အချိန်ကိုသုံးသပ်ကြည့်ခြင်း
"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူတစ်ဦးအတွက် ညတာ အလွန် တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမ ခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူတစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူတစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည်ဖြစ်သည်။
ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ် နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက် နှင့် ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ် သည် ဘဝ အဆုံးဟု ဆိုသော်လည်း ဘဝ အစ မှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်နှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝ ရဲ့ အနှစ်သာရ ကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝ အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံး ချိန်က အလွန်နည်းလှသည်။
ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြားတစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝ တစ်လျှောက်လုံးအားဖြင့် အသင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခုဖြစ်သလို၊ အကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူ တစ်ဦးနှင့်တစ်ဦးကို အခြေအနေ တစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟ သွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝ တစ်ခုလုံးအတွက် အရေးပါသည် လူလတ်ပိုင်းအရွယ် ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။
အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ် တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက်တိုက်တွန်းခဲ့သည်။
မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွားသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံ နှင့် မိမိလူမျိုး၏ အကျိုးစီးပွားသော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ် နှင့် မိမိအသိပညာ တို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။

0 comments:
Post a Comment