Wednesday 12 October 2011
ဝီရိယအကြောင်း
ဝီရိယအကြောင်း
အားထုတ်ခြင်းသဘောကို ``၀ီရိယ´´ဟုအများနားလည်ကြပြီး၊ ထိုအားထုတ်ခြင်းသဘောကို စဉ်းစာလျှင် ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက် ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောတည်း။ ထို့ကြောင့် ´ရဲစွမ်းရောက်က ၀ီရိယ´ဟုဆိုခဲ့ပေသည်။ ထိုစကားမှန်၏။ ၀ီရိယ လုံ့လကင်းမဲ့သူ ကို ``အပျင်းထူသူ´´ ဟုခေါ်ကြသည်။ ထိုငပျင်းကား အလုပ်တစ်ခုရှိလျှင် ``စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါ သေးတယ်၊ ယနေ့ထမင်းစားလို့ မကောင်းဘူး၊ ယနေ့ ထမင်းအများကြီးစားမိလို့ နည်းနည်းနေမကောင်းဘူး။ နေကောင်းပြီးစမို့ ခရီးသွားစရာ ရှိသေးလို့၊ ခုမှ ခရီးပြန်ရောက်စမို့´´ စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမည့် အရေးကိုတွေး၍ ကြောက်နေတတ်၏။ ထိုသို့ ပျင်းသော စိတ်သည် ကုသိုလ်စိတ်မဟုတ်။ ထိန မိဒွ လွန်ကဲသော အကုသိုလ်စိတ်ပင်ဖြစ်သည်။
    ၀ီရိယ လုံလရှိသူကား အအေး အပူစသည်လောက်ကို မဆိုထားဘိ၊ တကယ့် ကိစ္စကြုံလာလျှင် အသက်ကိုပင် ဂရုမစိုက်နိုင်ဘဲ ရင်ဆိုင်တွေ့ နေသော ကိစ္စကိုပင် အားပါးတရ ပြုလုပ်ရဲလေသည်။ မဟာဇနကဇာတ်၌ ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် ၇၀၀ တို့သည် ၀ီရိယကို လျော့၍ ဖိရိုးဖလာနတ်များကိ တိုင်ကြ၊ ပ သ ကြ သော်လည်း ကယ်ဆယ်သူပေါ်မလာ။ ငါး၊ လိပ် တို့၏ အစာသာ ဖြစ်ကြရသည်။ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ် ရဲသွေး ၀ီရိယ ကိုသာ အထပ်ထပ်မွေးပြီးလျှင် ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော်မူခဲ့ပေသေးသည်။ ဤသို့ဆိုလျှင် ၀ီရိယ ဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောတည်း။
  ကျန်းမာရေး
စီးပွားရေး
   စီးပွားရေးတွင်လည်း အပူအအေး စသည်တို့ကို ကြောက်ရွံ့နေလျှင် ၀ီရိယရှိသူများက ထိုသူ့အရင် ရောင်းဝယ်နှင့်ကြသဖြင့် ၀ီရိယကင်း သူမှာ အရာရာပင်နောက်ကျ၍ နောက်ချေးနှင့်သလဲသာ ရတော့လတ္တံ့။ မြန်မာအမျိုးသာတို့ ၀ီရိယနည်းပါးပုံမှာ စံနမူနာ တင်လောက်ပါပေသည်။  လူမျိုးခြားတို့က နံနက်စောစော ထပြီးလျှင် ကျက်သရေရှိအောင် ရောင်းဝယ်မှုကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်း လှည်းကျင်းသူကလှည်းနှင့် ရေမိုးချိုးကာ အ၀တ်အစားလဲ၍ လက်ဖက်ရည် ကလေးများသောက်ပြီးမှ အလုပ်ခွင်၌ ၀င်နေချိန်ဝယ် များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှမထကြသေး။ အိပ်ရာမှထခါနီးလည်း လွန့်ကာ လိမ့်ကာ သန်းကာ ဝေကာနှင့် မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင်ထပြီး နောက် အတော်ကြာကြာပင် ကျက်သရေမရှိသော ပုပ်သိုးသိုး မျက်နှာဖြင့် မှိုင်နေလိုက်ကြသေး၏။ ထိုမျှလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးဘက်က တန်းတက်နိုင်တော့အံ့နည်း။
အမျိုးသမီးများကျေးဇူး
  မြန်မာအမျိုးသမီးတို့ကား ကူးသန်းရောင်းဝယ်ရေး၌ ကိုယ်တိုင်ပါဝင်နေကြရှာ၏။ များစွာသော ဈေးသည်တို့မှာ အမျိုးသမီးများသာ ဖြစ်သည်။ ထိုဈေးသည် အမျိုးသမီးများ အရွယ်လောက်ရှိသော အမျိုးသားတို့ကား ကျောင်နေသူနေ၊ အလုပ်လက်မဲ့ဖြစ်သူက မိမိတို့ မိဘနှင့် အစ်မ နှမ များကို မှီခိုအားထား၍ နေကြရ၏။ မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နကြပါမူ ဤမြန်မာနိုင်ငံသည်ူယခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ်ရှိ၏။ အမျိုးသမီးများ၏ ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြသည်။
