ်တဲ့အခါ သင်ပေး ဖို့ရည်ရွယ်ထားတဲ့ ဘာသာရပ်ကို
ထူးချွန်တဲ့ပါမောက္ခတွေနဲ့ ဆက်လက်လေ့လာသင်ယူသင့်ပါတယ်။ ကိုယ် အရင်က
တက္ကသိုလ်ကောလိပ်မှာ သင်ယူလေ့လာခဲ့၊ ဆရာဖြစ်တဲ့အခါ ကျောင်းသားတွေကို
သင်ပေးဖို့ရည်ရွယ်ထားတဲ့ ဘာသာရပ်ကို လေ့လာမှု ရပ်ဆိုင်းလိုက်တာဟာ
ဘာမှအဓိပ္ပာယ်မရှိပါဘူး။ ဘယ်လိုသင်ရမယ် how to teach ဆိုတဲ့ သင်ပုံ
သင်နည်းကို လေ့လာတာနဲ့ တချိန်ထဲမှာ ဘာကိုသင်မယ် what to teach ဆိုတဲ့
ဘာသာရပ်ပိုင်းကိုလည်း လျစ်လျူရှုလို့ မဖြစ်ပါဘူး။
ကျောင်းဆရာလောင်းတွေဟာ ခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်ကုပညာသင်ယူတဲ့ပုံစံနဲ့
ပညာရေးကို သင်ယူ သင့်ပါတယ်။ တနည်းအားဖြင့် တကယ့်လက်တွေ့ကွင်းထဲမှာ
ထိပ်တန်းကျွမ်းကျင်ဆရာကြီးတွေနဲ့ အထူးဂရုစိုက် အနီးကပ်ကြီးကြပ်မှုနဲ့
လေ့လာသင်ယူဖို့ဖြစ်ပါတယ်။ အများအားဖြင့် ဆရာလောင်းတွေကို
စာသင်ကာလနှစ်ဝက်မှာ နှစ်ခါဘဲ ဆရာကြီးတွေက ကြီးကြပ် အကဲဖြတ်တာလုပ်ပြီး
တရားဝင် စာနဲ့ပေနဲ့ အကဲဖြတ် အမှတ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့
ကျောင်းဆရာပေါက်စတွေဟာ ဆရာဝန်ပေါက်စတွေလိုဘဲ ကျွမ်းကျင်တဲ့
ကြီးကြပ်ဆရာကြီးတွေနဲ့ တွဲလုပ်ဖို့လို ပါတယ်။ ဒါမှ ကိုယ့် အလုပ်အပေါ်
ဝေဖန်ချက် မှတ်ချက်တွေ တောက်လျှောက် အများကြီးရ သင်ခန်းစာယူစရာတွေ
အများကြီးရပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်
ပိုတာဝန်ယူနိုင်မှာဖြစ်ပါတယ်။
ဆရာဖြစ်သင်ကြားရေးဟာ မိသားစု ပြဿနာဖြေရှင်းရေးလုပ်ငန်းတွေဆီကလည်း
နည်းယူနိုင်ပါတယ်။ မိသား စုပြဿနာဖြေရှင်းရေး စိတ်ပညာရှင်တွေဟာ
ကိုယ်ကိုင်တွယ်တဲ့လူနာတွေနဲ့ မေးမြန်း ဆွေးနွေးနှစ်သိမ့် တာတွေကို
ဗီဒီယိုရိုက်ယူထားပြီး ကိုယ့်ရဲ့ဆွေးနွေးလှုပ်ရှားမှုတွေကို
ပြန်သုံးသပ်ကြပါတယ်။ ကိုယ့်ရဲ့ ကိုင်တွယ် ဆွေးနွေးမှုတွေ ထဲက
အခက်ခဲဆုံးအခြေအနေတွေကို ကိုယ့်ထက် ဝါရင့်တဲ့ ဆရာကြီးတွေနဲ့ ပြန်ဆွေးနွေး
ပညာယူပြီး ဘယ်လိုလုပ် ခဲ့ရင် ပိုကောင်းနိုင်တယ် ဆိုတဲ့နည်းနာတွေကို
စဉ်းစားဖော်ထုတ်ကြပါတယ်။ အလားတူဘဲ ဆရာငယ် တွေကလည်း မိမိရဲ့
နေ့စဉ်စာသင်ခန်းအတွေ့အကြုံတွေကို မှတ်တမ်းတင်ထားပြီး ဘယ်လိုလုပ်ရင်
အလုပ်ဖြစ်တယ်၊ ဘယ်နည်းက တော့ အလုပ်မဖြစ်ဘူးဆိုတာကို
ဝါရင့်ကြီးကြပ်ဆရာကြီးတွေ၊ ဘဝတူဆရာတွေနဲ့ အလေးအနက် တိုင်ပင်ဆွေးနွေး
ပညာယူ ပညာဖလှယ်ဖို့လိုပါတယ်။
