Saturday 1 October 2011

သွေးအားနည်းခြင်းနှင့် အစားအသောက်

သွေးအားနည်းခြင်းနှင့် အစားအသောက်

ပုံမှန်အားဖြင့် လူတစ်ဦးတွင် ဟီမိုကလိုဘင်ပမာဏ ၇၀၊ ၈၀ ရှိသင့်ပြီး၊ ဟီမိုကလိုဘင်ခေါ် သွေးအားမပြည့်ခြင်းကြောင့် ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနှင့် အဆုတ် စသည့်အင်္ဂါများ ပုံမှန်လည်ပတ်မှုကို ထိခိုက်စေနိုင်ကာ အသိဉာဏ်ထုံထိုင်းခြင်းနှင့် မောပန်းလွယ်ခြင်းများအပြင် အသက်သေဆုံးသည်အထိ ဖြစ်ပွားစေသောကြောင့် သေချာစွာစစ်ဆေးကုသမှုခံယူသင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်များကပြောသည်။

    သံဓာတ်နှင့်ပရိုတင်းဓာတ်တစ်မျိုးတို့ ပူးပေါင်း၍ဖြစ်ပေါ်ပြီး၊ သွေးနီဥများတွင်ရှိသည့် ဟီမိုကလိုဘင်ပမာဏချို့တဲ့ပါက သွေးအားနည်းရောဂါမှ သွေးကင်ဆာရောဂါအထိဖြစ်ပွားစေနိုင်ကြောင်း ဟံသာရိပ်မွန်အတွင်း ဆေးခန်းဖွင့် လှစ်ထားသည့် အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောသည်။

    အမျိုးသမီးများ လစဉ်သွေးဆုံးရှုံးမှုကြောင့် သွေးအားနည်းမှုပိုမိုအဖြစ်များကာ မွေးရာပါသွေးအားနည်းရောဂါမှာ အမျိုးသမီးရော၊ အမျိုးသားပါဖြစ်ပွားနိုင်သည်။

    “ထူးခြားချက်တစ်ခုက ကရင်လူမျိုးအများစုမှာ မွေးရာပါသွေးအားနည်းရောဂါပါတတ်ကြတယ်။ သွေးအားနည်းရောဂါက ဖြစ်နိုင်တဲ့အကြောင်းအရာအများကြီးရှိတဲ့အတွက် သေချာစစ်ပြီးကုသင့်ပါတယ်။ တိုက်ဖွိုက်ရောဂါနဲ့ သွေးတိုးရောဂါသမားတွေ ဆေးစားတဲ့အခါ သွေးအားနည်းရောဂါဖြစ်စေနိုင်တယ်။ ပြီးတော့ ကင်ဆာဆေးတွေကလည်း သွေးအားနည်းစေပါတယ်”ဟု အထွေထွေရောဂါကုဆရာဝန်ဒေါက်တာသိန်းထွန်းကပြောသည်။

    သွေးအားနည်းရောဂါသည် ခန္ဓာကိုယ်တွင်းရှိ သွေးနီဥနည်းခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး၊ သွေးပေါင်ကျခြင်းနှင့် မသက်ဆိုင်ပေ။ သွေးအားနည်းခြင်းအဓိကဖြစ်ပွားရခြင်းမှာ အရိုးထဲမှသွေးနီဥထုတ်လွှတ်မှုနည်းပါးခြင်း၊ ထုတ် ထားသောသွေးနီဥများ အချိန်မတိုင်ခင်ပြိုကွဲခြင်း၊ သွေးနီဥများအပြင်ထွက်ခြင်း (ဓမ္မတာလာခြင်း၊ သွေးထွက်ခြင်း)၊ သွေးနီဥများ သက်တမ်းမပြည့်သေးဘဲ သရက်ရွက်မှ ဖျက်ဆီးခြင်းများကြောင့်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် သွေးအား နည်းရောဂါဖြစ်ပွားလာတတ်သည်။ 

    “ကျွန်မက မွေးရာပါသွေးအားနည်းရောဂါရှိတာ မဟုတ်ဘူး။ သွေးအားနည်းရောဂါရှိမှန်းလည်း အစကမသိခဲ့ပါဘူး။ ကိုးတန်းနှစ်ရောက်မှာ မူးလဲသွားလို့ သွေးပေါင်ချိန်တော့ သွေးပေါင်ချိန်က ၅၀၊ ၅၀ ပဲရှိတယ်။ တစ်ကိုယ်လုံးဖြူဖွေးပြီး အမြဲတမ်းခေါင်းမူးမူးနေတယ်။ မသက်သာလို့ တစ်လလောက်ကြာမှ သွေးစစ်ကြည့်တော့မှ သွေးအားနည်းရောဂါရှိမှန်းသိတာ၊ အခုဆိုရင် သွေးခဏခဏသွင်းရတယ်။ အဲဒီရောဂါက ပျောက်ဖို့ခက်တယ်။ နားနားနေနေနေထိုင်ပြီး၊ အစားအသောက်နဲ့ ဆေးရောပေါင်းပြီး ကုရတာဖြစ်ပေမယ့် ကျွန်မက သိပ်ဂရုမစိုက်ခဲ့တဲ့အတွက် ပိုမိုပြီးဖြစ်လာတယ်” ဟု ကိုယ်တိုင်သွေးအားနည်းရောဂါခံစားနေရသူ အသက် ၂၃ နှစ်ဝန်းကျင် အမျိုး သမီးတစ်ဦးက သူမ၏အတွေ့အကြုံများကိုပြောသည်။