နှစ်ဖက်စလုံးကြိုးစာလျှင်
    စီးပွားရေး၌ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမည် ဆိုပါလျှင် (မြို့များ၌ အမျိုးသာတို့က တစ်ဖက်တစ်လမ်း စီးပွားရှာနိုင်ကြလျှင်)  ဤမြန်မာနိုင်ငံတော်သည် ထွန်းသစ်စ လ၀န်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရော အမျိုးမျိုးထွက်၍ တိုးတက်သော နိုင်ငံကလေး
ဖြစ်လာပေမည်။
 ပညာရေး
     အမျိုးသားတို့သည် စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး။ ပညာရေးဘက်မှာလည်း ဂုဏ်ထူးနှင့်အောင်မြင်သူ နည်းပါးလှသည့်အပြင် အထက်တန်း ပညာရပ်များ၌လည်း အခြားလူမျိုးများထက် ရာခိုင်နှုန်းနည်းပါးသည်ဟု ကြားရ၏။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အမေက အမွေးညံ့၍ချည်း မဟုတ်တန်ရာ။ ကျောင်းတော်ကြီးများဝယ် ငွေကုန်ကြေးကျများစွာ ခံပြီး နေကြပါလျက် ငွေထောက်ပံ့ကြရသော မိဘ အစ်ကို အစ်မ တို့ကို မငဲ့ညှာဘဲ လုံ့လ၀ီရိယကင်း၍ အပျင်းပေါပြီး ကမြင်းကြော ထနေမှုတို့ကြောင့်သာ အများအပြားဖြစ်တန်ရာ၏။
    တက္ကသိုလ်သို့ ရောက်ကြသည့်အချိန်မှာ အသက် 17-20 နီးပါးရှိကြပေးလိမ့်မည်။ ထိုမျှလောက်သော အသက်ရှိသော တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ၊ စသော လူမျိုး၏ ကျက်သရေဆောင် လူငယ်တွေ ထွန်းကားခဲ့သော အမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ အဘယ့်ကြောင့် အပျင်းဘ၀၌ အဖျင်းအအ လုပ်နေကြသနည်း။ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားဖြင့် ရဲရဲတောက်တောက် ကလေးများ ဖြစ်သင့်ကြသည် မဟုတ်လော။
     ဤသို့ ကျန်းမာရေး၊ စီးပွားရေ။ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်း၍ အပျင်းများမှုကြောင့် ဖြစ်သည်။
ဝီရိယကြောင့် ဘုရားဖြစ်
    ငါတို့ ကိုးကွယ်ရာ ဗုဒွမြတ်စွာသည် ကိုယ်တော်တိုင် ၀ီရိယ ပါရမီကို ကြိုးစား၍ ဘုရားဖြစ်တော်မူသည်။ ဘုရားဖြစ်တော်မူပြီးလည်း မနားမနေ တရားဟောတော်မူခဲ့ပေ၏။ ထို ဟောတော်မူသမျှ တရားတိုင်းမှာ သိဖို့က ပထမ၊ သိသည့်အတိုင်း ကြိုစားဖို့က ဒုတိယထား၍
   ``၀ါယမေထေ၀ ပုရိသော၊ န နိဗွိန္ဒေယျ ပဏ္ဍိတော´´
    ``ယောင်္ကျားမှန်းက ကြိုးစားသင့်စွာ၊ ပညာရှိ မပျင်းမရိရာ´´
ဟုဟောတော်မူသည်။
   ဗုဒ္ဓကို အားကိုးသူ၊ ဗုဒ္ဓတရားကို လိုက်နာသူ ဗုဒ္ဓဘာသာဝင်ဟူ၍ အခေါ်ခံနေကြသော မွန်မြန်မာတို့မှာ ဗုဒ္ဓ၏ တရားတော်ကို သင့်တော်ရာ ချိတ်ထားလိုက်ကြသဖြင့် ဘာသာခြားတို့က ဗုဒ္ဓ၏ တရားတော်နှင့် လောကီရေးရာဝယ် လိုက်စားလျက် ဧရာမဓနရှင် ပညာရှင်ကြီးများ ဖြစ်နေကြလေပြီ။ ဗုဒ္ဓဘာသာဝင်တို့ကား ရှင်ပြုတုန်းက ရွှေထီးဆောင်းရသည်ကိုပင် ဂုဏ်ယူကာ ၀တိသာ မြင့်အောင် စိတ်ထားသော်လည်း လူအနေမှာမူ ချုံကြားက မထွက်နိုင်ကြသေးချေ။ ထို့ကြောင့် ``တို့သားအဖတစ်စု ပြင်ထိုင်ကြဦးစို့ ဟူသကဲ့သို့ ငါတို့ တစ်စုလည်း အပျင်းကို ပယ်ရှား၍ ၀ီရိယသမားဖြစ်အောင် ပြင်ကြဦးစို့။
`` ၀ီရိယ၀တော ကိံနာမ နသဇ္ဈတိ = လုံလ၀ီရိယရှိသူမှာ မပြီးနိုင်သော အရာမရှိ´´
 (၀ီရိယကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတော်တိုး သဘောမျိုးဖြင့် အကျိုးမများသော ၀ီရိယကို မဆိုလို။ စဉ်းစာဥာဏ်ပါသော ၀ီရိယကိုသာ ဖြစ်စေလို့သည်။)
1 comments:
ကောင်းလိုက်တဲ့ ဆောင်းပါေးလေး
လူငယ်တွေကို ဖတ်စေချင်မိတယ်.
အပျင်းထူတဲ့အထဲမှာ ကိုယ်ပါ ပါနေပါလားလို့ သတိထားလိုက်မိတယ်
ဒီဆောင်းပါးလေးအတွက် ကျေးဇူးတင်ပါတယ်
Post a Comment
TIME AND TIDE WAIT FOR NO MEN
Share
Twitter Delicious Facebook Digg Stumbleupon Favorites More