၂၀၁၃-ခုနှစ်၊ မေလ(၂၇)ရက်၊ တနင်္လာနေ့။
နာရီနှိုးစက်သံ၏အချက်ပေးမှုကြောင့် ကျွန်တော်အိပ်ယာမှ ကပျကယာထလာမိသည်။ အခန်းပြတင်းပေါက်မှ ရာသီဥတုအခြေအနေကို အကဲခတ်နေရင်း အင်တာနက်မှလည်း ယနေ့ရာသီဥတု အခြေအနေ ကို ကြည့်နေမိသည်။ ယနေ့မူကာ ကျွန်တော့်မာစတာကျောင်းသားဘ၀ ၏ နောက်ဆုံးအတားအဆီး၊ အခက်အခဲဖြစ်သည့် စာတမ်းဖတ်ရမယ့်နေ့ဖြစ်သည်။
မနက်(၀၉း၃၀)နာရီအရောက် စာတမ်းဖတ်ရမည့်အခန်းသို့ သွားရမည်ဖြစ်၍ မနက်(၀၈း၀၀)နာရီကတည်းက ပြင်ဆင်စရာများကိုပြင်ဆင်ပြီး ရေမိုးချိုးမိနေသည်။ (၀၉း၀၀)နာရီတွင် ကျွန်တော်နေထိုင်ရာအခန်းမှ ကျောင်းတော်ကြီးသို့ (၁၅)မိနစ်ခရီးကို ခြေကျင်တတန်၊ ကားတတန်ဖြင့် ခရီးနှင်ခဲ့သည်။ (၁၀)မိနစ်ခန့်ကြိုရောက်နှင့်နေ၍ စာတမ်းဖတ်မည့်အခန်းပေါက် ၀တွင် ခေတ္တစောင့်နေရ သေးသည်။ (၀၉း၃၀)နာရီတွင် ကျွန်တော်တို့ Supervisor ရောက်လာပြီး အခန်းတံခါးဖွင့်၊ အသုံးပြုမည့်ကွန်ပျူတာများနှင့် ပရိုဂျတ်တာများပြင်ဆင်ခြင်း နှင့် စာတမ်းဖတ်မည့်ကျောင်း သားများ၏ စာတမ်းများကို ကွန်ပျူတာထဲတွင် ဖိုင်တစ်ဖိုင်တည်ဆောက်ပြီး အစီအရီထည့်စေသည်။ မကြာမီတွင် ကျွန်တော်တို့မာစတာဘုဒ်ဥက္ကဌနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီး စာတမ်းဖတ်ခြင်းကို စတင်ပါတော့သည်။
ကျွန်တော့်အလှည့်မှာ (၈)ယောက်မြောက်ဖြစ်၍ သူငယ်ချင်းများအား ဓါတ်ပုံရိုက်ပေးခြင်း၊ ဗွီဒီယိုရိုက်ပေးခြင်းများဖြင့် ကူညီဆောင်ရွက်နေရသေးသည်။
(၁၁)နာရီဝန်းကျင်တွင် ကျွန်တော့်အလှည့်ရောက်လာသည်။ အောက်မှာထိုင်၍နားထောင်စဉ်ကတည်းက ဘုဒ်အဖွဲ့ဝင်ဆရာတစ်ယောက်သည် အသက်ကြီးပြီး စကားတိုးတိုးသာ မေးတတ်သောအကျင့် ရှိသောကြောင့် ကျွန်တော့်စာတမ်းဖတ်ပြီး၍ မေးခွန်းများမေးလျှင် ဤဆရာ မမေးပါစေနှင့်ဟု ဆုတောင်းနေမိသော်လည်း ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်အလှည့်တွင် ပထမဆုံးမေးသူမှာ ၄င်းဆရာဖြစ်သည်။
ကံကောင်းချင်၍ မေးခွန်းကိုနားလည်ပါသော်လည်း ကံဆိုးချင်၍ တလွဲဖြေမိသည်။ မေးခွန်း (၈)ခုခန့်မေးရာတွင် ဤတခုသာ တလွဲဖြေမိပြီး ကျန်မေးခွန်းများကို ဘာသာစကား အ ထစ် အ ထစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။
စာတမ်းဖတ်ပြီး၍ ကျွန်တော့်ရင်ဘတ်ထဲမှ အမည်မသိ အလုံးကြီး ကျသွားခဲ့ပေပြီ။ (၁၂း၃၀)တွင် ကျွန်တော့်တို့အားလုံး စာတမ်းဖတ်ခြင်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ စာတမ်းဖတ်ပြီး၍ ကျောင်းသား များကို အခန်းအပြင်၌ မိနစ်(၂၀)ခန့်ထွက်ခိုင်းပြီး မာစတာဘုဒ်အဖွဲ့မှ အမှတ်များကို စီစစ်နေလေသည်။
ပျော်ရွှင်စွာ၊ ကြည်နူးစွာဖြင့် အခန်းရှေ့တွင် Language ဆရာမန၊ Supervisor အကိုများနှင့် ဂါဒီယန်အကိုများစုပေါင်းဓါတ်ပုံရိုက်ကြသည်။
အမှတ်စာရင်းများကြေငြာပြီး မာစတာဘုဒ်အဖွဲ့ဆရာများနှင့် ကျွန်တော့်တို့ မှတ်တမ်းဓါတ်ပုံရိုက်ဖြစ်ကြသည်။
(၂၇-၀၅-၂၀၁၃)စာတမ်းဖတ်သည့်နေ့လေးသည် ကျွန်တော့်ဘ၀ထဲတွင် ရှင်သန်နေမည့် မမေ့နိုင်စရာနေ့ရက်များထဲမှ တစ်ရက်ပင် ဖြစ်တော့သည်။
0 comments:
Post a Comment