    အမျိုးသမီးများ သွေးအားနည်းရောဂါရှိပါက ကလေးမီးဖွားချိန်တွင် ကျန်းမာရေးဆိုင်ရာအခက်အခဲများရှိနိုင်ပြီး၊ အခန့်မသင့်ပါက ကလေးရောမိခင်ပါ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားစေနိုင်ကြောင်း ဒေါက်တာသိန်းထွန်းက ရှင်းပြသည်။

    “မွေးရာပါ သွေးအားနည်းရောဂါသည်တွေက ခန္ဓာကိုယ်ထဲမှာ သွေးအားနည်းရင် တစ်ကိုယ်လုံးဖြူဆွတ်ပြီး ခွေလဲသွားတတ်တယ်။ လိုအပ်တဲ့သွေးပမာဏပြန်သွင်းမှသာ လှုပ်ရှားနိုင်ပါတယ်။ သွေးအားနည်းရောဂါအတွက်က တော့ နွားနို့သောက်စရာမလိုပါဘူး။ နွားနို့မှာ သံဓာတ်မရှိတဲ့အတွက် မဆိုင်ပါဘူး။ ကန်စွန်းနဲ့ ဟင်းနုနယ်လိုအရွက်တွေ စားပေးရတယ်” ဟု အထက်ပါအထွေထွေ ရောဂါကုဆရာဝန်ကဆက်ပြောသည်။

    ဟီမိုကလိုဘင်မပြည့်ခြင်းသည် ရောဂါဖြစ်ပွားနေခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းလိုအပ်သည့် သံဓာတ်ပြည့်ဝစွာမရှိခြင်း၊ ကိုယ်ခန္ဓာမှ သံဓာတ်ဆုံးရှုံးမှုများပြားခြင်း စသည်တို့ကြောင့်ဖြစ်ကာ၊ သံဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးခြင်း၊ ပြည့်ဝစွာအိပ်စက်အနားယူခြင်း၊ သံဓာတ်စုပ်ယူမှုကိုတားဆီးစေသော အချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ထိရောက်စွာကာကွယ်နိုင်သည်။

    “ကျွန်မကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေလို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာများလို့ အိပ်ရေးမ၀တာ ၄ နှစ်ရှိပြီ။ မနှစ်က နယ်ကနေ ရန်ကုန်တက်လာပြီး ပုဂ္ဂလိကအထူးကုဆေးခန်းကြီးတစ်ခုမှာ သွားပြတယ်။ ဆရာဝန် ကြီးကလည်း နာမည်ကြီးပဲ။ ကိုယ့်ကိုယ်ကို ဘာဖြစ်နေမှန်းမသိဘူး။ ဆရာဝန်ကြီးက သွေး၊ ဆီး၊ ဓာတ်မှန်၊ CP ၊ အထရာစောင်း အားလုံးစစ်ခိုင်းလို့စစ်ကြည့်တယ်။ ကျွန်မရလာတဲ့အဖြေတွေကိုကြည့်ပြီး ဘာရောဂါမှမရှိဘူးလို့ပြော တယ်။ ဒါပေမယ့် အခုနှစ်ပြနေတဲ့ဆရာဝန်က အရင်ရခဲ့တဲ့အဖြေစာရွက်တွေကိုကြည့်ပြီး သွေးအားနည်းရောဂါအဖြေက ပါပြီးသားပဲလို့ပြောတယ်။

    အဓိက ကတော့ အထူးကုဆေးခန်းကြီးတွေမှာ ထိုင်တဲ့ဆရာဝန်ကြီးတွေဟာ လူနာတစ်ယောက်ကို ၂ မိနစ်လောက်ပဲ အချိန်ပေးကြတဲ့အတွက်လို့ထင်တယ်။ အဲဒီတုန်းက ကျွန်မရဲ့သွေးစစ်ထားတဲ့အဖြေကို အဲဒီဆရာဝန်ကြီးက သေသေချာချာမကြည့်ခဲ့ဘူး” ဟု သွေးအားနည်းရောဂါပျောက်ဆေးဝါးများ မှီဝဲနေရသူအမျိုးသမီးတစ်ဦးကပြောသည်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More