တောင်သာသားလေးတစ်ယောက် ပျောက်နေတယ်လို့ပဲပြောပြော၊ ပေါ်မလာတာလားပြောပြော ဘယ်လိုပဲပြောပြော အပြောခံဖို့အသင့်ပါပဲ။ အကြောင်းပြချက်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ စာမေးပွဲနီးလာလို့ စာတွေလုပ်နေရတယ်လို့ပဲ ပြောရမှာပါ။ အရင်ကတော့ ပြည်ပကနေ မာစတာဘွဲ့လောက်ပဲ ယူပြီး အမိမြေကို ပြန်တော့မယ်လို့ စိတ်ကူးထားတာပါ။ ဒါပေမယ့် တောင်သာသားလေးဆီမှ ပညာတွေ မပြည့်သေးဘူး၊ မလုံလောက်သေးဘူးလို့ စိတ်ထဲမှာတွေးမိတယ်။ ဆက်ပြီးလေ့လာရအုံးမယ်၊ ဆည်းပူးရအုံးမယ်ဆိုတာကို စိတ်ကအလိုလိုသိနေတာနဲ့ ပါရဂူဘွဲ့လေးများ အဆင့်မှီလာမလားဆိုပြီး စာတွေကုန်းလုပ်နေတာပါ။
တနေ့ကပေါ့။ တောင်သာသားလေးတို့ကျောင်းတတ်တဲ့မြို့မှာ ကျောင်းသားတွေအတွက် ကားကဒ်တွေ လစဉ်ထုတ်ပေးပါတယ်။ ဒါပေမယ့် အခု (၀၁-၀၁-၂၀၁၂)ကနေစပြီးတော့ ကားကဒ်တွေ ထုတ်မပေးတော့ပဲ ဖုန်းကဒ်တွေလို လစဉ်ငွေသွင်းတဲ့ ကဒ်တွေ လုပ်ရမယ်လို့ ကျောင်းသားရေးရာဌာနက ပြောပါတယ်။ လုပ်ဆိုတော့လည်း လုပ်ပေါ့။ တောင်သာသားလေးဦးစီး (၃)ယောက်သွားတယ်ပေါ့ဗျာ။ (ဆက်ရှင်တစ်ခုလုံးစာအတွက်)။ သွားလုပ်ရမယ့်နေရာက မြေအောက်ရထားဘူတာတွေမှာပါ။ ပထမဆုံး အဆင်ပြေနိုင်ဆုံး ဘူတာကိုသွားပြီး စာရွက်စာတမ်းတွေနဲ့ ကားကဒ်(ငွေသွင်းကဒ်) လုပ်ချင်ပါတယ်ပေါ့။ အန်တီကြီး တစ်ယောက်ကပြောတယ်။ လာလုပ်တဲ့သူအတွက်ပဲ လုပ်လို့ရတယ်တဲ့။ ကြားရတဲ့စကား နားဝမှာ မသက်သာလိုက်ပါဘူး။ လာရတာအဝေးကြီးလေ။ ကားတတန်၊ မြေအောက်ရထားတတန်နဲ့ပေါ့။ လုပ်ပါဗျာ၊ ကူညီပါအုံးဆိုပြီး အဖြူတဖြူသွားလေးတွေပေါ်အောင် ပြုံးပြီး ပြသော်လည်း မရပါ။ ကိုယ်တိုင်လုပ်ချင်ရင် ကိုယ်တိုင်လာပါတဲ့။ လုပ်လို့မရရင် ရအောင်လုပ်မယ်ဆိုပြီး မြေအောက်ရထားဘူတာ (၈)ခုလောက် လိုက်မေးလိုက်ပါတော့တယ်။ ဟော---နောက်ဆုံးဘူတာမှာ တွေ့ပါပြီး။ ကောင်တာမှာ ထိုင်နေတဲ့ အန်တီကြီးမျက်နှာကိုက နူးညံ့သိမ်မွေ့နေတာပါလားလို့ (အကုန်ကူညီလို့လဲ ပါလောက်ပါတယ်)။ အန်တီရေ ကျွန်တော်တို့ ကားကဒ်လေးလုပ်ချင်လို့ပါပေါ့။ ရပါတယ်တဲ့။ အစတော့ အဆင်ပြေတယ်ဗျ။ တ၀က်လောက်လဲရောက်ရော ဗွေဖောက်လာတယ်။ သူ နေ့လည်စာ စားချိန်ရောက်ပြီတဲ့။ မနက်ဖြန်မှ လာတော့တဲ့။ သွားဖြဲလဲမရ၊ မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြလည်း မရတော့။ ကဲ နောက်ဆုံးတော့ ထွက်စမ်းအကြံဥာဏ် ထွက်စမ်းအကြံဥဏ် လို့ ပြောတော့ အကြံတော့ထွက်မလာပါဘူး။ အိတ်ထဲက ပိုက်ဆံ (၅၀၀)တန်လေး ထွက်လာပြီး ကပ်တိုးလေး အန်တီအတွက် ကော်ဖီဖိုးလေးပါပေါ့။ (စိတ်ထဲမှာတော့ အဆင်ပြေပြီပေါ့)။ အပြင်မှတော့ မတူဘူးဗျ။ ငါ့မှာ အဲ့ဒါမလိုဘူးတဲ့ ပြန်ပြောလိုက်ပါတယ်။ (စိတ်ထဲမှာ မူနေတာနေမှာပါလို့တော့ တွေးမိပါတယ်)။ အမှန်အတိုင်းပဲ ၀န်ခံလိုက်ပါတော့တယ်။ ကျွန်တော်တို့က အဝေးကနေလာရလို့ပါ၊ သူငယ်ချင်းတွေက ကျောင်းချိန်ရှိလို့ပါ၊ ကားတတန်၊ မြေအောက်ရထား တတန် လာရလို့ပါ၊ စသည်ဖြင့်ပေါ့။ ဟော အဲ့ကျမှ အဆင်ပြေသဗျ။ နေ့လည်စာ စားပြီးရင် လာခဲ့တဲ့။
နေ့လည်စာစားပြီး ကျန်တဲ့လူတွေအတွက် ဆက်လုပ်ပေးနေပါတော့တယ်။ ပြီးခါနီး မှာ မနက်က မူနေတာနဲ့ ပိုက်ဆံမယူတာ အခုတော့ ယူလောက်တယ်ဆိုပြီး ဒုတိယအကြိမ် ထပ်ပေးမိပါတယ်။ ဒီတကြိမ်လည်း မယူဘူးဗျ။ (အော် စိတ်ထဲမှာတော့ တော်တော်လေးကို ချီးကျူးမိပါတယ်)။ ငါတို့နိုင်ငံက လူတွေနဲ့များကွာပါ့။ ဒီကပေးတာတောင် မယူဘူးလို့။ တို့နိုင်ငံက မပေးတာတောင် အတင်းတောင်းချင်နေတာလို့။
စိတ်ထဲမှာလည်း ငါတို့နိုင်ငံမှာ ဒီလိုဝန်ထမ်းတွေ အများကြီးရှိရင် ဘယ်လောက်များကောင်းလိုက်မလဲ။ နောက်ကျနေတဲ့ ငါတို့နိုင်ငံကြီး ရှေ့ရောက်ဖို့ ဒီလိုဝန်ထမ်းတွေအများကြီး လိုအပ်တယ်လို့ လမ်းလျှောက်ရင်း အတွေးလေးတွေ ၀င်လာနေပါတယ်။ ငါလည်း ဒီလိုဝန်ထမ်းဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လေးစားဖွယ်၊ အတုယူဖွယ် ၀န်ထမ်းတစ်ဦးကို ဂုဏ်ပြုရင်း.......။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
1 comments:
မှန်၏......
Post a Comment