ကျောင်းဆရာတွေဟာ ကလေးတွေနဲ့ပတ်သက်လို့လည်း
အများကြီးပိုသိအောင်လေ့လာရမှာဖြစ်ပါတယ်။ ဆရာဖြစ်သင်တန်းမှာ
ကလေးဖွံ့ဖြိုးမှုအဆင့်ဆင့်ကို အပေါ်ယံကျကျ ပုံသေကားကျဆံဆံဘဲ သင်ပေးပြီး
ကလေးတွေ ကို ဘယ်လိုစောင့်ကြည့်လေ့လာရမယ်၊ ကလေးတွေအခြေအနေကို
ဘယ်လိုသုတေသနလုပ်ရမယ် ဆိုတာကို နည်းနည်းလောက်ဘဲ သင်ရပါတယ်။ ကျနော်တို့ဟာ
ကျောင်းသားတွေရဲ့ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေကို ဂရုမစိုက်ရင်
သူတို့ကိုသင်ကြားရေးမှာ မအောင်မြင်ဖို့များတယ်လို့ ယေးလ်တက္ကသိုလ်
ကလေးစိတ်ပညာပါမောက္ခ ဂျိမ်းကိုမာ က ပြောနေပါတယ်။
ကျောင်းကောင်းဖြစ်ရေးအတွက် နောက်ထပ် လိုအပ်ချက်တခုကတော့
အစိုးရကျောင်းတွေအနေနဲ့ အထက် မှာ ပြောခဲ့တဲ့ အသေအချာ လေ့ကျင့်
တည်ဆောက်ထားတဲ့ ဆရာသစ်တွေကို အုပ်စုလိုက် (အနည်းဆုံး ၇ ယောက်)
အလုပ်ခန့်ဖို့ ဘဏ္ဍာရေး မက်လုံးတွေ ပေးထားရပါမယ်။ ဒါမှ စေတနာထက်သန်ပြီး
အရည်အချင်းရှိတဲ့ ဆရာပေါက်စ တွေဟာ အလုပ်မှာငြီးငွေ့ အထီးကျန် ခံစားရပြီး
အလုပ်ထွက် မသွားမှာဖြစ်ပါတယ်။ ဒီဆရာငယ်တွေဟာ တက်ကြွ လှုပ်ရှားရှင်သန်နေတဲ့
အလားအလာရှိပညာရှင်အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းအဖြစ်
ခံစားနေစေဖို့လိုပါတယ်။ အတူ တူ ရုန်းကန် တိုက်ပွဲဝင်ပြီး အတူတူ
လေ့လာမှတ်သားကြစေဖို့လိုပါတယ်။ ဆရာကောင်းတွေအတွက် လုပ်ဖော်ကိုင်ဖက်
ကောင်းတွေလိုအပ်ပါတယ်။
ဒါကြောင့် ကျနော်တို့ စာသင်ကျောင်းတွေကို ကောင်းအောင် လုပ်ချင်ရင်
ဆရာဖြစ် သင်တန်းတွေဟာ အရင်းအမြစ်တွေ ပြည့်စုံကြွယ်ဝပြီး
ပျင်းစရာမကောင်းဘဲ စိတ်ဝင်စား ပျော်ရွှင်စရာကောင်းဖို့၊ သင်တန်းတွေကိုယ်၌က
ရည်မှန်းချက်ကြီးပြီး စဉ်းစား ဆင်ခြင်ဉာဏ်ပြည့်ဝဖို့ လိုသလို
ကျောင်းဆရာလုပ်မယ့် လူငယ်တွေကလည်း ရည်မှန်းချက်ကြီးပြီး
စဉ်းစားဆင်ခြင်ဉာဏ် ပြည့်ဝတဲ့လူငယ်တွေရဖို့ လိုအပ်နေပါတယ်။
ပညာကောင်းကောင်းတတ် အရည်အချင်းပြည့်ဝ ထက်မြက်ထူးချွန်ပြီး
စာသင်ရတာပျော်နေတဲ့ ဆရာတွေ ရှိတဲ့ကျောင်းမှာ ကလေးတွေဟာ
ပညာရေးကောင်းကောင်း ရနေမှာ မြေကြီးလက်ခတ်မလွဲပါဘူး။
ရည်ညွှန်း။ ဝီလီယမ်ကောလိပ် ဆရာဖြစ်သင်တန်းညွှန်ကြားရေးမှူး စိတ်ပညာကထိက
စူစန်အိန်ဂျယ် ၏ ၂၀၀၉ နိုဝင်ဘာ ၂ ရက်နေ့ထုတ် New York Times
သတင်းစာပါဆောင်းပါး
--

နှစ် ၃၀ ကျော် ကာလ အတွင်း ပညာ ရေး စနစ်ကို ဦးတည် ရာမဲ့ ပြုပြင်
ပြောင်းလဲ မှုတွေ လုပ်ခဲ့ ကြအပြီး နောက်တက် လာမယ့် ဗြိတိန် အစိုးရ အသစ်ဟာ
ပညာရေး ပြဿနာ အကြီး ကြီး တွေကို ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲကို မနက်ဖြန်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။
ပညာရေးတက္ကသိုလ် အငြိမ်းစား ဒါရိုက်တာ ပီတာမောတီမိုးက အစိုးရသစ် အနေနဲ့
ပြုပြင် ပြောင်းလဲရမည့် ပညာရေး စိန်ခေါ်ချက် ၁၀ ရပ်ကို တင်ပြထားပါတယ်။
မူကြိုတန်းကစလို့ ဘ၀တစ်သက်တာ သင်ယူလေ့လာရေး ခရီးမှာတော့ အဓိက နိုင်ငံရေး
ပါတီကြီး ၃ ဖွဲ့ရဲ့ ပညာရေး မူဝါဒတွေကို အသေးစိတ် လေ့လာသုံးသပ်ပြီး
အကြံပြုချက်တွေကို တင်ပြလိုက်ပါတယ်။
ပညာရေး မူဝါဒကြေညာချက်တွေတိုင်းမှာ တိုးတက်ပြောင်းလဲလိုတဲ့ အမြင်တွေကို တွေ့ရပါတယ်။
- အလုပ်သမားပါတီ (လေဘာပါတီ) ရဲ့ မူလတန်း ကလေးတိုင်းအတွက် အခမဲ့
ကျောင်းနေ့လည်စာ ကျွေးမွေးရေး စမ်းသပ်ချက်၊
- ကွန်ဆာဗေးတစ်ပါတီရဲ့ မူကြိုကျောင်းသားတိုင်းအတွက်
အခမဲ့မူကြိုပညာရေးခံစားခွင့် (မိုက်ကယ် ဂို့ဖ်ရဲ့ ထပ်ဆောင်းပေးရမယ့်
ငွေကြေးမှာတော့ ပြဿနာရှိနေဆဲပါ)၊
- လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ တက္ကသိုလ်ဝင်ကြေးနဲ့ ကျောင်းလခ
ကင်းစင်ရေးမူဝါဒ တို့ဖြစ်ပါတယ်။
ဒီ ပါတီတွေရဲ့ မူဝါဒ ကြေညာချက်တွေထဲမှာ မိုက်မဲလှတဲ့ စိတ်ကူးတွေကို
တွေ့ရတယ်။ လူနည်းစုတွေကို နိုင်ငံခြား ဘာသာသင်ကြားပေးတဲ့ မူဝါဒ
အကြီးအကျယ် ကျဆုံးခဲ့တာတောင်မှ လေဘာပါတီက မူလတန်းကျောင်းမှာ တရုပ်
မန်းဒရင်း ဘာသာစကားကို ထည့်သွင်း သင်ကြားစေချင်တယ်။
ကွန်ဆားဗေးတစ်ပါတီကတော့ မိဘတွေကိုယ်တိုင် ကျောင်းအသစ်တွေဖွင့်ပြီး
ကလေးတွေကို စာသင်ဖို့ တိုက်တွန်းထားတယ်။ လက်ရှိကျောင်းတွေရဲ့
အရင်းအမြစ်တွေကို ထုတ်နှုတ်ခံရမယ့်ကိန်းပါ။ ပညာရေးစနစ် အစိတ်စိတ်အမွှာမွှာ
ဖြစ်လာနိုင်ပါတယ်။
လစ်ဘရယ် ဒီမိုကရက်တွေကတော့ စာသင်ခန်းတွင်း ကျောင်းသားအရေအတွက်
နည်းပါးရေးအတွက် ရံပုံငွေကို ဦးစားပေးဖို့ ကတိပေးထားတယ်။ ကလေးနည်းတာဟာ
ငယ်ရွယ်တဲ့ကလေးတွေအတွက် အကျိုးရှိနိုင်ပေမယ့်
ကျောင်းသားကြီးတွေအတွက်ကတော့ သိပ်မထူးခြားလှပါဘူး။ ကျောင်းတွေမှာ
လွတ်လွတ်လပ်လပ် စီမံခွင့် လိုအပ်တာကို သုတေသနက ထောက်ပြ ထားပါသေးတယ်။
ကဲ အခုတော့ နှစ် ၃၀ ကျော် ပညာရေးစမ်းသပ်မှုကြီး အပြီးမှာ
