တောင်သာသားလေးတစ်ယောက် အိပ်မပျော်နိုင်၊ စားမ၀င်နိုင်ဖြစ်နေတာ (၁)ပါတ်လောက် ရှိနေပြီထင်။ အကြောင်းကတော့ တောင်သာသားလေးတို့ ပညာဆည်းပူးနေတဲ့ကျောင်းမှာ နိုင်ငံခြားကျောင်းသားရေးရာ ဌာန ဆိုတာရှိပါတယ်။ နှစ်စဉ်ဆိုသလိုပါပဲ နှစ်ပါတ်လည်ပွဲတွေ လုပ်ဖြစ်ပါတယ်။ ဒီနှစ်လည်း ဌာနမှူးက လုပ်ချင်ပါတယ်ဆိုပြီး တဂျီဂျီလုပ်နေလေရဲ့။ ဒါဆိုလည်း ဒီနှစ်လည်း ရိုးရာမပျက် လုပ်နိုင်ဖို့ ပွဲဖြစ်မြောက်ရေး အစည်းအဝေးလေး ခေါ်လိုက်ပါတော့တယ်။ တောင်သာသားလေးကတော့ မာစတာဒုတိယနှစ်ဆိုတော့ ကန့်လန့်ကန့်လန့်ပေါ့။ လိုအပ်တာကူညီပေးနိုင်အောင်ဆိုပြီး အစည်းအဝေးတတ်ဖြစ်ပါတယ်။ ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဘယ်လိုဖျော်ဖြေမှုတွေထည့်မယ်၊ ဘယ်လိုသီချင်းတွေ ဆိုသင့်တယ်၊ ဘယ်လိုအကတွေ ထည့်သင့်တယ်၊ ဘယ်လိုအော်ပရာတွေ ထည့်သင့်တယ် စသည် စသည် စုံလို့ပါပဲ။ တောင်သာသားလေးတစ်ယောက်လည်း ဟိုလူပြောတာ နားထောင်လိုက်၊ ဒီလူပြောတာ နားထောင်လိုက်နဲ့ ခေါင်းတောင် နည်းနည်းမူးချင်သလို ဖြစ်လာပါတယ်။ နောက်ဆုံး ကျောင်းသားခေါင်းဆောင် အကိုကြီးရဲ့ စကားသံကြားလိုက်မှပဲ မူးချင်တာတွေ ဘယ်ရောက်သွားမှန်းမသိတော့။ ဘာဖြစ်လို့လဲဆိုတော့ presenter အစီအစဉ်ကြေငြာသူကိုတော့ ကို့ညီ တောင်သာသားလေးပဲ လုပ်ရမယ်တဲ့။ ပြန်ပြောဖို့ အားယူလိုက်ပါသေးတယ်။ အကို ကျွန်တော်က ---- မလုပ်ချင်တဲ့အကြောင်းပြချက်ပေးဖို့ပါပဲ။ သို့ပေးမယ့်လည်း မလုပ်ချင်တဲ့အကြောင်းပြချက်ကို ရင်ထဲမှာပဲ ထားလိုက်မိတော့တယ်။ ခိုင်းတာမလုပ်တာက အလုပ်ကိုခေါင်းရှောင်တာလား၊ အလုပ်ကို စိတ်မ၀င်စားတာလားဆိုပြီး အထင်ခံရမှာတော့ ကြောက်မိပါတယ်။ ဒါကြောင့် လက်ခံလိုက်မိသည်။ သို့ပေမယ့်လည်း စိတ်ထဲမှာတော့ ငါ ဘာသာစကားကလည်း အားနည်းတယ်၊ လူရှုပ်ရှုပ်ထဲလည်း မ၀င်ရဲ၊ အခုဟာက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ စစ်သံမှူး၊ ကျောင်းအုပ်ကြီး လာမယ့် နှစ်ပါတ်လည်းပွဲ၊ စသည်စသည် ဖြင့် အတွေးပေါင်း များစွာတွေးနေမိရင် စားမ၀င်၊ အိပ်မပျော်ဖြစ်နေတာ (၁)ပါတ်လောက်ဖြစ်နေတာပါ။
နောက်ဆုံးတော့ စိတ်ကို ငြိမ်အောင်ထားပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတော့တယ်။ ဘာလဲဆိုတော့ မလုပ်မဖြစ်လုပ်ရတော့မယ့်အလုပ်တစ်ခုကို တွေးပူနေမယ့်အစား အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တာက ပိုကောင်းမယ်ဆိုတာကိုပေါ့။ နှစ်ပါတ်လည်ပွဲမရောက်ခင် (၁၀)ရက်လောက် အလိုကတည်းက ဘာသာစကားရတဲ့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီးတော့ ရေချိုကန်၊ မျက်နှာသစ်ခန်းထဲ သွားပြီး အသံနေအသံထား တိုက်ကြည့်၊ ရွတ်ကြည့်၊ ဖတ်ကြည့်လုပ်နေမိတယ်။ သူငယ်ချင်းကလည်း မင်းဒီနေရာကတော့ ဒီလိုလေး ပုံမှန်မပြောဘဲ အသံလေးလေး လေး ပြောသင့်တယ်၊ အသံပေါ့ပေါ့လေး ပြောသင့်တယ်၊ အကြံဥာဏ်တွေ ပေးလိုက်၊ လိုက်ပြီးတော့ အတူတူ ပြောလိုက်၊ ဆိုလိုက်နဲ့ အားကိုးရပါတယ်။ အခုဒီစာရေးနေတုန်းမှာလည်း အဲ့ဒီသူငယ်ချင်းကို ကျေးဇူးတရဖြစ်နေတုန်းပါပဲ။
သူငယ်ချင်းနဲ့ပြောတာဆိုတာ အဆင်နည်းနည်းပြေတာနဲ့ အနောင်စာလုပ်မယ့် ကျောင်းသူလေးကိုခေါ်ပြီး ဘယ်လိုပြော၊ ဘယ်လိုဆို၊ ဘယ်လိုဖြတ်ဆိုတာကိုလည်း သူမဆီက တဆင့်ပြန်သင်နေရပါသေးတယ်။ မိန်းခလေးကလည်း အလုပ်ကလည်း ရှုပ်ရှုပ်လေးပါပဲ။ တစ်ပါတ်လုံးမှ တနင်္ဂနွေ နေ့လည် (၄၅)မိနစ်လောက် သာ အချိန်ရတယ်။ တခါတလေတော့လည်း ဒီကတော့ စိတ်ပူ စိုးရိမ်နေရတာ ဒီကောင်မလေးကျတော့လည်း တနင်္ဂနွေတောင် ၄၅ မိနစ်လောက်ပဲ ပေးတာပါလားဆိုပြီး စိတ်ထဲမှာ သိပ်အမြင်မကြည်။ တခါတလေတော့လည်း ဒါက သူတို့မိခင်ဘာသာစကား ဆိုတော့လည်း သူတို့အတွက် မခက်ခဲလို့နေမှာပေါ့ဆိုပြီး အကောင်းမြင်စိတ်လေး ပြန်ထည့်လိုက်ရတယ်။
သူမကတော့ အားပေးပါတယ်၊ အားလုံးအဆင်ပြေမှာပါတဲ့။ ပြောဖို့ဆိုဖို့ အဆင်ပြေပြန်တော့လည်း အ၀တ်အစား ဒီဇိုင်းအတွက် ပြင်ရပြန်ပါတော့တယ်။ အဲ့ဒါမှာ တကယ့်အဓိက ပြသနာ၊ တောင်သာသားလေးခဗျား အစကတည်းက ကိုရိုးကြီးလို့ နာမည်ခေါ်ရလောက်အောင် ရိုးရိုးအအ၊ ဗေထုံထုံနဲ့ အ၀တ်အစားဒီဇိုင်းဆိုတော့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့။ အဲ့ဒါနဲ့ပဲ ပုံစံဆန်းဆန်း လေးတွေ ၀တ်တတ်တဲ့ သူငယ်ချင်းကို တောင်သာသားလေး ဒီဇိုင်နာခန့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သူငယ်ချင်းရေ ငါ့ရဲ့ မည်းနက်တဲ့အသားအရောင်၊ ပိန်ရှည်ရှည်အရပ်၊ ၀က်ခြံတွေ တစ်လုံးနှစ်လုံး(မန်ချည်းသီးခန့်) ပေါက်နေတဲ့ မျက်နှာ၊ ချွန်နေတဲ့မေးရိုး၊ မှုံတုန်တုန်မျက်လုံးတွေနဲ့ မင်းအဆင်ပြေသလိုသာ ဒီဇိုင်နာလုပ်ပေးဖို့ အကူအညီတောင်းပါတယ်ကွာလို့ ပြောလိုက်ပါတယ်။
