Sunday 1 July 2012

တန်ဖိုးသိမှ တန်ဖိုးရှိမည်

   တောင်သာသားလေး (သို့မဟုတ်) ဘိုသူ တစ်ယောက် အမိအိမ်လေး(ဘလော့လေး)နှင့်ခွဲနေရတာ ၂ လလောက်တော့ရှိနေပြီထင်။ အလည်လာသူ အကို အမတွေလည်း အလည်လာပြီး အိမ်ရှင်မတွေ့တော့ အားရှိမယ်မထင်ပါဘူး။ အကြောင်းပြချက်သိပ်မပေးတတ်ပေမယ့် နည်းနည်းတော့ ပြောချင်ပါသေးတယ်။ ပထမ ၁ လကတော့ ဒုတိယနှစ် စာမေးပွဲ(အကြီး)နဲ့ နပန်းလုံးနေရပြီး ဒုတိယ ၁ လကတော့ ကွန်ပျူတာ အဟောင်းလေး ရောင်းပြီး အသစ်ပြန်ဝယ်မယ်လို့ စိတ်ကူးမိလိုက်တာပါပဲ။ ၀ယ်တဲ့အကိုက စာတွေလေ့လာဖို့အတွက် ကွန်ပျူတာမရှိမဖြစ်လိုနေတဲ့အတွက်ကြောင့် ဘိုသူကွန်ပျူတာကိုပေးလိုက်တယ်။ ပိုက်ဆံကို လကုန်မှ ပေးမယ်ဆိုတော့လည်း ဘိုသူတစ်ယောက် ခေါင်းညိတ်ရုံကလွဲလို့ ဘာများတတ်နိုင်အုံးမှာလဲ။ ကွန်ပျူတာမရှိတုန်း ဖတ်ဖြစ်ခဲ့တဲ့ သုတ၊ ရသ စာလေးတွေနဲ့ ဘိုသူရဲ့ စပ်မိစပ်ရာ ကွိစိကွစအတွေးလေးတွေကို အကို၊ အမတို့အတွက် လက်ဆောင်ပေးပါရစေ။
   ပထမဆုံးစဉ်းစားမိတာကတော့ ဆရာတော် အရှင်ဇ၀နရေးတဲ့ ထေရ၀ါဒမှတ်ကျောက်စာအုပ်ထဲက တန်ဖိုးသိမှ တန်ဖိုးရှိမယ်ဆိုတဲ့ ဆောင်းပါးတိုလေးပါ။ တောတောင်အတွင်း အလွန်ခေါင်တဲ့ တောရွာတစ်ရွာမှလူတွေက သူတို့အနီးအနားမှာရှိတဲ့ ကျောက်တုံးများကို ဖိုခနှောက် အဖြစ်လည်းကောင်း၊ လူသွားလမ်းအဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ ၄င်းကဲ့သို့ အသုံးပြုနေကြတာ ဘိုးစဉ်ဘောင်ဆက် ကြာလှပါပြီ။ တနေ့တော့ ကျောက်မျက်ရတနာအကြောင်း ကောင်းကောင်းနားလည်တဲ့ လူတစ်စု အဲ့ဒီရွာကို ရောက်သွားပြီးတဲ့အခါကျမှ လမ်းခင်းကျောက်များ၊ ဖိုခနောက်လုပ်ထားတဲ့ ကျောက်တုံး များဟာ စိန်တုံးများ၊ နီလာခဲများဖြစ်နေတာကို သိရတော့တာပါ။ ဒါကြောင့် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ တိုင်းတာမရလောက်အောင် အနှစ်သာရပြည့်ဝ၍ အဖိုးတန်ပါသော်လည်း တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိပြီး တန်ဖိုးမသိသူအတွက်တော့ တန်ဖိုးရှိမှာမဟုတ်ပေ။
   ဒီဆောင်းပါးတိုလေးဖတ်လိုက်တဲ့ခဏအတွင်းမှာပဲ ဘိုသူတစ်ယောက် စဉ်းစားခန်းဝင်နေမိပါတယ်။ တန်ဖိုးသိမှသာ တန်ဖိုးရှိတယ်ဆိုတာ အဟုတ်တော့ အဟုတ်သားဆိုတာ သဘောက်ပေါက်မိပါတယ်။ ဘိုသူတစ်ယောက် ချစ်သောအမိပြည်မှာတုန်းက ကိုယ်ပိုင်ကွန်ပျူတာ မရှိခဲ့ပါ။ သို့ပါသော်လည်း ရုံးပိတ်ရက်များ၊ တခြားအားလက်ရက်များတွင် အင်တာနက်ဆိုင်များသို့ ကွန်ပျူတာသုံးရန် ရောက်ဖြစ်ပါသည်။ ထိုအချိန်များတွင်လည်း သာမန် Entertainment အတွက်သာ အသုံးချခဲ့မိပါတယ်။  ထိုသို့သောအချိန်က အင်တာနက်နဲ့ပါတ်သတ်လို့ သာမန် gtalk, facebook သုံးရုံလောက်သာ သိပါတယ်။ အင်တာနက်သုံးတယ်ဆိုတာ ဒါသုံးဖို့ပဲပေါ့လို့လည်း တွေးမိခဲ့တယ်။ ပညာတော်သင်မောင်ကျောင်းသားတစ်ယောက် ဖြစ်မှပဲ အင်တာနက်ရဲ့ကျယ်ပြန့်ပုံနဲ့ တန်ဖိုးရှိမှုတွေကို အထိုက်အလျောက် သိခွင့်ရခဲ့ပါတယ်။ တန်ဖိုးနည်းနည်းသိလာတော့ အင်တာနက်ဟာ တန်ဖိုးရှိလာတာကို သိလာခဲ့တော့တာပါ။ အဖိုးမဖြတ်နိုင်တဲ့ စာတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ပညာရပ်တွေ လေ့လာနိုင်၊ သိနိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ခဲ့၊ ကြားခဲ့တာပါ။ ဘိုသူကိုယ်တိုင်ပါပဲ။ အင်တာနက်ဆိုတာကို တန်ဖိုးမသိခဲ့တော့ တန်ဖိုးရှိအောင် မသုံးနိုင်ခဲ့ပါ။ ရသင့်သလောက် တန်ဖိုးတွေ မရရှိလိုက်ပါ။
    ဘိုသူ့လမ်းကြာင်းလိုက်နေတဲ့ အလည်လာသူအကိုအမများအတွက်ကိုလည်း  စကားလက်ဆောင်လေး၊ ဒါမှမဟုတ် သတိမမူမိတာလေးကို သတိမူဖြစ်သွားအောင်ပြောပြချင်ပါတယ်။ ဘာလဲဆိုတော့ အင်တာနက်ဆိုင်ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် အင်တာနက်သုံးတဲ့အခါ gtalk, facebook တွေနဲ့ အချိန်ကုန်မယ့်အစား အခြား တန်ဖိုးရှိတဲ့စာပေဗဟုသုတတွေ လေ့လာစေချင်ပါသည်။ လုံးလုံးမသုံးဖို့ ပြောခြင်းမဟုတ်ပါ။ သာမန် Entertainmet တစ်ခုအဖြစ်လောက်တော့ သုံးသင့်ပါသည်။  ဘိုသူ ခဏခဏပြောဖူးပါတယ်။ စာပေနှင့်ဆိုင်တဲ့ စကားလေးတွေကိုပေါ့။ စာဖတ်တိုင်း သမ္မတမဖြစ်ပေမယ့် သမ္မတတိုင်းကတော့စားဖတ်ရမယ်။ စာဖတ်ခြင်းက လူတစ်ယောက်ကိုပြည့်စေတယ် ဆိုတဲ့ စကားလေးတွေပေါ့။ 
   ဘိုသူတစ်ယောက် တတ်လွန်းလို့ ဆရာလုပ်နေခြင်းမဟုတ်ပါ။ ကိုယ်ကိုယ်တိုင် မှားယွင်းစွာ လျှောက်ခဲ့မိတဲ့လမ်းတစ်ခု၊ ၀ိုးတ၀ါးထင်မြင်ခဲ့တဲ့ အမြင်တစ်ခု၊ မသိခဲ့တဲ့ တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးသိသွားအောင် မြင်သာသွားအောင်  ပြောပြခြင်းသာ  ဖြစ်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More