Saturday, 17 November 2012

ဂုဏ်ယူပါတယ် သူငယ်ချင်း



ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်လေးဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းမှုလေးနဲ့ပဲ ဒီဂုဏ်ပြုဆောင်းပါးကို ရေးလိုက်ရပါတယ်။ မကြာမီအချိန်အတွင်းမှာ သူငယ်ချင်းတို့အနေနဲ့ တဆင့်မြှင့်ရာထူးတွေ လက်ခံရယူ ဂုဏ်ပြုခံရတော့မှာပါ။ ဒီအတွက်ကြောင့် ဒီစေတနာဂုဏ်ပြုဆောင်းပါးလေး ရေလိုက်ခြစ်ဖြစ်ပါတယ်။ 

          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ ရှေးရေစက်တွေကြောင့်ပဲပြောပြော၊ အမိတက္ကသိုလ်က သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်မီတယ်ပဲဆိုဆို ငါတို့တွေ ဒီတက္ကသိုလ်ကြီးမှာ အတူတကွ ပညာတွေဆည်းပူးနိုင်ခွင့်ရကြပြီလေ။ ဒီဆောင်းပါးလေးမှာ ငါ့ရဲ့အမြင်လေးတွေကို ပြောပြသလို၊ သူငယ်ချင်းတွေဆီကလည်း ကိုယ်စီအမြင်လေးတွေ ပြောပြကြစေလိုပါတယ်။
          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မိသားစုနဲ့ဝေးကွာနေကြတယ်ဆိုပေမယ့် ညီအကိုအရင်းထက် ချစ်ခင်ကြတဲ့ သံယောဇဉ်တွေရှိတဲ့ သူငယ်ချင်းညီအကိုတွေနဲ့ တွေ့ဆုံနေကြပြီလေ။ ပျော်ရွှင်စရာရှိခဲ့ရင်လည်း ငါတို့ထပ်တူပျော်ရွှင်ခဲ့ကြသလို အခက်အခဲတွေကြုံလာရင်လည်း ခေါင်းချင်းဆိုင်ဖြေရှင်းခဲ့ကြာတတွေကို မှတ်မိကြမယ်ထင်ပါတယ်။
          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မြန်မာနိုင်ငံရဲ့နေရာအသီးသီး၊ ဌာနအဖုံဖုံမှာ တာဝန်ထမ်းဆောင်နေရင်း ခေတ်နောက်ကျနေတဲ့ အမိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို တဖက်တလမ်းကနေ မြှင့်တင်နိုင်ဖို့၊ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်ဖို့ ဒီနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ ငါတို့တတွေမှာ စရိုက်အမျိုးမျိုး၊ အမြင်အထွေထွေ၊ သဘေားထားအဖုံဖုံ ရှိကြပေမယ့် ငါတို့မှာရှိတဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပါပဲ။
          ဒီလိုပညာသင်နေတဲ့အချိန်မှာပဲ သူငယ်ချင်းတချို့ရဲ့ ငါတို့က ဒီနိုင်ငံမှာ  အကျယ်ချုပ်ကြနေသလိုပဲ ဆိုပြီး တီးတိုးအသံလေးတွေ ကြားရဖူးတယ်။ ဒီလိုပြောတဲ့သူငယ်ချင်းတွေကို အပြစ်မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင် တခါတရံခံစားမိလို့ပါပဲ။ ရလာတဲ့ထောက်ပံ့ငွေကို တခါတလေ လိုတာထက် ပိုပြီးသုံးမိတဲ့အချိန်၊ ဧည့်သည်လာတဲ့အချိန်တွေဆို ပိုငွေက သိပ်မရှိလှပါဘူး။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက ပါလာတဲ့အ၀တ်အထည်လေးတွေကိုပဲ ၀တ်ရတာပေါ့။ ပထမနှစ်ဘ၀လည်း ဒီအ၀တ်၊ ဒုတိယနှစ်လည်း ဒီအ၀တ်၊ တတိယနှစ်လည်း ဒီအ၀တ်ပဲ ထပ်နေကြတာပေါ့။ တခြားနိုင်ငံခြားသားတွေလို တောက်တောက်ပြောင်ပြောင် မ၀တ်နိုင်ပါဘူး။ တခါကဆို မုန့်ရောင်းတဲ့အဘွားကြီးက ငါ့ကိုမေးဖူးတယ်။ မင်းတို့က အ၀တ်မလျော်တတ်လို့လား၊ ဒါမမဟုတ် တစ်ခုခုကြောင့်လားတဲ့။ မင်းတို့အ၀တ်လေးတွေကြည့်လိုက် ရင် ဟောင်းနွမ်းနေတာပဲ၊ တောက်တောက်ပြောင်ပြောင် မရှိလှဘူး တဲ့။ အဲ့ဒီအဘွားက မြန်မာတွေကို ချစ်ခင်တတ်တဲ့ အဘွားတစ်ယောက်ဖြစ်တဲ့အတွက် ကဲ့ရဲ့စိတ်နဲ့ပြောတာမဟုတ်ဘဲ သနားတဲ့စိတ်၊ ကြင်နာစိတ်၊ ဂရုနာစိတ်နဲ့ ပြောနေခြင်းသာဖြစ်ပါတယ်။