တစ်ပါတီအနိုင်ရသည်ဖြစ်စေ၊ ညွန့်ပေါင်းအစိုးရ တက်လာသည်ဖြစ်စေ စီးပွားရေး
လုပ်ငန်းကြီးတွေနဲ့ ဘဏ်တွေနဲ့ ပတ်သက်တဲ့ နည်းဥပဒေအပေါ်မှာ
ပိုအာရုံစိုက်ကြပါလိမ့်မယ်၊ ခေတ်မီတဲ့ အထောက်အကူပြုတွေကို
ဖြည့်ဆည်းပေးကြမယ်၊ လွတ်လပ်ခွင့်နဲ့ နိုင်ငံသားတွေ အတွက် ငြိမ်းချမ်း
သာယာဝပြောရေးတွေလည်း ပါတယ်ပေါ့။
ကြာသပတေးနေ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရတဲ့ ပါတီနဲ့ အစိုးရဟာ
မရောင်ရာဆီလူး၊ ဝေ့လည် ကြောင်ပတ် လျှောက်လုပ် နေမယ့်အစား အစိုးရ
အဆင့်ကသာလျှင် အကောင်အထည်ဖော်နိုင်မယ့် “ပညာရေး လုပ်ငန်းကြီး” တွေကို
အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ ရင်ထဲဆန္ဒရှိတဲ့ စိန်ခေါ်ချက် ၁၀ ရပ်ကို
တင်ပြလိုပါတယ်။
၁။ ကျောင်းတွေ၊ ကောလိပ်တွေကို အပေါ်ယံ ဆေးသုတ်မယ့်အစား တိုင်းပြည်မှာ
အရည်အသွေးမြင့်မားတဲ့ ပညာရေး စနစ်ကို တည်ဆောက်ဖို့ လိုအပ်နေပြီ ဆိုတာကို
လက်ခံရမယ်။ ဒေသအလိုက် အာဏာပိုင်တွေမှာ အင်မတန်အရေးကြီးတဲ့
အခန်းကဏ္ဍကပါဝင်နိုင်ပါတယ်။ ပညာရေးအဆင့်အလိုက် အပြောင်းအလဲနဲ့
အချိတ်အဆက်တွေဟာ အလွန်အမင်း အရေးကြီးနေတယ်။ အားကစားနဲ့ ယဉ်ကျေးမှု
ပွဲတော်တွေမှာတော့ “ပြိုင်ပွဲ” ပုံစံက အလုပ်ဖြစ်ပါတယ်။ သို့သော်လည်း
စာသင်သားတွေဟာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုပြီးတော့ ထူးချွန်လာမယ်။
၂။ ချမ်းသာတဲ့ကလေးနဲ့ ဆင်းရဲသားတွေအကြား ပညာရေးအောင်မြင်မှု ကွာဟချက်ကို
အမှန်တကယ်တမ်းသာ ညှိလိုတယ်ဆိုရင်ဖြင့် ပညာရေးစနစ်က ခံစားခွင့်
အနည်းဆုံးရရှိနေတဲ့ ကလေးတွေဆီကို အရင်းအမြစ်တွေ များများ ပံ့ပိုးပေးပြီး
ထူးချွန်တဲ့ ဆရာဆရာမတွေကိုလည်း ဖြည့်ဆည်းပေးရမယ်ဆိုတာကို သဘောပေါက်
လက်ခံစမ်းပါ။
၃။ မူကြိုပညာရေး “အောင်မြင်မှု ပန်းတိုင်သို့ အဦးအစ ခြေလှမ်း” Sure Start
ပညာရေးအစီအစဉ်က သင်ခန်းစာ ရယူသင့်တယ်။ အလျားလိုက် သုတေသနတွေ့ရှိချက်အရ
အားလုံးအတွက် အရည်အသွေးပြည့်မီတဲ့ မူကြို အခမဲ့ ပညာရေးဟာ ပညာရေး၊
လူမှုရေးနဲ့ စီးပွားရေး အောင်မြင်ဖွံ့ဖြိုးမှုအတွက် အခရာဖြစ်နေတယ်
ဆိုတာကိုပါ။
၎။ ဆရာဆရာမများဟာ ပြဿနာမဟုတ်ဘဲ အဖြေဖြစ်တယ်ဆိုတာကို
သဘောပေါက်လိုက်စမ်းပါ။ ဆိုလိုတာ ကတော့ အရည်အချင်းရှိပြီး
စိတ်အားတက်ကြွနေတဲ့ ဆရာဆရာမများကို ဖိတ်ခေါ်ရမယ်။ တည်တံ့နေဖို့
လုပ်ဆောင်ရမယ်။ (“အရင်ဆုံး စာသင်ကြည့်လိုက်ပါ” Teach First
ကျောင်းဆရာမြှင့်တင်ရေး အစီအစဉ်က ဒီရည်မှန်းချက် အောင်မြင်ဖို့ကို
အတော်ကလေး ပံ့ပိုးပေးနေပုံရတယ်။) ဆရာတွေ ဘယ်လိုသင်သင့်တယ်
ဆိုတာနဲ့ပတ်သက်လို့ အစိုးရက လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်
ပေးရမယ်ဆိုတာလည်း ပါပါတယ်။
၅။ နိုင်ငံတော်အဆင့် အမျိုးသား သင်ရိုးညွှန်းတမ်းမှာ အဓိကဘာသာရပ်တွေနဲ့
အမျိုးသား အမွေအနှစ်ကို ထိမ်းသိန်းဖို့၊ ယဉ်ကျေးမှုတွေ ရှင်သန်ဖို့၊
နိုင်ငံတကာ သိနားလည်ရေး စတဲ့ အရေးကြီးတဲ့ ခေါင်းစဉ်တွေကို သာလျှင်
ထည့်သွင်းဖို့ ကန့်သတ်ထားသင့်တယ်။
၆။ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်းဖြစ်စဉ်တွေမှာ အရေးကြီးလှတဲ့
စစ်ဆေးခြင်းရဲ့ကဏ္ဍကို ပြန်ထည့်သင့်ပါတယ်။ ၀မ်းနည်းစရာ ကောင်းခဲ့ရတဲ့
ကျောင်းအဆင့်ခွဲတဲ့ ဇယားရဖို့ စာမေးပွဲ စစ်ဆေးမှုကိုတော့
ပယ်ဖျက်ရလိမ့်မယ်။
၇။ အဆင်မပြေ ဖြစ်နေတဲ့ ကျောင်းတွေ၊ ကောလိပ်သိပ္ပံတွေကို
ခွဲခြားသတ်မှတ်ပြီး တိုးတက်အောင် ပံ့ပိုးကူညီမှု ပြုရမယ့်အစား ကောင်း၊
သင့်၊ ညံ့ အုပ်စု အဆင့်ခွဲတဲ့ ပုံစံမျိုးကို ဆက်မလုပ်ကြဖို့
ကန့်သတ်ရတော့မယ်။
၈။ စာသင်ကြားခြင်း အနုပညာကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရမယ်။
စာသင်ကြားခြင်း၊ စာသင်ယူခြင်းဆိုင်ရာ ရှေ့ပြေး စမ်းသပ်မှုတွေတို့
အစီအစဉ်တကျ လုပ်ဆောင်သင့်ပြီ။ ကြီးကြပ်စီမံမှု၊ ရလဒ်ကို သုံးသပ်အကဲဖြတ်မှု
စတဲ့ဟာတွေကို လုပ်ရမယ်။ တိုးတက်အောင် ပြောင်းလဲလုပ်ဆောင်မှုတွေကို
အားပေးကူညီရမယ်။ မျှဝေရမယ်။
၉။ ရှေ့ဆက်ပညာရေး (သက်မွေးနဲ့ တက္ကသိုလ်ပညာရေး) ဟာ လက်ရှိကနေ ရုတ်တရက်
အခြေအနေသစ်ကို ကူးပြောင်းသွားရတဲ့ စင်ဒရဲလားဖြစ်အင်ပုံစံကို
ပြင်ဆင်သင့်ပြီ။ အချိန်ပိုင်း တက္ကသိုလ် ကျောင်းသားတွေကိုလည်း ထိုက်တန်တဲ့
ပံ့ပိုးမှုတွေ ပေးရမယ်။
၁၀။ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ပညာရေး အမြဲတမ်း ကော်မရှင်ကို
တည်ထောင်ရမယ်။ အဲဒါကို နိုင်ငံသားအားလုံး အွန်လိုင်းပေါ်က လက်လှမ်းမီပြီး
အနာဂတ် ပညာရေးစနစ် ပြုပြင်ပြောင်းလဲတဲ့ အခါတွေမှာ အကြံပြု တင်ပြခွင့်၊
ပါဝင် ဆွေးနွေးခွင့်ထားရှိရမယ်။ ပါတီနိုင်ငံရေးကသာလျှင်
ချုပ်ကိုင်ထားတဲ့ဟာကို လျော့ပါးစေမှာပါ။
ဒီပြောင်းလဲချက်တွေကို ပြုလုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အာဏာရ