နောက်နေ့မှာတော့ သူငယ်ချင်းနဲ့ စတိုးဆိုင်တစ်ဆိုင်မှာ ၀ယ်ရမယ့်အ၀တ်အစားတွေ ၀ယ်နေမိတော့တယ်။ ကိုကပ်စီးလို့ နာမည်ရထားတဲ့ ကျွန်တော်တစ်ယောက်၊ အခုတော့ ကျွန်တော့်ဒီဇိုင်နာဆင်ပေးလိုက်တဲ့ အ၀တ်အစားတွေက မြန်မာငွေနဲ့ဆို (၂)သိန်းဖိုးလောက် ။ ဟာ သွားပါပြီဗျာ ကျွန်တော့်လစာလေးတော့ ကုန်ပါပြီလို့။ ဒါပေမယ့်လည်း ဒီဇိုင်နာရှေ့မှာ မပြောရဲ။ အားလုံးမိုက်တယ်၊ အားလုံးကြိုက်တယ်ပေါ့။ ရင်ထဲမှာတော့ တထင့်ထင့်။ အ၀တ်အစားလည်း အဆင်ပြေ၊ ပြောဖို့အတွက်လည်း အဆင်ပြေသွားပြီပေါ့။
နောက်နေ့ နှစ်ပါတ်လည်ပွဲ ရောက်ပါပြီ။ ညနေ(၅)နာရီ ပွဲစဖို့ လုပ်ထားသည်။ လိုက်ကာကြီးချထားသောကြောင့် ပွဲစင်ပေါ်ကို ကျွန်တော်တတ်သွားပြီးတော့ စင်အလယ်ကို တစ်ကြိမ်၊ စင်ဘေးဘက်ဆီကို တစ်ကြိမ်ဆီ ကန်တော့နေမိတယ်။ အားလုံးအဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ပါစေပေါ့။ အော် --- အရေးထဲ ကျွန်တော့်ဘေးနားလာပြီး အနောင်စာလုပ်မယ့်ကောင်မလေးကလည်း ငါလည်း ကြောက်နေတာ၊ ကြောက်နေတာ အော်နေလို့ သူ့ကို ပြန်ချော့ရသေးတယ်။ မကြောက်ပါနဲ့ အားလုံးအဆင်ပြေမှာပါ၊ ဘာညာပေါ့။
လိုက်ကာကြီးဖွင့်လိုက်ပါပြီ။ ဧည့်သည်ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေ ဆူညံသွားလေရဲ့။ စစလာချင်း ဘာမှမပြောရသေးဘဲ ယဉ်ကျေးမှုအကတစ်ခုနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူတို့ပြီးမှ ကျွန်တော်တို့ အနောင်စာနှစ်ယောက် ခြေလှမ်းညီစွာလျှောက်ရင်း စင်အလည်မှာရပ်၊ ဦးညွတ်ပြီး မိတ်ဆက်စကားပြောနေမိပါတယ်။ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ ကျွန်တော့်လက်ကလေး မသိမသာတုန်နေတယ်ဆိုတာ ထိမ်းပေမယ့်မရ၊ မသိမသာတုန်နေမြဲ။ အစပါပဲ ။နောက်ပိုင်းတော့ အိုကေသွားပါတယ်။ စင်လည်းမကြောက်တော့၊ ပရိတ်သတ်လည်း မကြောက်တော့ပါ။ ပြောစရာရှိတာ ပြောနေလိုက်တာ၊ ပွဲပြီးသွားတာ မြန်တယ်လို့တောင် ထင်နေမိပါတယ်။ ပွဲစပြီး (၂)နာရီလောက် ကြာမှာတော့ အောင်မြင်စွာ ပွဲလေး ပြီးသွားခဲ့ပါတယ်။
တောင်သာသားလေးတစ်ယောက် အလုံးကြီးကျသွားတာလား၊ လူကပဲပေါ့သွားတာလားမသိ၊ လမ်းလျှောက်ရတာကိုက ပေါ့ပေါ့ပါးပါး၊ သွက်သွက်လပ်လပ်။ အားလုံးနဲ့ ဓါတ်ပုံတွေရိုက်၊ နုတ်ဆက်ရင်း အောင်မြင်မှုအပြုံးတွေနဲ့ ကပွဲဆီက ထွက်ခွါလာမိပါတော့တယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment