Tuesday, 1 May 2012

ပျော်ရွှင်မိတဲ့ ကျောင်းပိတ်ရက်လေး

   တောင်သာသားလေးတစ်ယောက် ပေကြောင်ကြောင်နဲ့ ကူရသော့ (куратов) အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ ဘာသာစကားလည်း သိပ်မရတော့ သူတို့ကျောင်းသားတွေကြားထဲမှာ သူတို့ ဘာပြောပြော ပေကလပ် ပေကလပ် မျက်လုံးအပြူးသားလေးနဲ့ပဲ နားစွင့်နေမိတယ်။ အပါတ်စဉ်စနေနေ့တိုင်း ကျွန်တော့်တို့အဖွဲ့ဝင်လေးတွေ ဆွေးနွေးပွဲလေးတွေ အမြဲလုပ်ဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်း အတူတာတွေ စကားပြောနည်း၊ နေနည်းထိုင်နည်း၊ စတာတွေအများကြီးကို ကျောင်းသားအကြီးတွေက သင်ပေးပါတယ်။  ဒါတောင် ကျွန်တော်တို့ ကျောင်းသားအကြီး ( старший куратов) ပြောသမျှနားမလည်သေးပါဘူး။ နားလည်ရင် ဒီထက်ပိုပြီး မျှဝေနိုင်မှာပါ။ ကျွန်တော်တို့ကျောင်းက ကျွန်တော်ရယ်၊ ကျန်သူငယ်ချင်း(၂)ယောက်ရယ်ဆိုရင် အဲ့ဒီအဖွဲ့ထဲမှာ  ကျွန်တော်တို့မြန်မာ(၃)ယောက်ပေါ့။ သူတို့ကျောင်းသားတွေကတော့ အဲ့ဒီအဖွဲ့ထဲမှာ  ၁၀၀ လောက်တော့ ရှိမယ်ထင်ပါတယ်။
   (29-04-2012) နေ့လေးကတော့ အမှတ်တရလေး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ (куратов) တွေ အပြင်သင်ခန်းစာလို့ခေါ်နိုင်မလား၊ outdoor သင်ခန်းစာလို့ခေါ်နိုင်မလားမသိ။ အဲ့ဒီသင်ခန်းစာ တွေကို လေ့လာဖို့ သူတို့ကျောင်းသားတွေနဲ့ တောထဲတနေရာကို ရောက်ခဲ့ပါတယ်။ ဒီနေရာလေးမှာ တခုပြောပါရစေ။ တခြားသူတွေလို ကျောင်းပိတ်ရက်အဆောင်မှာ နေလို့ရနိုင်ပေမယ့် ကျောင်းပိတ်ရက် မြန်မာကျောင်းသားတွေနဲ့ အတူမနေပဲ  နိုင်ငံခြားကျောင်းသားတွေနဲ့ ဒီလို သင်ခန်းစာတွေလုပ်တယ်ဆိုတာ နိုင်ငံခြားကျောင်းသားတွေကို အထင်ကြီးနေခြင်းမဟုတ်သလို အထင်သေးနေခြင်းလည်း မဟုတ်ပါဘူး။ သူတို့ကျောင်းသားတွေ ရဲ့ လုပ်ဆောင်မှု၊ ခေါင်းဆောင်မှုတွေကို လေ့လာခြင်လို့ပါပဲ၊ သူတို့ကျောင်းသားတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို ရှယ်ယာလုပ်ချင်လို့ပါပဲ။ 
   မနက်(၉)နာရီမှာတော့ ဈေးဆိုင်တစ်ခုရှေ့မှာစုပြီး ၃ ယောက်တန်း နဲ့ တောစပ်ကို စတင်ခရီးနှင်ခဲ့ပါတယ်။ သိပ်မကြာပါဘူး။ နာရီဝက်လောက်ပဲ လမ်းလျှောက်လိုက်ရတယ်၊ သီချင်းသံတွေ၊ အလံတွေတလူလူနဲ့ ကြိုနေတဲ့ တောစပ်က လူတစ်စုကို မြင်လိုက်ရပါတယ်။ (မြန်မာနိုင်ငံမှာဆို သံချပ်နဲ့ကြိုသလိုပါပဲ)။ ဒီလူတွေက ကျွန်တော့်တို့အဖွဲ့ဝင်တွေလားလို့ မေးလိုက်တော့ သူတို့က အကြီးကျောင်းသားတွေတဲ့။ ကျွန်တော်တို့ အငယ်ကျောင်းသားတွေလာတဲ့အချိန်မှာ သင်ခန်းစာတွေအလွယ်တကူလုပ်နိုင်အောင်၊ သင်ခန်းစာလုပ်မယ့်နေရာတွေကို ကြိုတင်ပြင်ဆင်ဖို့  ပြီးခဲ့တဲ့ (၃)ရက်လောက်ကတည်းက ကြိုတင်ရောက်ရှိနေကြတာပါတဲ့။ 
   ရောက်ရောက်ခြင်းပဲ အဖွဲ့(၆)ဖွဲ့ခွဲလိုက်ပြီး အဖွဲ့တစ်ဖွဲ့ကို လူ၂၀ လောက် ဖြစ်သွားပါတယ်။ အကြီးဆုံးခေါင်းဆောင်တစ်ယောက်က ဒီနေ့လုပ်မယ့် လုပ်ငန်းစဉ်တွေကို ညွှန်ကြားနေလေရဲ့(နားလည်လိုက်၊ မလည်လိုက်ပေါ့) ။ ကျွန်တော်ကတော့ အဖွဲ့တစ်မှာ ပါဝင်သွားပြီးတော့ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ကတော့ ကျောင်းသူလေးပါပဲ၊ နာမည်က ကရီစကျီးနာ (Крыстина) တဲ့။ ဒီနေရာမှာ မှတ်သားဖို့တစ်ခုကောင်းတာက သူတို့ဆီမှာ ယောက်ျားလေး၊ မိန်းခလေး အဆင့်မခွဲပါဘူး။ တန်းတူပါပဲ။ ကျောင်းသားတွေလုပ်နိုင်တဲ့အရာတွေကို ကျောင်းသူတွေလည်း လုပ်နိုင်တယ်ဆိုတဲ့ သဘောနဲ့ ကျောင်းသူခေါင်းဆောင် ဖြစ်နေတယ်ထင်ပါရဲ့။   
    အဖွဲ့ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့ကို ခေါ်သွားပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြပြီးတဲ့နောက် ကိုယ်ရတဲ့နေရာမှာ အ၀တ်လဲဖို့နေရာ၊ မီးဖိုဖို့နေရာ၊ လက်ဆေးဖို့ရေစင် စသည်စသည်တွေ လုပ်နေရင်း ကျွန်တော်တစ်ယောက် လူတစ်စု ဘာလုပ်နေတယ်မသိလို့ အတွေးနဲ့ အဝေးကို မျှော်ကြည့်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အဖွဲ့ခေါင်းဆောင်က မြင့်၊ မြင့် နဲ့ ခေါ်နေသံကို ကြားတော့မှ တွေးလက်စ အတွေးကို လက်စသပ်ပြီး ဟုတ်ကဲ့လို့ ပြောလိုက်ရတယ် (ဒီနေရာမှာ ကျွန်တော်ရှင်းပြခြင်တာက ကျွန်တော့်နာမည်က မြင့်သူစိုးပါ၊ ဒါပေမယ့် သူတို့ကို နာမည်အပြည့်အစုံကိုပြောပြရင် သူတို့ကျွန်တော့်ကို ခေါ်ရတာ ခက်ခဲနေတာကို တွေ့ရပါတယ်။ နောက်ပိုင်းတော့ ကျွန်တော်ကိုယ်တိုင်ပဲ ကျွန်တော့်နာမည်ကို တစ်လုံးတည်းဖြစ်အောင်၊ ခေါ်ရလွယ်သွားအောင် ပြောလိုက်တယ် မြင့် လို့ခေါ်လည်း ရပါတယ်လို့၊ အဲ့ဒါကြောင့် ကျွန်တော့်နာမည် မြင့် ဖြစ်သွားတာပါ) ။ မင်း အဲ့ဒီအဖွဲ့ဆီဲကို သွားတဲ့။ ကျွန်တော်လည်း ဘုမသိ၊ ဘမသိနဲ့ အဲ့ဒီအဖွဲ့ဆီကို ရောက်သွားပါတယ်။ အဲ့ဒီရောက်မှပဲ သဘောပေါက်သွားတယ်။ အခက်အခဲဖြတ်ကျော်ရမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ အဖွဲ့၆ ဖွဲ့က တစ်ယောက်ဆီ ကိုယ်စားပြုတဲ့ ၆ ယောက် ပြိုင်ကြပါတယ်။ အခက်အခဲတွေကတော့မျိုးစုံပါပဲ။  ရွံ့ဘွတ်ထဲပြေး၊ သစ်တန်းခုံကျော်၊ သံကြိုးကိုင်လျှောက်၊ ကြိုးကွင်းတတ်၊ သဲအိတ်ပစ်၊ ကြိုးကွင်းကျော်၊ ရေဘူး(၅ လီတာ) ပိုက်ပြီး တရွတ်သွား၊ သေနတ်ပစ်(ခဲသေနတ်- တချက်မှ ကျွန်တော်ပစ်တာ မထိဘူးထင်ပါတယ်)၊ ငုတ်တိုင်ပေါ်လျှောက်၊ ပလပ်စတစ်ခြေထောက်စွပ်ပြေး၊ မီးချောင်းသွားပြီး နောက်ဆုံး အောင်မြင်မှုပန်းတိုင်ကို ရောက်တဲ့အနေနဲ့ မောင်းထုပြီး အလံကို ကိုင်လိုက်ရပါတယ်။ သူတို့ကျောင်းသူကျောင်းသားတိုင်း အနည်းငယ်မှအပ အားလုံးအောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်တယ်ဆိုတာ တွေ့ရပါတယ်။ 

   အဖွဲ့လိုက်က ကျောင်းသူကျောင်းသားတိုင်း လုပ်ရပါတယ်။ နေ့လည် ၁ နာရီလောက်မှာတော့ အားလုံး ကိုယ့်အဖွဲ့စီကို ရောက်ရှိနေပါပြီ။ ဗိုက်တွေလည်း စားနေပြီပေါ့။ ဒါနဲ့ ကျွန်တော်တို့ နေ့လည်စာ ပြင်ကြတယ် (ခေါက်ဆွဲ+အသားဗူး+ကော်ဖီ+ပေါင်မုန့်+ငှက်ပျော်သီး) စားစရာတွေကတော့ စုံနေတာပါပဲ။

 စားသောက်ပြီးတဲ့အချိန်မှာ အဖွဲ့လိုက်က သီးချင်ရေးတာ ၀ါသနာပါတဲ့သူတွေက ကိုယ့်အဖွဲ့အတွက် သီချင်းလေးတွေ စပ်နေတာ တွေ့ခဲ့ရတယ်။ အားလုံးတော်ကြပါတယ်။ ဒီနေ့မနက်မှ ဖွဲ့လိုက်တဲ့အဖွဲ့လေးက နေ့လည်လောက်လည်းရောက်ကော ကိုယ်ပိုင်နာမည်၊ ကိုယ်ပိုင်သီးချင်းနဲ့ ကိုယ်ပိုင်ကြွေးကြော်သံလေးတွေ ရှိသွားပါတယ်။ 
