Wednesday 7 November 2012

ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ်

   ဒီနေ့တော့ ကျောင်းအားလက်ရက်လေးဖြစ်လို့ အင်တာနက်မှာ ဘာသတင်းလေးများ ထူးမလဲဆိုပြီး ၀င်ရောက်မွှေနှောက်မိပါတယ်။ သတင်းတွေကတော့ စုံလင်နေတာပါပဲ။ ဒီအထဲကနေ အမေရိကန် သမ္မတသစ် ရွေးချယ်ပွဲမှာ လက်ရှိသမ္မတ Obama က ပြန်လည်အနိုင်ရရှိခဲ့တယ်ဆိုတဲ့သတင်းရယ်၊ ပြီးတော့ သူရဲ့မိသားစုနှင့်အတူ အောင်ပွဲခံစင်မြင့်ထက်မှာ အောင်ပွဲခံနေတာရယ်၊ ပြီးတော့ ယခုပွဲတတ်ရောက်လာကြတဲ့ ပရိတ်သတ်အတွက် ကျေးဇူးတင်စကားကအစပြုလို့ စကားလုံးတိုင်း လူတွေရဲ့စိတ်ထဲမှာကော နားထဲမှာပဲ ၀င်သွားအောင်ပြောနိုင်တဲ့ သမ္မတအိုဘားမားကိုမြင်ပြီး ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ် ဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်သွားတာပါ။

   ဟုတ်တော့ဟုတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကောင်းမွန်းတဲ့ဆက်ဆံရေး၊ မသင့်မြတ်တဲ့ဆက်ဆံရေး စတာတွေဟာလည်း ဒီစကားကနေ ဆင်းသက်လာတယ်လို့ထင်မိတယ်။ ကျွန်တော့်ကို အကိုစီနီယာတစ်ယောက်က စကားတစ်လုံးရဲ့တန်ဖိုးရှိပုံကို ပြောဖူးပါတယ်။ အောက်လက် ငယ်သားတစ်ယောက်ကို အလုပ်ခိုင်းတဲ့အချိန်မှာ  စကားချိုနဲ့ အလုပ်ကိစ္စဆောင်ရွက်တဲ့အခါမှာ  ပိုပြီးအလုပ်ပြီး မြောက်တယ်။ ခိုင်းတဲ့လူကော လုပ်တဲ့လူကော ပျော်ရွှင်စွာနဲ့ အလုပ်ကို ဆောင်ရွက်နိုင်တယ်တဲ့။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ စတဲ့မေးခွန်းတွေကို မေးတတ်တဲ့ ကျွန်တော့်အကျင့်လေးကြောင့်ပဲ စီနီယာအကိုက ဒီလိုဥပမာလေးနဲ့ ပြောပြပါတယ်။ ဥပမာ- ညီက တပ်ဖွဲ့ငယ်တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ပေါ့။ ညီ့ကိုအထက်ကအမိန့်ပေးလာတယ်။ တစ်ဧကရှိတဲ့တောရိုင်းတစ်ခုကို ညီ့ကို ဦးဆောင်ပြီးရှင်းခိုင်းလိုက်တယ်။ ညီက ဒီအချိန်မှာ လက်အောက်ငယ် သားကို စကားနှစ်ခုထဲက တစ်ခုကို ရွေးပြောရလိမ့်မယ်။ ဘာလဲဆိုတော့ ဒီတောကို ရှင်းကြ ဆိုတာရယ်၊ ဒီတောကို ငါတို့အတူတူ ရှင်းလင်းကြစို့ ဆိုတာရယ်ပေါ့။ ဒီစကားတွေထဲက ညီ ဘယ်စကားကို ရွေးမှာလဲ၊ ဘယ်ဟာက နားဝင်ချိုပြီး လက်အောက်ငယ်သားတွေဆောင်ရွက်ချင်စိတ်ရှိမလဲ၊ အလုပ်ဘယ်လောက်ထိ ပြီးမြောက်မယ်လို့ ထင်သလဲတဲ့။ စာဖတ်သူတွေအနေနဲ့ကတော့ အမျိုးအမျိုး အဖုံဖုံ ရွေးကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီတောကို ငါတို့အတူတူ ရှင်းလင်းကြစို့ ဆိုတဲ့ဟာကိုရွေးပြီး လက်အောင်ငယ်သားတွေကို ထက်ဆင့်ညွှန်ကြားဆောင်ရွက်သွား မှာပါ။ ရှေ့စကားကော၊ နောက်စကားကော အားလုံးက စကားတွေကြီးပါပဲ။
ရွေးသုံးတတ်ဖို့၊ ကျွမ်းကျင်လိမ္မာစွာ ပြောဆိုတတ်ဖို့ အရေးကြီးပုံလေးကို စီနီယာအကိုပေးတဲ့ စကားလေးနဲ့ ဥပမာပေးလိုက်ပါတယ်။ 
    နောက်တစ်ခါ အင်တာနက်ကနေဖတ်ဖူးတဲ့ ကိုဖြိုးသူရရေးထားတဲ့ message လေး တစ်ခု လက်ဆောင်ပေးပါရစေ။
စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့
ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။

တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား
မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။

စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို
အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍
မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ()ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ...........

