Wednesday 11 January 2012

ကျွန်တော့်အဘိုး (သို့) စာနာသနားတတ်သူ

   ဒီနေ့တော့ လာလည်သူအကိုအမများကို ကျွန်တော့်အဘိုးကြောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခေတ်က လူတွေကို ကျွန်တော့်အဘိုးလို စိတ်ထားမျိုးတွေ၊ စာနာသနားတတ်မှုတွေ မွေးစေချင်လို့၊ ရှိစေချင်လို့ပါ။ 
   ကျွန်တော့်အဘိုးကတော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်း၊ တောင်သာမြို့နယ်ထဲက မထင်မရှားရွာလေးတစ်ရွာမှာ နေထိုင်သူပါ။ အရပ်အမောင်းကတော့ တောင်သာသားလေးအတိုင်းပါပဲ။ (အော် မေ့လို့၊ တောင်သာသားလေးကိုမှ လာလည်သူ အကို အမများ မြင်မှ မမြင်ဘူးတာ)။ တောင်သာသားလေးတို့ မျိုးရိုးကတော့ အံ့မခန်းပါပဲ။ အရမ်းအမောင်း၊ ကိုယ်ခန္ဓ္ဓာဖွံ့ဖြိုးမှု တွေက ယောက်ျားလေးတွေဆိုရင် (၆)ပေကျော်ကျော်၊ အမျိုးသမီးတွေဆိုရင် (၆)ပေနား ကပ်ချင်ချင်။ ဖေဖေနဲ့ ဦးလေးတွေဆိုရင် (၆)ပေ ကျော်သူတွေပါ။ အဒေါ်တွေဆိုရင်လည်း (၆)ပေနား ကပ်လျှက်ပါပဲ။ (အဒေါ်တွေအရပ်နဲ့ အဒေါ်တွေယူထားတဲ့ဦးလေးတွေဆိုရင် အရပ်က လက်မနဲ့ လက်ညိုး ကွာသလိုပါပဲ)။ မျိုးရိုးက အဲလို့ကောင်းတာပါ။ ၶၶ
   ပြီးတော့ ဘယ်သူကမှ၊ ဘာဥပဒေမှ မထုတ်ပဲနဲ့ အဘိုးရဲ့ လုပ်ဆောင်မှုလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အဘိုးရဲ့ သား၊ သမီးတွေနဲ့ ဆိုင်တဲ့ သာရေ၊ နာရေးတွေမှန်သမျှ  ပိုင်ရှင်ဖြစ်တဲ့သူက အကုန်အကျခံစရာမလိုပဲ ကျန်တဲ့ ဆွေးမျိုးတွေက  ဝေပုံကျ ထောက်ပံ့ပေးတဲ့အကျင့်လေးပါ။ 
(ဥပမာ- တောင်သာသားလေးအလှူတစ်ခု လှူချင်တယ်ပေါ့။ အဘိုးကို သွားတိုင်ပင်လိုက်တယ် ။ အေးကောင်းတယ်လုပ်ဆိုပဲ ပြောမှာပါ။ ဒါပေမယ့် အလှူလုပ်ချင်တဲ့ ဆန္ဒပဲ။ ငွေရေးကြေးရေး ကုန်စရာမလို၊ ကျန်တဲ့ ဆွေမျိုးတွေက ကြည်ကြည်ဖြူဖြူ ထောက်ပံ့ပေးတာပါ) တောင်သာသားလေး အခု အသက်အရွယ်ထိ အဲ့လို ထောက်ပံ့ပေးတဲ့ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းမျိုး မမြင်ဖူးသေးပါ။  အဲ့ဒါလေးကလည်း အဘိုးရဲ့ အတုယူစရာ ဦးဆောင်လမ်းညွှန်မှုလေးပါပဲ။
   တနေ့တော့ တောင်သာသားလေးရဲ့ အကိုတစ်ဝမ်းကွဲတော်သူ တစ်ယောက် မိန်းမခိုးလာပါတယ်။ မိန်းခလေးမိဘ အသိုင်းအ၀ိုင်းတွေက ရဲတိုင်မယ်၊ ဂတ်တိုင်မယ် တကဲကဲပေါ့။ မိန်းခလေးရဲ့ အဘိုးတော်သူက ဘယ်သူ့သားလဲလို့ မေးလိုက်ရာ  ဦးလှချွန်(ကျွန်တော့်အဘိုးနာမည်)ရဲ့မြေးလို့ တစ်ခွန်းပဲ ပြောလိုက်ရသေးတယ် ချက်ချင်းသဘောတူသွားပါတယ်။ တောင်သာသားလေးအဘိုးတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ ဘေးပါတ်ဝန်းကျင်မှာ အဲ့လောက် ကျယ်ပြန့်လှပါတယ်။ 
    တောင်သာသားလေး ငယ်ငယ်ကတော့ သေချာမတွေးမိပါဘူး။ အသက်လေး နည်းနည်းရလာလေ အဘိုးရဲ့ ကိုယ်ကျင့်တရားလေးတွေ၊ စိတ်နေသဘောထားလေးတွေ တွေးမိနေတတ်ပါတယ်။ အဘိုးက လူတစ်ဖက်သားကို အလွန်မတန်မှ စာနာသနားတတ်သူပါ။ သူမစားရချင်နေ တခြားသူ အဆင်မပြေဘူးပြောရင် ပေးခြင်၊ ကမ်းခြင်နေတာပါ။ 
   ရှေးလူကြီးပီပီ ရှေးဟောင်းအဖြစ်အပျက်တွေကို အမြဲပြောတတ်သူ။ တောင်သာသားလေးဆိုရင် ကျောင်းပိတ်ရက်ဖြစ်ဖြစ်၊ အားလက်ရက်ဖြစ်ဖြစ် အဘိုးဆီကို အမြဲသွားလည်ဖြစ်ပါတယ်။ တောင်သာသားလေး သဘေားအကျဆုံးအရာလေးတွေ ပြောတတ်လို့ပါ။ ရှေးဟောင်းနှောင်းဖြစ်တွေ မမောတန်း အမြဲပြောနေတတ်ပါတယ်။ အဘိုးရဲ့ အမြဲသွန်သင်ဆုံးမတတ်တဲ့ စကားလေးတွေကတော့ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် မွေးရပ်မြေကိုမမေ့ဖို့၊ ရတနာသုံးပါးကို မမေ့ဖို့၊ ဆရာသမားကို မမေ့ဖို့၊ မိဘကိုမမေ့ဖို့၊ ဆွေမျိုးသားချင်းကို မမေ့ဖို့  အမြဲမှာတတ်သူပါ။
   အခုတော့ အဘိုးတစ်ယောက် မြေးတစ်ယောက်ရေးနေတဲ့ စာတွေကို သိနိုင်တော့မှာ မဟုတ်ပါဘူး။  လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ကတည်းက သူချစ်လှတဲ့ မိသားစုတွေနဲ့ အပြီးအပိုင် ခွဲခွာသွားခဲ့ပါပြီ။ 
   (၅)နှစ်လောက်ကြာခဲ့ပေမယ့် အဘိုးမှာခဲ့တဲ့စကားတွေက မနေ့တနေ့ကလို။ အဘိုးတစ်ယောက် ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေ၊ အမျှရကြပါစေ၊ အမျှ---အမျှ---အမျှ။
                                          ဆက်လက်ကြိုးစားပါအုံးမည်
                                          တောင်သာခရီးသည် 


0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More