တောင်သာသားလေးတစ်ယောက် ဒီနေ့တော့ စာအုပ်လေးတစ်အုပ်မှာ မိတ်ဆွေကောင်းနဲ့ ပါတ်သတ်ပြီး ဥပမေး ဥပမာတွေနဲ့ တန်ဆာဆင်ထားတဲ့ စာအုပ်လေးတစ်အုပ် ဖတ်ခဲ့ရပါတယ်။ အလွန်မတန်မှကို ဘ၀အတွက် တန်ဖိုးရှိလှတဲ့ စကားလုံးလေးတွေ၊ သာဓကလေးတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ စာအုပ်လေးပါပဲ။ တောင်သာသားလေးလည်း စကားတစ်ခုကြားဖူးပါတယ်။ လူတွေ ဟာ မိမိကိုယ်တိုင်က စားကောင်း သောက် ဖွယ်လေးတွေ စားနေရပြီ၊ လက်ခံရရှိနေပြီဆိုရင် အချစ်ဆုံး၊ အခင်ဆုံး၊ သံယောဇဉ်အရှိဆုံး ဆိုတဲ့လူတွေကို သတိရကြတယ်တဲ့။ တောင်သာသားလေးလည်း ဒီလိုပါပဲ။ အဖိုးမဖြတ်နိုင်တဲ့ စာစုလေးတွေ ဖတ်ရတဲ့အချိန်၊ သိရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ဘလော့ဂါမိသားစုလေးကို သတိရမိတယ်၊ ပြောပြချင်မိပါတယ်။ ဒီလိုနဲ့ပဲ ဒီဆောင်းပါးလေး တင်ဖြစ်သွားတာပါ။
အသက်တစ်ရာနေရတယ်ပဲထား၊ အဲ့ဒီ အသက်တစ်ရာကြားကာလအတွင်းမှာ မိတ်ဆွေကောင်း ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို လက်ချိုးပြီးရေကြည့်ရင် လက်တစ်ဆယ်ပြည့်အောင် လက်ချိုး ရေတွက်စရာ ရှိမယ် မထင်ပါဘူး။ ဘ၀ခရီးမှာ အခက်အခက်တွေ၊ ဘေးအန္တရာယ်တွေ၊ ဆင်းရဲခြင်းတွေ၊ အဆင့်မြင့်ရာမှ နိမ့်ကျသွားတဲ့ အဖြစ်တွေ၊ ကျရှုံးတာတွေ စတဲ့ ဒုက္ခတွေနဲ့ ကြုံလေလေ--ကိုယ့်ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့ မိတ်ဆွေဆိုတဲ့ သူတွေ လျော့နည်း လျော့နည်း သွားလေလေပါပဲ။
တစ်ခါမှာ မိတ်ဆွေနှစ်ယောက်ဟာ တောလမ်းတစ်ခုကိုဖြတ်ပြီး ခရီးသွားနေတုန်း ၀က်ဝံကြီးတစ်ကောင် ရုတ်တရက်ပေါ်လာတယ်။ ဒီအခါမှာ အဲ့ဒီမိတ်ဆွေ နှစ်ယောက်ထဲကတစ်ယောက်က သစ်ပင်တစ်ပင်ပေါ်ကို လျင်လျင်မြန်မြန် တတ်ပြေးပြီး ပုန်းနေတယ်။ ကျန်ခဲ့တဲ့မိတ်ဆွေကတော့ ၀က်ဝံကြီးရန်က လွတ်အောင် မပြေးသာတော့တာနဲ့ မြေကြီးပေါ်လှဲချပြီး သေချင်ယောင် ဆောင်နေလိုက်တယ်။ ၀က်ဝံကြီးဟာ အဲ့ဒီသေချင်ယောင်ဆောင်နေတဲ့ သူ့ဆီရောက်လာပြီး နှာခေါင်းကြီးနဲ့ ထိုးနမ်းပြီး အနံ့ခံကြည့်တယ်။ သူ့ကတော့ အသက်အောင့်ထားရတယ်။ ၀က်ဝံဆိုတာ လူသေကို ဘာမှ ရန်မလုပ်တတ်ဘူးလို့တော့ ပြောတာပဲ။ ၀က်ဝံကြီးဟာ အဲ့ဒီလူရဲ့မျက်နှာနားကပ်ပြီး နှာခေါင်းကြီးနဲ့ အနံ့ခံကြည့်၊ စူးစမ်းကြည့်တော့ အဲ့ဒီလူဟာ သေနေတဲ့လူပဲလို့ ထင်ပြီးထွက်သွားတယ်။ ၀က်ဝံကြီးထွက်သွားတော့မှ သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ မိတ်ဆွေက ဆင်းလာပြီး သေချင်ယောက်ဆောင်ခဲ့ရတဲ့ မိတ်ဆွေကို မင်းအနားကပ်ပြီး ၀က်ဝံကြီးက ဘာတွေ တိုးတိုး တိတ်တိတ်နဲ့ ပြောသွားလဲ လို့မေးတယ်တဲ့။ ဒီတော့ သေချင်ယောင်ဆောင်ခဲ့တဲ့ မိတ်ဆွေက အခက်အခဲနဲ့ ဘေးရန်ကြုံတဲ့အခါမျိုးမှာ ကိုယ့်ကို ဘာမှ မကူညီ မရိုင်းပင်းတဲ့ မိတ်ဆွေမျိုး၊ ကိုယ်လွတ်ရုန်းသွားတတ်တဲ့ မိတ်ဆွေမျိုးတွေနဲ့ နောင်ကို ဘယ်တော့မှ ခရီးမသွားနဲ့လို့ ပြောသွားတယ် လို့ပြောလိုက်တယ် တဲ့။
ဟုတ်ပါသည်။ အဆင်ပြေနေတုန်း၊ အခက်အခဲတွေ၊ ဒုက္ခတွေကို မကြုံမတွေ့ရခင်တုန်းမှာ ပြေပြေလည်လည် ဆက်ဆံနေတဲ့သူကို မိတ်ဆွေလို့ ပြေရခက်ပါတယ်။ အခက်အခဲနဲ့ ကြုံတော့မှပဲ မိတ်ဆွေ ဟုတ်၊ မဟုတ် သိရမှာပဲ။ ကိုယ်လွတ်ရုန်း ပြေးတတ်သူလား၊ ဒါမှမဟုတ် ကိုယ့်ဘေးမှာ ရပ်တည်ပေးမယ့်သူလားဆိုတာ သိရမှာပဲလေ။
တောင်သာသားလေးရဲ့ အကို၊ အမတွေလည်း နောင်လျှောက်လှမ်းရမယ့် ဘ၀ခရီးလမ်းမှာ မိတ်ကောင်း၊ ဆွေကောင်းတွေနဲ့ ကြုံဆုံနိုင်ပါစေ၊ ကူညီဖေးမနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမယ်
တောင်သာခရီးသည်
0 comments:
Post a Comment