          ပိုငွေနည်းနေတဲ့အတွက် လေ့လာရေးခရီးထွက်ဖို့အတွက်ဆိုရင်တော့ ဒီလအတွက် အိတ်ကပ်ထဲမှာ ဘယ်လောက်ကျန်သေးလဲဆိုတာ အရင်ကြည့်ရပါတယ်။ ဘာသာစကားကလည်း တခြားထွက်ငွေတွေမရှိဖို့ အတွက် တခြားနိုင်ငံခြားကျောင်းသားတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်မကူးမိတော့ပါဘူး။ သူတို့ဝန်းကျင်ထဲ ကထွက်လာမှန်းမသိ ထွက်လာခဲ့တာ ဘာသာစကားဆိုလျှင် ကျောင်းခန်းထဲကလွဲလို့ အပြင်မှာ မပြောဖြစ်တော့ ပါဘူး။ ဘာသာစကားအားနည်းတာရယ်၊ အပိုအလျှံငွေအားနည်းတာရယ်က ငါတို့မင်းတို့ကို ပေ(၂၀x၁၅)အခန်း ထဲမှာ နေဖို့အတွက် ဖြစ်လာတော့တာပါပဲ။ ဒါကို ဒီအခန်းထဲမှာ အကျယ်ချုပ်ကျနေသလို ခံစားနေရတယ်ဆိုတာ ကို နားလည်ပေးရမှာပါ။ ငါတို့တတွေအတွက် အမိနိုင်ငံတော်ကပေးတဲ့ငွေဟာ နည်းပါးလှတယ်ဆိုပေမယ့် ငါတို့နိုင်ငံမှာ ဆင်းရဲမှုရာခိုင်နှုန်း(၂၆)ရှိတယ်ဆိုတာရယ်၊ ငါတို့ပညာသင်နိုင်ဖို့အတွက် သူတို့စားဖို့ထဲက ထမင်းလုပ်တွေကို ငါ့တိုကို ခွဲဝေပေးနေရတယ်ဆိုတာ နားလည်ပေးလိုက်ရင် ထောက်ပံ့ငွေ နည်းတယ်၊ များတယ် ဆိုတာကို နောက်ထပ် ပြောမိတော့မှာ မဟုတ်ပါဘူး။ ဒီဟာလေးတွေ တွေးမိလိုက်ရင်ပဲ ဒီဝန်းကျင်လေးထဲမှာ နေနေရတဲ့ကာလလေးမှာ နေပျော်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
          ပြီးတော့ (၁၄-၁၁-၂၀၁၂)ညက စိတ်မကောင်းစွာပဲ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ငါတို့နဲ့အတူ တနေ့တည်းပဲဟင်းသောက်ပြီး၊ တနေ့တည်းကျောင်းဆင်းလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပုံရယ်၊ ဘေးမှာ မျက်ရည်တွဲလွဲကျနေတဲ့အန်တီရယ်၊ ပူဆွေးသောကရောက်နေရှာတဲ့ သူငယ်ချင်းရဲ့အမေရယ် မြင်လိုက်ရတယ်။ လောကကြီးကို နုတ်ဆက်ခွဲခွါသွားတဲ့ သူငယ်ချင်းကိုကြည့်ပြီးတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ငါတို့တတွေဟာ ဒီမှာ ပညာသင်နိုင်ဖို့ရောက်ခဲ့ပေမယ့် တကယ်လို့သာ ပညာဆက်သင်ခွင့်မရရင် ဒီနေရာဟာ ငါ့နေရာ၊ ဘေးမှာငိုနေတာလည်း ငါ့အမေဖြစ်ချင်ဖြစ်နေမှာပါ။ ငါတို့ပညာသင်နိုင်ဖို့အတွက် ငါတို့တာဝန်တွေကို ကျန်ခဲ့တဲ့သူတွေက ပိုတိုးပြီး တာဝန်တွေ ထမ်းဆောင်နေကြရတယ်ဆိုတာကို တွေးမိလိုက်ရင်ပဲ ငါတို့တတွေ ရသင့်ရထိုက်တဲ့ ပညာတွေကို လေ့လာဆည်းပူးချင်စိတ်တွေ နိုးထလာပါလိမ့်မယ်။ ပိုတိုးလာလိမ့်ပါလိမ့်မယ်။
          မကြာခင်မှာ ငါတို့တတွေကို တဆင့်တိုးတာဝန်တွေထမ်းဆောင်နိုင်ဖို့ တဆင့်မြှင့်တဲ့ရာထူးတွေ ချီးမြှင့်တော့မှာပါ။ ဒီကိုရောက်နေတဲ့အချိန်မှာ ကောင်းသည်ဆိုးသည် တွေးမနေဘဲ ပညာကိုသာ ရသလောက် ယူသင့်တင်ထင်မိပါတယ်။ ဒီဂုဏ်ပြုဆောင်းပါးလေးဟာ ဆရာလေသံနဲ့ရေးနေခြင်းမျိုးမဟုတ်ဘဲ အမိနိုင်ငံတော်အတွက်တန်းဖိုးရှိတဲ့ပညာတွေဆည်းပူးရန် ဆိုတဲ့ ငါတို့အားလုံးရဲ့ရည်ရွယ်ချက်ကို မေ့လျော့နေတာပဲဖြစ်ဖြစ်၊ သတိမရတာပဲဖြစ်ဖြစ် မေ့လျော့နေခဲ့လျှင် သတိရလာအောင်နိုးဆွပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမိနိုင်ငံတော်ကောင်းကျိုးအတွက် ဒီဆောင်းပါးလေးက အုပ်တချပ်၊ သဲတပွင့် ကူညီပါဝင် ပံ့ပိုးပေးနိုင်ပါရင် ဆီထိဂွမ်းကဲ့သို့ ၀မ်းသာပီတိ ဖြစ်နေပါတော့မည်။
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More