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။

၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။

၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။

၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။

၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။

၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

စကားပြောဆိုရာ၌ အဓိကထားရမည့် အချက်မှာ မိမိပြောသောစကားသည် သူတစ်ပါးအတွက် မထိခိုက် မနစ်နာ မကြမ်းတမ်းသော စကားများကိုရှောင်ပြီး ကောင်းကျိုးဖြစ်စေလိုသော မေတ္တာဓာတ်ဖြင့်
ပြောဆိုဆက်ဆံမှသာလျှင် မိမိရဲ့စကားသည် အဓိပ္ပါယ်ရှိ၍ အောင်မြင်မှုရပေလိမ့်မည်။

လူ့လောကစကားပြောကြရာတွင် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမောင်နှမများကဲ့သို့ သဘောထားပြီး လိမ်မာယဉ်ကျေးသော စကားလုံးများဖြင့် ပြောဆိုမှသာလျှင် လူရာဝင်သော စကားဖြစ်ပေလိမ့်မည်။ ထို့ပြင် မိမိစကားပြောဆိုမည်ဆိုလျှင်
မိမိရဲ့စကားသည် မိမိပြောချင်သော အဓိပ္ပါယ်ကိုရောက်မရောက်ဆိုသည့်အချက်လည်း သတိထားရန်
လိုအပ်လှပေသည်။ တစ်ချို့က ပြောချင်ဇောဖြင့် ပြောချလိုက်ရာ ဆိုလိုချင်သည်ကားတခြား
ပြောလိုက်သည်ကတခြား ဖြစ်နေတတ်၍ ဒုက္ခတွေ့တတ်ပေသည်
   စကားတစ်လုံးချင်းဆီမှာ သူ့ရဲ့တန်ဖိုးတွေရှိသလို အဲ့ဒီတန်ဖိုးတွေကို ကျွန်တော်တို့အနေနဲ့ ပိုင်နိုင်စွာ အသုံးချတတ်ဖို့လိုအပ်လှပါတယ်။ ကိုယ်က ကြားခံလူတစ်ယောက်ဖြစ်နေပြီဆိုရင်  ပိုတောင်မှ လိုအပ်ပါသေးတယ်။ မိမိမျက်နှာတစ်ခုရဖို့အတွက် အထက်ကလူကြီးတွေကိုတော့  လုပ်နိုင်ကြောင်း၊ ကိုင်နိုင်ကြောင်း၊ ဆောင်ရွက်နိုင်ကြောင်း လုပ်တတ်ပြီး အောက်လက်ငယ်သားကိုတော့ ဒီနေ့အပြီးလုပ်၊ ဘာအကြောင်းပြချက်မှ မလိုချင်ဘူး စတဲ့စကားပြောတတ်တဲ့ လူတွေ အများကြီးတွေ့ဖူးကြမှာပါ။ မြန်မာ စကားပုံတစ်ခုလည်း ကျွန်တော်ကြားဖူးပါတယ်။ အပေါ်ဖား၊ အောက်ဖိ ဆိုတာ ဒါမျိုးကို ဆိုလိုတယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် အောက်ကို ဖိပြီးခိုင်းရတဲ့အခါမျိုးကျရင်တော့ ဒီစကားပုံနဲ့အကျုံးဝင်သွားလိမ့်မယ် မထင်ပါဘူး။   အောက်ကိုဖိပြောတယ်ဆိုတာထက် စကားကိုကျွမ်းကျင်လိမ္မာစွာ သုံးတတ်၊ စွဲတတ်ရင် အောက်လက်ငယ်သားကလည်း ချစ်၊ ကြောက်၊ ရိုသေ၊ အထက်လူကြီးကလည်း အလေးထားတဲ့ လူတစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
   လူတိုင်းမှာ သူ့ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြစမြဲပါ။ ကျွန်တော်လည်း ကျွန်တော့်မှာရှိတဲ့ မဆိုစလောက်အရည်အချင်းလေးနဲ့ ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ် ဆောင်းပါးလေးကို ရေးလိုက်မိပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည် 

  

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More