(၁၆)နှစ်သား ကျော်ကျော် ကောင်ကလေးတစ်ယောက် ဆွေမျိုးသားချင်းတစ်ယောက်မှ မရှိ။ အသိအကျွမ်းတစ်ယောက်မှ မရှိပါဘဲ စည်းကမ်းတင်းကျပ်လွန်းလှတဲ့ စည်းဝိုင်းကြီးထဲကို ရောက်လာမိပါတယ်။ အပြင်မှာနေရတဲ့ ဘ၀မှာတော့ သားသားနားနားဝတ်ဆင်၊ ကြွကြွလေးလမ်းလျှောက်၊ အဆင်အယင်တံဆိပ်မျိုးစုံနဲ့ ကျွန်တော်တို့ဆီ ခွင့်ပြန်လာတဲ့ နောင်တော်အကိုကြီးတွေကို ကြည့်ပြီး ဒီစည်းဝိုင်းကြီးက အင်မတန်မှ နေချင်စဖွယ် နေသင့်သဖွယ် အ၀ိုင်းကြီးပါပဲ။ သို့ပေမယ့်လည်း ပထမနှစ် ဘ၀ရောက်တဲ့အချိန်မှာတော့ ငွားစွင့်တာတွေ၊ ကြွားဝင့်တာတွေ ဘာမှ မသိတော့။ ပင်ပန်းလွန်းလို့ စိတ်ညစ်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးတဲ့သူတွေအဖြစ် ကြွေးကြော်နေမိပါတယ်။ ပိုပြီးပြောနေခြင်း မဟုတ်ပါ။ ကျွန်တော်ကိုယ်တွေ့အကြောင်းလေး ပြောပြချင်ပါတယ်။ တနေ့ ကျွန်တော်အိမ်ယာဝင်ခါနီး ကျွန်တော်ဂါဒီယန်မှ ညီ အိပ်ပြီလား၊ ဗိုက်ဆာနေလား ဆိုပြီး လက်သီးစုပ်လောက်ရှိတဲ့ ပဲမုန့်ဝိုင်းဝိုင်းကြီး ကျွန်တော်စားဖို့ လာပေးပါတယ်။ ညီ စားပြီးရင် ရေသောက် ပလုတ်ကျင်းပြီး အိပ်တော့တဲ့။ ညီတို့ ဒီနေ့ တော်တော် ပင်ပန်းတယ်ဆိုတာ အကိုသိတယ်တဲ့။ ဟုတ်ကဲ့ အကို လို့ ပြောပြီး ကုတင်ပေါ်ထိုင်ပြီးတောင် မစားနိုင်တော့ အိပ်ရင်းနဲ့ စားမယ်ဆိုပြီး စားနေလိုက်တာ ဘယ်အချိန် အိပ်ပျော်သွားသည်မသိ၊ မနက်မိုးလင်းမှ ခေါင်းအုံးဖုံးပေါ်မှာ မုန့်တခြမ်းလုံးလုံးကျန်နေသေးတာကို တွေ့တော့မှပဲ ညက အကြောင်းကို ပြန်စဉ်းစားမိပြီး ငါ့ဘ၀ကလည်း ချစ်ကောင်းဆိုတဲ့ ကော်ဖီခါးခါးသီချင်းထက် ခါးပါလားဆိုတာ သိလိုက်ရတယ်။ အဲ့လောက် စိတ်ညစ်ရ၊ ပင်ပန်းခဲ့ရတဲ့ ဘ၀လေးကို ပြန်တောင် မတွေးချင်တော့။
သို့ပေမယ့်လည်း ကျွန်တော် အကိုတစ်ယောက်ရဲ့ ကျေဇူးတွေကို ဒီပို့စ်လေးဖြင့်ဂုဏ်ပြုချင်၍သာ ပြန်တွေးနေခြင်းဖြစ်သည်။ ကျွန်တော်ဟာ တကယ်တော့ သာမန်ထဲက သာမန်လူတစ်ယောက်ပါ။ သို့ပေမယ့်လည်း စီနီယာအကိုရဲ့ မြေတောင်မြှောက်ပေးမှု၊ အားပေးအားမြှောက်ပြုမှုတွေကြောင့် သာမန်လူတစ်ယောက်ထက် နည်းနည်းသာတဲ့ သူတစ်ယောက် ဖြစ်ခဲ့ရတယ်။
တစ်ပါတ်တစ်ကြိမ် မြို့ထဲကို သွားခွင့်ရသော်လည်း ကျွန်တော့်စီနီယာမှ မထွက်စေချင်။ ညီ ရာ တစ်လတစ်ကြိမ်လောက် မြို့ထဲ ထွက်ရင် ပိုကောင်းတယ်ကွ။ ကျန်တဲ့ (၃)ပါတ်ရဲ့ တနင်္ဂနွေနေ့တိုင်း အားတဲ့အချိန်တွေကို စာကျတ်လိုက်ရင် မင်းဟာ မင်းတို့ အပါတ်စဉ်မှာ ရှိတဲ့ ကျန်တဲ့သူတွေထက် အဲ့ဒီ (၃)ပါတ်စာ မင်းမှာ ပိုပြီး စာရသွားပြီ။ ခဏခြင်းစုတော့ မသိသာပေမယ့် စုပါများတော့ ချကောင်သေးသေးတောင် တောင်ပို့ ဖြစ်လာသေးတယ်ကွ။ ဒီ စကားတွေ ကြားခဲ့ရတာ ၅နှစ်လောက် ရှိပါပြီ။ သို့ပေမယ့်လည်း ကျွန်တော့်နားထဲမှာ ပြီးခဲ့တဲ့ စက္ကန့်ပိုင်းက ပြောလိုက်သလို၊ ကြားလိုက်သလိုပါပဲ။
ကျွန်တော်တို့ ပထမနှစ်ဘ၀က ဆိုးပါသည်။ မုန့်ရှိ၍လည်း မစားရ။ မစားရဆိုရာတွင် စီနီယာမြင်အောင် မစားရပါ။ မမြင်အောင်စားလျှင်တော့ရကောင်းရပါသည်။ မြင်လျှင် အပြစ်ပေးခံရမည်ဟု စိတ်ထဲမှာ သိနေမိသည်။ (၁၀)နာရီဆိုရင် အိပ်ယာဝင်ရတဲ့ ကျွန်တော်တို့ဘ၀က ခြင်ထောင်အောက်မှာ အတွေးကိုယ်စီနဲ့ အိပ်ယာဝင်နေကြပါ။ ထိုအချိန်ဆိုလျှင် ကျွန်တော့်ဂါဒီယန် ရောက်လာပြီး ညီ အိပ်ပြီလားဆိုပြီး ခြင်ထောင်လေးကို အသာအယာ ဖွင့်ကြည့်တတ်သည်။ အိပ်နေလျှင်တော့ ဆက်မနိုးတော့ဘဲ ပြန်သွားတတ်သည်။ ဖိုင်နယ်ရီးယား စီနီယာတစ်ယောက်ဖြစ်ပေမယ့် ပထမနှစ်ဂါဒီယန်ညီငယ်တစ်ယောက်ကိုခေါ်ဖို့ ပထမနှစ် ဟောခန်းထဲမှာ ကင်းသမား ဒုတိယနှစ်ရှိရင် ညီ ကင်းသမား ကိုယ့်ဂါဒီယန် ခဏခေါ်သွားအုံးမယ်ဆိုတဲ့ စီနီယာအကိုရဲ့ အထက်အောက် ဆက်ဆံတတ်မှုတွေက အတုယူစရာ ကောင်းလှသည်။ ဟုတ်ကဲ့အကို ညီ မအိပ်သေးဘူးအကို။ အေး ထကွာ အဲ့ဒီဆို မနက်ဖြန် အချိန်ဇယားရှိတဲ့ လက်ချာစာအုပ်တစ်အုပ်ယူခဲ့တဲ့။ (၁၀)နာရီကနေ (၁၁)နာရီထိ စီနီယာအခန်းမှာ အချိန်ကုန်ရသည်။ နာရီဝက် စာကျတ်ရပြီး နာရီဝက် မုန့်စားခိုင်းသည်။ စီနီယာအကိုရဲ့ ကူညီစောင့်ရှောက်မှုတွေက ကျွန်တော့်တစ်သက် မမေ့နိုင်ပေ၊ သတိမရပဲမနေနိုင်ပေ။ (၁)လပြည့်လျှင်လည်း သင်ခန်းစာတစ်ခုအတွက် စာမေးပွဲ ဖြေတတ်အောင် လေ့ကျင့်ပေးသေးသည်။
ပထမနှစ် ဘ၀ ပြီးဆုံးလို့ ရလဒ်တွေ ထွက်တဲ့အချိန်မှာ ကျွန်တော့်ကြိုးစားမှု(၂၅)ရာခိုင်နှုန်း၊ စီနီယာအကိုရဲ့ သွန်သင်ဆုံးမ ပဲ့ပြင်မှု(၇၅)ရာခိုင်နှုန်းတွေကြောင့် ကျွန်တော်တို့အပါတ်စဉ် လူ(၁၃၀၀)လောက်မှာ အဆင့်(၃)၀င်ခဲ့သည်။ သိလိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုတောင် မယုံချင်။ အိမ်မက်များ မက်နေသလားလို့တောင်ထင်ရသည်။ နောက်ဆုံးသိလိုက်သည်က အိမ်မက်မဟုတ်။ တကယ် အစစ်မှ အစစ်။ လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်သော ကျွန်တော့်အတွက် နောက်ထပ်လျှောက်ဖို့ ခြေလှမ်းတွေ လျှောက်နိုင်အောင် အားအင်တွေ မွေးထုတ်ပေးခဲ့သူ။
တောင်သာသားလေးတစ်ယောက် ဒီပို့စ်လေးကို ရင်နင့်စွာနဲ့ပဲ ရေးနေမိပါတယ်။ ကျွန်တော်ရေးနေတာတွေ၊ ဂုဏ်ပြုနေတာတွေကို ကျွန်တော့်အကိုစီနီယာ မဖတ်နိုင်တော့၊ မကြည့်နိုင်တော့၊ မသိနိုင်တော့။ မနှစ်က နွေရာသီရဲ့နေတစ်နေ့မှာ ရှေ့တန်းစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူရဲ့ချောင်းပစ်တဲ့ ဒဏ်ရာနဲ့ အကိုချစ်သော မိသားစု၊ အကိုချစ်သော ညီငယ်တွေကို ထာဝရစွန့်ခွါသွားပေပြီ။ သားတစ်ယောက်သာရှိတဲ့ (၂၃)နှစ်သာရှိသေးတဲ့စီနီယာရဲ့အမေမှာတော့ ကျွန်တော်ခံစားရမှုထက် အဆပေါင်း ထောင်သောင်းများစွာ ရှိလိမ့်မည်၊ ခံစားရလိမ့်မည်ထင်။
ချစ်သောအကိုစီနီယာတစ်ယောက် ရောက်ရာဘုံဘ၀မှ ညီငယ်တို့ပြုသမျှ ကောင်းမှုအစုစု ကို သာဓုခေါ်နိုင်ပါစေ၊ အမျှရပါစေ။ အမျှ၊ အမျှ၊ အမျှ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment