ယခုတင်ပြမယ်နောင်တော်စီနီယာတစ်ယောက်ရဲ့ စကားလေးများကြားလိုက်ရလျှင် ကိုယ့်ဘ၀ရဲ့တန်ဖိုးကို ပိုသိလာသည်၊ ပိုတန်ဖိုးထားတတ်လာသည်၊ အတုယူချင်စိတ်တွေ ပြင်းပျလာသည်။ အဲ့သလောက် စကားပြောကောင်းသလို လုပ်ဆောင်မှုတွေကလည်း ကျွန်တော်တို့အတွက် စံပြဖြစ်ခဲ့ရပါတယ်။
ကျွန်တော်တို့ပထမနှစ်ကျောင်းသာဘ၀တုန်းကပါ။ လတစ်လရဲ့ နောက်ဆုံးပါတ်တိုင်း ကျွန်တော်တို့ရဲ့စီနီယာနောက်တော်ကြီးက ကျွန်တော်တို့ကို အဲ့ဒီလအတွက် အားသာချက်တွေဘာတွေရှိတယ်၊ အားနည်းချက်တွေဘာတွေရှိတယ်ဆိုတာကို အမြဲပြောပြညွှန်ကြားနေကြပါ။ အမြဲဆုံးမစကားတွေ၊ ရှောင်သင့်တဲ့အရာတွေနဲ့ ဆောင်သင့်တဲ့အရာတွေကို အမြဲ ပြောဆိုဆုံးမ သွန်သင်ပြသနေကြပါ။ လတိုင်းကြားနေရပေမယ့် နောင်တော်ရဲ့စကားတွေက ရိုးမသွား၊ အားတွေ ပိုတိုးလာသလို ခံစားရသည်။ ကျဆင်းစ ပြုနေတဲ့ စိတ်တွေ မြင့်တတ်လာစေသည်။ ပင်ပန်းမှုတွေကို ပြေပျောက်စေသည်။
ချမ်းအေးလှတဲ့ ဆောင်းလေအေးလေတွေနဲ့ နားထဲကို တန်းတန်းဝင်လာခဲ့တာကတော့ နောင်တော်စီနီယာ တစ်ယောက်ရဲ့ မိဘကျေးဇူးသိတတ်ပုံစကားလေးတွေပါ။ ကိုယ့်ညီတို့ - ကိုယ့်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးတွေနဲ့ သင်ခန်းစာ ယူတတ်အောင် အကိုပြောပြမယ်။ မိဘကျေးဇူးကို ဘယ်လိုသိတတ်ရမလဲဆိုတာရယ်၊ ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာရယ်ပါ။ မိဘတွေကို စောင့်ရှောက်တယ်၊ ကူညီထောက်ပံ့တယ်၊ ကြွေးဟောင်းပြန်ဆပ်တယ်ဆိုတာ အင်မတန်မှ ဂုဏ်ယူစရာလည်းကောင်းတယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ အရာလည်း ဖြစ်တယ်။ အကိုဆိုရင် အကိုတို့ ၀န်ထမ်းဖြစ်စဘ၀က လစာနှစ်ထောင်ပဲ ရတာကွ။ အဖေနဲ့အမေကို ရတဲ့လစာထဲက ၁၀% အမြဲထောက်ပံ့ ကြွေးဟောင်းဆပ်ခဲ့တယ်။ တနေ့မှာ အကို့မှာ သေလောက်အောင်ပြင်းထန်လှတဲ့ သေနတ်ဒဏ်ရာရခဲ့တယ်။ ပြင်းပြင်းထန်ထန်ကို ရတာ။ သို့ပေမယ့်လည်း အကို မသေဘူး။ အကိုဘာကြောင့် မသေတာလဲဆိုတာ အကို့မသိစိတ်က အကိုသိလိုက်တယ်။ အဲ့ဒါက မိဘတွေကို စောင့်ရှောက်လို့ အကို့ကိုမသေအောင်လည်း တဖန်ပြန်လည် စောင့်ရှောက်တာကွ။ အကိုအခုဆိုရင် လစာနှစ်သိန်း ရတယ်။ အကို့မိဘတွေ စားနိုင်သောက်နိုင်နေနိုင်တဲ့ဘ၀ပါပဲ။ ဒါပေမယ့် အကို့အခုဝန်ထမ်းလစာရဲ့ ၁၀% (နှစ်သောင်း)ကို အကို့မိဘတွေ ထောက်ပံ့နေတုန်း၊ ကူညီနေတုန်းကွ။ ကိုယ်ရည်သွေးပြီး ကိုယ့်ညီတို့ကို ပြောနေခြင်းမဟုတ်ဘူး၊ မိဘကျေးဇူးသိတတ်ပုံက အသက်ဘေးကတောင်လွတ်နိုင်တယ်ဆိုတာ အကို့ဖြစ်ရပ်လေးနဲ့ ယှဉ်ပြောပြလိုက်တာ။ နောင်တော်ကြီးတစ်ယောက်ရဲ့ ၂၀၀၆ နှစ်လည်ကတည်းက ကြားလိုက်ရတဲ့စကား။ ကျွန်တော်အသဲနှလုံးထဲမှာ သံမှိုနဲ့ ရိုက်မထားပါဘဲ အခုထိ စွဲမြဲနေတုန်းပါ။
ကျွန်တော်ကိုယ်တိုင်လည်း နောင်တော်ကောင်းတစ်ယောက်ရဲ့ ညီငယ်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားချင်တဲ့ စိတ်တွေ တဖွားဖွား အမြဲပေါ်နေခဲ့တာပါ။ မိဘကို ရတဲ့ချွေနဲစာလေးကနေ ၁၀% ထောက်ပံ့နိုင်အောင် ကြိုးစားမယ်ဆိုတာလည်း ဆုံးဖြတ်ထားပါတယ်။ သို့ပေမယ့် ပညာသင်နေတဲ့အရွယ် ဖြစ်တာက တစ်ကြောင်း၊ ကျန်အကြောင်းလေးတွေက တစ်ကြောင်း စသည့်အကြောင်းများကြောင့် အကောင်အထည်မဖော်နိုင်သေးပါ။ သို့အတွက်လည်း တာဝန်မကျေသေးသလို အမြဲခံစားနေမိပါတယ်။
လာလည်သူအကို၊ အမတို့လည်း ကျွန်တော့်စီနီယာတစ်ယောက်ရဲ့ စကားသံလေးတွေ၊ မိဘအပေါ် ဘယ်လိုကျေးဇူးသိတတ်သလဲဆိုတာလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
မှတ်ချက်။ စားသားများထဲတွင် စားဖတ်သူများ အဆင်ပြေစွာ ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး အကို နှင့် ညီ ဆိုသော စကားလုံးများ သုံးထားမိပါသည်။ သို့ပေမယ့် ရာထူးအဆင့်တန်းချင်း ယှဉ်ပါက မိုးနဲ့မြေ ကွားခြားနေပါသဖြင့် မသုံးသင့်ပဲ သုံးလိုက်မိတဲ့အတွက် နောင်တော်တစ်ယောက် ခွင့်လွှတ်နိုင်ပါစေ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
1 comments:
မှတ်မိတာပေါ့ ကွာ...............
Post a Comment