   အားလုံးစုပြီးတော့ အဖွဲ့လိုက်ရဲ့ သူတို့ရဲ့အဖွဲ့အမည်၊ သူတို့ရဲ့ ကြွေးကြော်သံ၊ သူတို့ရဲ့ သီချင်းတွေကို ပြသကြရတယ်။ အဲ့ဒါပြီးတော့ ကိုယ့်အဖွဲ့မီးဖိုထားတဲ့ နေရာကို ကိုယ်စီသွားကြပြီး ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်က သူမဆောင်းထားတဲ့ ဦးထုတ်လေးကို ချွတ်ပြီး တစ်ယောက်ခြင်းရဲ့ ဒီနေ့အတွက် ခံစားချက်လေးတွေကို ဦးထုတ်လေးလက်ဆင့်ကမ်းရင်း ပြောရပါတယ်။ ကျွန်တော့်အလှည့်ကိုရောက်လာတော့----- အားလုံးပဲ မင်္ဂလာပါသူငယ်ချင်းတို့။ ငါ ဒီနေ့အတွက် အရမ်းပျော်မိသလို၊ အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းတွေနဲ့ ဒီနေ့လေးမှာ မိတ်ဆက်ခွင့်၊ သူငယ်ချင်းဖြစ်ခွင့်တွေ ရလို့ပါပဲ။ တစ်ဦးတစ်ယောက်ကသာ င့ါကို မင်းဘာကြောင့် ဒီအဖွဲ့(куратов)၀င် ဖြစ်ချင်တာလည်းလို့ မေးရင် ငါဒီလိုပြောချင်ပါတယ်။ ငါ့ဘ၀က state school ပြီးကတည်းက စစ်တပ်နဲ့ဆိုင်တဲ့ တက္ကသိုလ်တစ်ခုမှာ တတ်ရောက်ခဲ့ရတဲ့အတွက် အပြင်ကျောင်းသားတွေ ဘယ်လိုစာသင်တယ်၊ ဘယ်လိုနေထိုင်တယ်၊ ဘယ်လို လွတ်လွတ်လပ်လပ်နေခွင့်ရှိတယ်၊ ကျောင်းပိတ်ရက်တွေမှာ ဘာတွေလေ့လာကြတယ်ဆိုတာ သိချင်ခဲ့တယ်။ အဲ့ဒါတွေငါသိချင်ခဲ့တာကြာပါပြီ။ အခုတော့ ငါ့လက်ထဲကို အဲ့ဒီအခွင့်အရေးကြီးရောက်လာပါပြီ။ ငါ အဖွဲ့ဝင်ဖြစ်လာလို့ ရှိရင် မင်းတို့ကျောင်းသားတွေရဲ့ ငါသိချင်၊ လေ့လာချင်တဲ့ အရာတွေကို သိခွင့်၊ လေ့လာခွင့်ရတယ်တဲ့။ အဲ့ဒါကြောင့် ငါ ဒီအဖွဲ့ဝင်ဖြစ်လာတာပါလို့ ပြောလိုက်ပါတယ်။ သူတို့တွေရဲ့လက်ခုတ်သံတွေ ဆူညံ့သွားပါတယ်။ နောက်တစ်ခုမင်းတို့ကို ငါ ထူးမြတ်တဲ့လက်ဆောင်တစ်ခုပေးချင်ပါတယ်။ ဘာလဲဆိုတော့ ငါတို့နိုင်ငံက မင်းတို့နိုင်ငံနဲ့ယှဉ်ရင် သေးငယ်လှပေမယ့် အလွန်မတန် လှပတဲ့နေရာတွေ များစွာရှိပြီးတော့  ငါ့တို့ရဲ့ပြည်သူပြည်သားတွေကလည်း အလွန်မတန်မှ ပျူငှာဖော်ရွေလှတဲ့အပြင် ငါ့တို့နိုင်ငံခေါင်းဆောင်တွေက မင်းတို့အတွက် ဗီဇာမပါဘဲနဲ့တောင် အလည်လာခွင့်ပေးထားပါတယ် လို့ တတ်သလောက်၊ မှတ်သလောက်လေး ပြောမိလိုက်ပါတယ်။ 

   ညနေ(၈) နာရီလောက်ရောက်တော့ မီးဖိုတွေငြိမ်း၊ အမှိုက်တွေသိမ်းရင်းနဲ့ ကျောင်းတော်ကြီးဆီကို ခြေလျင်တတန်၊ ကားတတန်နဲ့ ပြန်ခဲ့ပါတော့တယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More