အစိုးရတိုင်းကတော့ အကျိုးတူ စီးပွားဖက်တွေက ကျောင်းတွေကို ချုပ်ကိုင်ဖို့
ဖန်တီးကြတယ်။ ၀န်ဆောင်မှုပေးတဲ့ပုံစံနဲ့ ပိုက်ဆံရှာကြတယ်။ အကောင်းဆုံး၊
အညွန့်ဆုံးတွေကို လက်လှမ်းမီ ခူးဆွတ်ယူတဲ့ အခွင့်ထူးတွေကို
ခံစားရရှိစေတယ်။ သူ့ချည်းသက်သက်တော့ ဒီ (၁၀) ချက်ကလည်း တရားမျှတပြီး၊
အလိုလောဘနည်းတဲ့ လူ့အဖွဲ့အစည်းအတွက် အရည်အသွေးမီ၊ အဆင့်မြင့် စနစ်ကို
အာမခံနိုင်မှာမဟုတ်ပြန်ဘူး။ ကျနော်တို့ နိုင်ငံသားတွေ အများစုကြီးက
တိုက်တိုက်တွန်းတွန်း ဖိအားပေး လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီ (၁၀)
ချက် ကတော့ဖြင့် အဲဒီ မျှော်လင့်ချက် ရလဒ်တွေအတွက်
ဖြစ်နိုင်စွမ်းရှိနေပါတယ်။
(ဆောင်းပါးရှင် ပီတာမောတီမိုး ဟာ ဗြိတိန်ပညာရေးတက္ကသိုလ်ရဲ့ အငြိမ်းစား
ဒါရိုက်တာဖြစ်တယ်။)
မြတ်ပန်းရှင် ဘာသာပြန်တင်ဆက်သည်။

အခြေခံပညာရေးအစ
အခြေခံ ပညာရေး ဆိုတဲ့ အပိုင်းကို စပြီးတော့ ကြည့်ရအောင်။ သမိုင်း
ကြောင်းကို ခြုံငုံပြီး စောင်းငဲ့ ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့
မြန်မာနိုင် ငံမှာ ၁၁ ရာစုက စပြီး ပညာ ဆိုတာ ရှိလာ ခဲ့တယ်။
ဗုဒ္ဒဘာသာ သာသနာထွန်းကားလာတာနဲ့အမျှ ဘုန်းတော်ကြီးကျောင်းပညာရေး
ပေါ်ထွန်းလာတယ်။ အဲဒါမြန်မာ့အခြေခံပညာရေးရဲ့ မြစ်ဖျားခံရာပါပဲ။ဘုန်းကြီးက
ယောက်ျားလေး တွေဖြစ်တဲ့ မောင်ကျောင်းသားလေးတွေကို သင်ပုန်းကြီးကုန်အောင်
စပြီးသင်ပေးတယ်။ပြီးတော့ ဘုရားရှိခိုးအမျိုးမျိုးနဲအပါအ၀င်
ပရိတ်ကြီး၁၁သုတ်ကို နှုတ်တက်ရွရွ ဆိုနိုင်အောင်
ကျက်မှတ်ခိုင်းတယ်။အဲဒီအဆင့်ကကျော်လွန်သွားရင် သဒ္ဒါ၊သဂြိ င်္ုလ်ပိုင်းတွေ
အထိ စသည်ဖြင့် အဆင့်ဆင့် တက်သွားတယ်။မိန်းကလေးတွေကတော့ လူကြီးတွေထံက
သေစာရှင်စာ သင်အံ ကြရတယ်လို့ ဆိုပါတယ်။ဘာအတွက်
သင်အံလေ့ကျက်ကြတာလဲ။အဓိကကတော့ လောကုတ္တရာ အကျိုးအတွက်
ဖြစ်ပါတယ်။လောကီအကျိုးအတွက်ကတော့ အဲဒါတွေ လွန်မြောက်ပြီးတဲ့အခါ
ဗေဒင်ကျမ်း၊ဆေးကျမ်း၊ဓာတ်ကျမ်း၊လင်္ကာကျမ်းတွေနောက်ကို
လိုက်ကြတယ်။၁၈၂၄ခုနှစ် မတိုင်ခင်အထိ အဲဒီပညာရေးစနစ်ပဲ ရှိနေခဲ့ပါတယ်။
၁၈၂၆ခုနှစ်နောက်ပိုင်းမှာတော့ အင်္ဂလိပ်သိမ်းပိုက်အုပ်ချုပ်တဲ့ဒေသတွေမှာ
အစိုးရကျောင်းတွေဟာ ခရစ်ယာန်သာသနာပြုကျောင်းတွေနဲ့အပြိုင် ပေါ်ထွန်း
လာခဲ့တယ်။ အဲီးကျောင်းတွေမှာ အင်္ဂလိပ်သဒ္ဒါ၊ ဂဏန်းသချာင်္အစရှိတဲ့
ဘာသာရပ်တွေကို အထူးပြုပြီးသင်ကြားပေးခဲ့ပါတယ်။အစိုးရကျောင်းတွေမှာ
မြေတိုင်းပညာလို့ခေါ်တဲ့ ပထ၀ီဝင် ဘာသာ ကိုလည်း သင်ပေးခဲ့တယ်လို့
ဆိုပါတယ်။ဒီပညာရေးကတော့ ရှေ့ကို ဆက်သွားနိုင်တဲ့နယ်ပယ်
အကျယ်ကြီးရှိတယ်။စက်မှုတော်လှန်ရေးက ပေါ်ထွက်လာတဲ့ ပညာရပ် တွေနောက်ကို
ဆက်လိုက်မယ်ဆိုရင် အများကြီးကျန်နေခဲ့ပါသေးတယ်။
ဒီပညာရေးနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
ဘုန်းတော်ကြီးကျောင်းပညာရေးက တွေးခေါ်မြော်မြင်၊
တီထွင်ဖန်တီး၊သွားလာစွန့်စား၊သဘောတရာလက်တွေ့အစရှိတဲ့
အခြင်းအရာမျိုးတွေပေးတဲ့ နေရာမှာ သူနဲ့ပြိုင်ဖက်ဖြစ်လာတဲ့ ပညာရေးကို
မယှဉ်နိုင်ဘူး။ဒါပေမယ့် မြန်မာ့ယဉ်ကျေးမှုထဲမှာ စွဲမြဲနေပြီ ဖြစ်တဲ့ အတွက်
ခိုင်ခိုင်မာမာပဲ ဆက်လက်ရှင်သန်နေခဲ့တယ်။
၁၈၆၆ခုနှစ်နောက်ပိုင်းမှာ
အိမ်ကျောင်း(လူကျောင်း)တွေပေါ်လာခဲ့တယ်။ပညာမင်းကြီးရုံးက ချမှတ်တဲ့ နည်း
စနစ်တွေနဲ့ သင်ရိုးညွှန်းတမ်းတွေကို အဲဒီကျောင်းတွေမှာ
သင်ကြားပေးတာဖြစ်ပါတယ်။မိန်းကလေးတွေကို လက်ခံသင်ကြားပေးတဲ့အတွက်
မြန်မာကျောင်းသူလေးတွေကို အဲဒီခေတ်မှာမှ စတင်တွေ့မြင်ကြရတာဖြစ်
ပါတယ်။အဲဒီအိမ်ကျောင်းတွေက ဗြိတိသျှအစိုးရရဲ့ အထောက်အပံ့ရတဲ့အတွက်
ဘုန်းတော်ကြီးကျောင်း ပညာရေးကို ပြိုင်ဆိုင်လာနိုင်ခဲ့ပါတယ်။
ရန်ကုန်မှာ ၁၈၇၂ခုနှစ်က ဘက်ပတစ်အထက်တန်းကျောင်းတစ်ကျောင်း
တည်ထောင်ခဲ့တယ်။ ကျောင်းအုပ်ကြီး ဘုန်းတော်ကြီးဂျေအန်ကူရှင်၁၈၉၂မှာ
ရောက်လာပြီးတဲ့နောက် သူနာမည်ကိုအစွဲပြုပြီး ကူရှင်ကျောငးလို့
ဒေါ်ခဲ့ကြတယ်။အဲဒီကျောင်းကနေ ဘက်ပတစ်ကောလိပ်ဖြစ် နောက်တော့ ၁၉၁၈ခုနှစ်မှာ
ဂျပ်ဆင်ကောလိပ်ရယ်လို့ ဖြစ်လာခဲ့တယ်။၁၈၇၄ခုနှစ်တုန်းက ရန်ကုန်မှာပဲ
အထက်တန်းကျောင်း တစ်ကျောင်း ဖွင့်ခဲ့ပြန်ပါတယ်။၁၈၇၈ခုနှစ်မှာ
တက္ကသိုလ်ပညာကို တစ်ဆင့် တက်လှမ်းနိုင်အောင် ပို့ဆောင်ပေးမယ့်
ကောလိပ်ဌာနတစ်ခု အဲဒီကျောင်းနဲ့ တွဲဖက်ထားရှိခဲ့ပါတယ်။
မြန်မာ့မူလဘူတ အခြေခံပညာရေးဟာ ဘုန်းတော်ကြီးကျောင်းတွေထဲကနေ
အပြင်ကိုရောက်လာခဲ့တာဟာ လောကီပညာဖွံ့ဖြိုးလာစေဖို့
အကြောင်းခံတရားဖြစ်တယ်ဆိုတာကို မြန်မာလူထု သိရောသိခဲ့ကြရဲ့လား။
စိတ်ဝင်စားဖို့ကောင်းပါတယ်။
အခြေခံပညာရေး ပိုမိုရှုပ်ထွေးလာခြင်း
သမိုင်းကြောင်းကို ပြန်ပြီးစောင်းငဲ့ကြည့်မယ်ဆိုရင် ၁၉၃၀ပြည့်လွန်
စစ်ကြိုခေတ်မှာ မြန်မာ့အခြေခံ ပညာရေးဟာ သူ့အတိုင်းအတာနဲပသူ
တည်မိနေပါပြီ။ဒါပေမယ့် အင်္ဂလိပ်အစိုးရက ပညာရေးအသုံးစရိတ်ကို
ထိန်းပြီးတော့သုံးခဲ့တယ်။အစိုးရထောက်ပံ့တဲ့စနစ်နဲ့
လုံးဝအပြည့်အစုံတာဝန်ယူတဲ့စနစ်ဆိုပြီး သတ်မှတ် ထားခဲ့ပါတယ်။ပထမစနစ်နဲ့
ဖွင့်ခွင့်ပေးထားတဲ့ကျောင်းတွေမှာ အစိုးရအထောက်အပံ့က တစ်ခြမ်း၊
ကျောင်းတည်ထောင်သူဖက်က တစ်ခြမ်း အဲသည်လိုသွားပါတယ်။ဒုတိယစနစ်နဲ့ဖွင့်တဲ့
ကျောင်း အရေ အတွက်က တော်တော်နည်းခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးတော့ ကျောင်းအမျိုးအစားက
၃မျိုးရှိတယ်။တိုင်းရင်းဘာသာစာသင်ကျောင်း၊အင်္ဂလိပ်နဲ့ တိုင်းရင်း
ဘာသာစာသင်ကျောင်း၊အင်္ဂလိပ်ဘာသာစာသင်ကျောင်းတို့
ဖြစ်ပါတယ်။တတိယအမျိုးအစားကို တက်နိုင်ဖို့ အတွက်
ခက်ပါတယ်။ဘာလို့လဲဆိုတော့ စရိတ် စကကြီးလွန်းတယ်။နောက်တစ်ချက်က
တိုင်းရင်းသား တွေကို ၁၀ရာခိုင်နှုန်းပဲ တက်ရောက်ခွင့်ပြုဖို့
ကန့်သတ်ထားခဲ့တာကြောင့်ပါပဲ။အင်္ဂလိပ်တွေရဲ့ Divide and Ruleဆိုတဲ့
ခွဲခြားကန့်သတိပြီးရန်တိုက် အုပ်ချုပ်တဲ့စနစ်ဟာ ပညာရေးထဲမှာလည်း
စိမ့်ဝင်ခဲ့တယ်။ အဲဒီမှာ စပြီး မြန်မာ့ပညာရေးအရှုပ်တော်ပုံ စတင်
ခဲ့တာပါ။ဒိအရင်က ဘုန်းတော်ကြီး ကျောင်းပညာရေးပုံစံနဲ့
အင်္ဂလိပ်တွေတင်သွင်းလာတဲ့ပညာရေးပုံစံ အားပြိုင်ရုံသက်သက်ပဲ ရှိရာကနေ
နောက်ပိုင်းမှာ ပိုရှုပ် လာတာဖြစ်ပါတယ်။ရှုပ်လာတယ်ဆိုပေမယ့်
အင်္ဂလိပ်အစိုးရအလိုကျပညာရေးဟာ ဘ၀တက်လမ်းအတွက်
အလုပ်အကိုင်အခွင့်အလန်းတွေအတွက် သေချာရေရာစေခဲ့တာကြောင့်
ဘုန်းတော်ကြီးကျောင်းပညာရေး မှေးမှိန်ကွယ်ပျောက်သွားခဲ့ရပါတယ်။
ဘာတွေထပ်ရှုပ်လာသလဲ
စစ်ကြိုခေတ်မတိုင်ခင်ကတည်းက ပညာရေးကို တစ်ပြေးညီဖြစ်အောင်မလုပ်ဘဲ
ခွဲခြားမှုတွေပြုလုပ် ထားတဲ့အတွက်
တက္ကသိုလ်ကျောင်းသားသပိတ်တွေပေါ်ပေါက်လာစေတဲ့အထိ အခြေအနေ ဆိုးလာခဲ့ပြီး
နောက်ဆုံးမှာတော့ အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ တပ်လှန့်
ဆော်သြမှုဟာ ကျောင်းသား တွေကနေ မြန်မာတစ်မျိုးသားလုံးအထိ
ပြန့်နှံ့သွားခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားကျောင်းတွေဆိုတာ ပေါ်လာ ပြန်တော့
တစ်ရှုပ်ကနှစ်ရှုပ်ဖြစ်လာခဲ့ပါတယ်။

1 comments:
စိတ်ဝင်စားစရာကောင်းလွန်းလို့သေချာဖတ်သွားပါတယ်ကိုခရီးသည်။ တင်ပြသူရဲ့စေတနာလေးကိုလည်းသဘောပေါက်မိပါတယ်။လေးစားပါ
တယ်အစ်ကို...။
Post a Comment