ပြင်ဦးလွင်ဆောင်းညရဲ့အစွမ်းတွေကြောင့်လား ကျွန်တော်ကပဲ အနွေးထည်ပါးပါးလေး ၀တ်ထားလို့လား မသိ။ အေးခနဲ စိမ့်ခနဲ ပါပဲ။ ဒီအချိန်ဆို အိမ်မှာ အဘတို့၊ အဖေတို့၊ အမေတို့၊ ကိုကိုညီညီတို့ အလယ်မှာ မီးဖိုကြီးနဲ့ မီးလှုံနေပေရောမည်။ တောမှာဆိုတော့ မြို့ပြတွေကလို လျှပ်စစ်နဲ့နွေးစေတဲ့စက်တွေ (heater)လည်း မရှိဘူးပေါ။ ယာတောထဲက တူးလာတဲ့ သစ်ငုတ်တိုအကြီးကြီးကို ဆောင်းအစ ကတည်းက မီတို့လိုက်၊ မိသားစုအားလုံး အိပ်ယာဝင်ကြပြီဆိုရင် မီးငြိမ်းလိုက်နဲ့ အဲ့ဒီ သစ်ငုတ်ကြီးက ဆောင်းအစကနေ ဆောင်းအဆုံးထိ မိသားစုတွေအတွက် နွေးထွေးစေတဲ့တာဝန်ကို ယူရတာပေါ့။ တကယ်ဗျ။ အဲ့ဒီငုတ်ကြီးက ဆောင်းလည်းကုန်ရော တတို့တတို့မီးလောင်သွားရာကနေ ဆောင်းကုန်တော့ အကုန် ကွက်တိဗျ။ အံသြဖို့တော့ အကောင်းသား။ စာကြည့်စာပွဲမှာ စာကျတ်နေရင်း ငယ်ငယ်က အဲ့အကြောင်းတွေကို ပြန်တွေးနေမိ၊ မြင်ယောင်နေမိပါတယ်။ ကျတ်လက်စသင်ခန်းစာပါ စာအုပ်လေးကို သိမ်းပြီးတော့ မိသားစုဆီ အလွမ်းစာလေးတစ်စောင် ရေးနေမိပါတယ်။
ချစ်သော အဖေနဲ့အမေ၊ ကျန်းမာပါစ၊ အဆင်ပြေပါစ၊ ကြွေးမြေကင်းရှင်ပါစ၊ လူမှုရေး၊စီးပွားရေး၊အကိုညီမတွေရဲ့ ပညာရေးကောင်းမွန်ပါစ၊ စသည်ဖြင့်ပေါ့။ သားတစ်ယောက်လည်း အစစအရာရာ အဆင်ပြေပါတယ်ပေါ့။ သို့ပေမယ့်လည်း ပင်ပန်းတဲ့အကြောင်းတွေ၊ ကျန်းမာရေးမကောင်းဖြစ်တဲ့အချိန်တွေမှာ ငယ်ငယ်ကလို မေမေရင်ခွင်တိုးပြီး ကလေးလေးလို ပူဆာချင်မိတယ်ဆိုတဲ့ အကြောင်းတွေ ရေးချင်နေပေမယ့် မရေးဖြစ်။ အဝေးမြေက မိဘဆွေမျိုးသားချင်းတွေကို စိတ်မပူစေချင်၊ စိတ်မဆင်းရဲစေချင်။ အောက်ဆုံးမှာတော့ အညာအိမ်က ထန်းလျှက်နဲ့ မြေပဲကြက်ဥတော့ အရမ်းလွမ်းလှပါပြီ လို့ ရေးပြီး စာလေးပိတ်လိုက်ပါတော့တယ်။
အဲ့ဒီစာကိုဖတ်ပြီးတဲ့နောက်ပိုင်း(၃)နှစ်နီးပါးလုံး ချစ်သောမေမေက လူကြုံရှိတိုင်း ထန်းလျှက်နဲ့မြေပဲကြက်ဥ ပို့လိုက်တာ စားလို့မကုန်အောင် ရှိတော့သည်။ ဒီတော့လည်း သား စားရလွန်းလို့ သွားတစ်ချောင်းကျိုးသွားပြီမေမေ လို့ မပြောရက်။ သားတစ်ယောက်ကို စားစေချင်တဲ့ စိတ်နဲ့ မေမေပေးလိုက်တဲ့လက်ကို မပုတ်ချရက်၊ မငြင်းဆန်ရက်။
ရယ်စရာပြောရအုံးမည်။ ကျွန်တော်အရင်ပို့စ်လေးတွေမှာ ရေးဖူးပါသည်။ ကျွန်တော်တို့ပထမနှစ်ဘ၀ က စီနီယာမြင်ကွင်းမှာ မုန့်စားလို့မရ။ တွေ့က စီနီယာတွေရဲ့ အပြစ်ပေးမှုကို ခံယူရသည်။ ထို့အတွက်ကြောင့် ညညမှ ခိုးစားရသည်။ ကျွန်တော့်ကုတင်ဘေးက သူငယ်ချင်းက မန္တလေးသားဆိုတော့ သူ့အိမ်က ပို့လိုက်ရင် ပေါင်မုန့်အကောင်းစား၊ ပေါင်မုန့်အပျော့တွေဆိုတော့ ညညခိုးစားရတာ အလွန်လွယ်သည်၊ အသံမထွက်အောင် ၀ါးနိုင်၊ စားနိုင်သည်။ ကျွန်တော့်မှာတော့ အခက်သား။ မြေပဲကြက်ဥ ပဲရှိသည်။ မာလွန်းလို့ နေကျောက်ခဲ လို့ ခေါ်ကြသေးသည်။ ကျောက်ခဲလောက်မာသည်။ သို့ပေမဲ့လည်း ဗိုက်က စာလွန်းလို့ မစားပဲကလည်း မနေနိုင်၊ စားချင်သည်။ ရှိသမျှအကြံတွေထွက်စမ်း၊ လာစမ်းပေါ့။ နောက်ဆုံးတော့ အကြံကောင်းသွား၍လားမသိ၊ ရည်မှန်းချက်ကလေး အောင်မြင်သွားသည်။ တစ်လုံးစားခါနီးရင် တစ်ခါချောင်းဆိုးသံလုပ်လိုက်၊ အသံက ၀ါးတဲ့အသံကို ဖုန်းသွားလိုက်နဲ့ မေမေပေးထားတဲ့ မြေပဲကြက်ဥ (၂)ပြည်သားလောက်ကို ညပေါင်းများစွာ ၀ါးလိုက်၊ ချောင်းသံဟန့်လိုက်နဲ့ ကုန်သွားတော့သည်။
မေမေတစ်ယောက်သာ ဒီအဖြစ်တွေကိုသိရင်တော့ ၀မ်းနည်းနေမည်လော၊ ပြုံးနေမည်လော၊ သနားနေမည်လော။ ချစ်သောမေမေတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ချွေရင်း။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment