Sunday 29 January 2012

တခါသာမြင်ဖူးခဲ့တဲ့ အဖေ့မျက်ရည်များ

   ကျွန်တော်တို့ သူငယ်ချင်းတွေ ပျော်တဆုံးဆုံး၊ ပြုံးတမော်မော်နဲ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ (၃)လလောက် မိဘဆွေမျိုးသားချင်းတွေနဲ့ မတွေ့ရဘဲ ကျောင်းထဲမှာ နေခဲ့ရပြီး (၃)လကျော်လာလို့ မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ သတင်းကြားလိုက်ရလို့ပါပဲ။ 
   မနက်(၅)နာရီလောက်ကတည်းက ခရာသံတွေ တညံညံနဲ့ ပြေးလွှားလှုပ်ရှားနေလေရဲ့။ ကျွန်တော်လည်း ဟိုပြေးလိုက်၊ ဒီပြေးလိုက်ပေါ့။ ကွန်ကရစ်တွေခင်းထားတဲ့ကွင်းကြီးထဲမှာ၊ လေးဘက်လေးတန် မီးတိုင်တွေက မီးရောင်တွေရဲ့အောက်မှာ မပီဝိုးတ၀ါးသာ မြင်နေရတဲ့ သူငယ်ချင်းအားလုံးရဲ့မျက်နှာလေးတွေကတော့ ပြုံးယောက်တွေသန်းလို့ပေါ့။ မနက်(၇)နာရီလောက်မှာပဲ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေ စတင်နေပါပြီ။  မနက်(၈)နာရီလောက်မှာတော့ ကျွန်တော်တို့လှုပ်ရှားနေတဲ့ အရာတွေအားလုံးကို ဖေဖေတစ်ယောက် ကွင်းဘေးကနေ လာများကြည့်နေမလားဆိုပြီး ရှာမိနေလေရဲ့။
   ဟော တွေ့ပါပြီ။ ဖေဖေ မှ ရေမရောတဲ့ဖေဖေပါပဲ။ အရပ်ကြီးက (၆)ပေကျော်၊ကျော်၊  ကိုယ်ကာယက  ကာယဗလမောင်နဲ့ နင်လားငါလား၊ မျက်နှာကြီးက တည်ကြည်ခန့်ညားတဲ့ ဗမာစစ်စစ်ဥပဓိရုပ်၊ လူအုပ်ကြီးထဲမှာ အထင်သား။ ဖေဖေလာတွေ့တယ်လို့ မြင်လိုက်၊ သိလိုက်ရတဲ့အချိန်မှာပဲ ပျော်ရွှင်မှုတွေက တဖိန်းဖိန်းတရှိန်းရှိန်းတတ်နေတော့တာပေါ့။ နေ့လည်(၁၂)နာရီ မိဘနဲ့တွေ့ခွင့်ပေးမယ်၊ ပြင်စရာရှိတာတွေ ပြင်ထားကြ၊ မြို့ထဲကို ထွက်တဲ့အချိန် သန့်သန့်ပြန့်ပြန့် ၀တ်ဆင်ရမယ်၊ ဂိတ်ပေါက်ဝမှာ စစ်ဆေးလို့ မသန့်မပြန့်ဝတ်လာတာတွေ့ရင် မြို့ထဲကို ထွက်ခွင့်ပေးမှာ မဟုတ်ဘူး။ အခုကတည်းက ပြင်စရာရှိတာတွေ အကုန်ပြင်ထားကြလို့ စီနီယာအကိုတစ်ယောက် ဆော်သြ လိုက်ချိန်မှာတော့ ကိုယ်စီအလုပ်တွေ ရှုပ်လျက်သားဖြစ်သွားတာပေါ့။ သို့ပေမယ့်လည်း မောရမှန်းမသိ၊ ပန်းရမှန်းမသိ။ သီချင်းညည်းသူကညည်း၊ အော်သူကအော်၊ ပျော်သူကပျော်ပေါ့။
   (၁၂)နာရီထိုးသံနဲ့အတူ ကျွန်တော်တို့တွေရဲ့အသံတွေကလည်း ဆူညံ့နေတာပေါ့။ ဟေး ဟေး  တူလေးတို့၊ ဟိုကောင်ကိုသိလား၊ ဒီကောင့်ကိုသိလား၊ ဆိုတဲ့အသံတွေကလည်း ပွတ်ပွတ်ဆူနေတော့တာပေါ့။  လူအုပ်ကြီးကို ကျော်တတ်ပြီး ဖေဖေကို ရှာနေမိပါတယ်။ တွေ့ပါပြီဖေဖေ။ ရုပ်ရှင်ကားထဲကလို ဖေဖေကို ပြေး၍ဖတ်ပစ်လိုက်ချင်သည်။ ဖေဖေရဲ့အေးမြတဲ့ရင်ခွင်ရိပ်အောက်မှာ အချိန်ကာလတစ်ခုလောက်ဖြစ်ဖြစ်နေပစ်ချင်စိတ်ပေါက်လာသည်။ သို့ပေမယ့်လည်း ကလေးကလားဆန်တဲ့ အပြုအမူမျိုးရှောင်ရမယ်လို့ စီနီယာရဲ့စကားတွေ နားထဲမှာ ပြန်လည်ကြားယောင်မိပြန်တော့ မလုပ်ဖြစ်လိုက်၊ မဖတ်ဖြစ်လိုက်ပါ။
   ဖေဖေ နေကောင်းတယ်မို့လား။ သားတို့ ဟိုဘက်အခန်းထဲမှာ လူနည်းတယ်၊ အဲ့ဒီကို သွားရအောင်ဆိုပြီ ဦးဆောင်ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဖေဖေမျက်နှာကို မြင်လိုက်တာနဲ့ ကျွန်တော်အထိတ်တလန့်ဖြစ်သွားတာပေါ့။ ကျွန်တော့်တသက်မှာ တခါမှ မတွေ့ဖူးခဲ့တဲ့ မမြင်ဖူးခဲ့တဲ့ ဖေဖေ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေလေရဲ့။ ဖေဖေ ဘာဖြစ်လို့လဲ။ မေမေနေမကောင်းလို့လား၊ အကိုနေမကောင်းလို့လား၊ ညီမလေးနေမကောင်းလို့လား ဆိုပြီး လား ပေါင်းများစွာ မေးခွန်းတွေ မေးနေမိပါတယ်။ ဖေဖေကတော့ စကားလေးတခွန်းသာ ပြန်ပြောနိုင်ပါတယ်။ သားကိုကြည့်ပြီး ဖေဖေ စိတ်မကောင်းဖြစ်သွားတာတဲ့။ အပြင်မှာ နေတုန်းက မျက်နှာပြည့်ပြည့်လေး၊ အခု ပိန်ကျနေတာပဲတဲ့၊ မျက်တွန်းတွေလည်း ချိုင့်နေတာပဲတဲ့၊ ပါးရိုးတွေလည်း ပိန်လွန်းလို့ အရိုးတွေထောင်နေတာပဲတဲ့။ ဖေဖေကလည်း သားဘာမှမဖြစ်ပါဘူး။ ကျောင်းမှာ နေရတာ အဆင်ပြေပါတယ် လို့ မချိပြုံးလေနဲ့  အားပေးစကားပြောပြီး ဖေဖေမျက်ရည်တွေကို သုတ်ပေးနေမိပါတယ်။ မိဘမေတ္တာဆိုတာ ဒါပါလားလို့ ကွတ်ကွတ်ကွင်းကွင်းမြင်လိုက်ရတယ်။ 
   ၁၆နှစ်သားဘ၀ရောက်တဲ့အထိ ဖေဖေမျက်နှာမှာ မျက်ရည်ကျတာကို မမြင်ဖူး၊ မတွေ့ဖူးပါ။ တည်ကြည်ခန့်ညားတဲ့ဖေဖေ၊ လောကကြီးမှာ ရဲရင့်ဆုံးလို့ သား ထင်ထားတဲ့ဖေဖေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်း လက်မမြောက် ဒူးမထောက်တဲ့ဖေဖေ။ အခုတော့လည်း သားတစ်ယောက်ကို ကြည့်ပြီး ပိုင်ဆိုင်ထားတဲ့ ဂုဏ်ပုဒ်တွေကို မထိန်းတော့၊ သားရှေ့မှာတင် မျက်ရည်တွေက စမ်းရေပမာ တသွင်သွင်။ ငယ်ငယ်ကတည်းက ဖေဖေပြောခဲ့တဲ့စကား ယောက်ျားဆိုတာ ဘယ်ပြသနာပဲကြုံကြုံ ရင်ဆိုင်ရဲရမယ်၊ ဖြေရှင်းရဲရမယ်၊ ရဲဝံ့ရမယ်၊ သတ္တိရှိရမယ် လို့ဖေဖေပြောဖူးတဲ့ စကားတွေက နားထဲမှာ ပြန်လည်ကြားယောင်နေမိ။ သို့ပေမယ့် အခုမြင်ကွင်းလေးကြောင့် ကြောင်အန်းအန်းဖြစ်သွားမိပါတယ်။
    စာမရေးတတ်ပေမယ့်လည်း ရှိသမျှကလောင်းလေးကို keyboard လေးနဲ့သွေးရင်း ရေးနေမိပါတယ်။ ရည်ရွယ်ချက်ကတော့ မိဘဆိုတာ သား၊သမီးတွေနဲ့ ပါတ်သတ်လာရင် မလုပ်ဖူးတဲ့အရာတွေကို လုပ်ရဲတယ်၊ အသက်စတေးရမယ်ဆိုရင်တောင် စတေးရဲတယ်ဆိုတာ ကျွန်တော်တို့ စာပေတွေကတဆင့် ကြားဖူးခဲတာကို အခုလက်တွေ့မြင်ကွင်းထဲမှာ မြင်လိုက်ရလိုက်လို့ပါပဲ။ တောင်သာသားလေးတို့၊ ဒီစာလေးကို ဖတ်မိတဲ့ အကို၊ အမတို့ကလည်း မိဘတွေကို သားသမီးဝတ္တရားကျေပွန်တဲ့ သားသမီးတွေ ဖြစ်အောင် ကြိုးစားကြပါဆို့လို့ တိုက်တွန်းရင်း  နိဂုံးချုပ်လိုက်ပါတယ်။ ။
                                                            ဆက်လက်ကြိုးစားပါအုံးမည်
                                                    တောင်သာခရီးသည်
                                             
 

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More