Saturday 28 January 2012

အကိုကြီး ဘာကြောင့်ကတုံး ဖြစ်သွားတာလဲ?

   တောင်သာသားလေးတစ်ယောက်လည်း ဘ၀ကပေးတဲ့တာဝန်တွေနဲ့ အလုပ်လေးတွေနည်းနည်းရှုပ်နေလို့ ကျွန်တော့်အိမ်လေးကို သမင်လည်ပြန်လေးတောင် လှည့်မကြည့်နိုင်ပါဘူး။ ဒီနေ့လေးလည်း မအားသေးပါဘူး။ သို့ပေမယ့်လည်း အိပ်ယာဝင်ပြီး ကုတင်ပေါ်မှာ လူးလှိမ့်ရင်း အိပ်မပျော်တာနဲ့ အိမ်လေးကို သတိရလာတာနဲ့ ၀င်လာခဲ့တာပါ။
   ဒီနေ့ညမှာ မြန်မာဇာတ်ကားတွေ သိပ်မကြည့်တဲ့ ကျွန်တော်တစ်ယောက် ဘ၀သရုပ်ဖော်ဇာတ်ကားလေး တွေ ကြည့်ချင်စိတ်ပြင်းပြနေလို့ ရှိလို့ရှိငြား အင်တာနက်ကနေ ရှာမိနေပါတယ်။ နောက်ဆုံးမှာတော့ ရှေးဟောင်း ဘ၀သရုပ်ဖော်ဇာတ်ကားလေးတွေ့ လိုက်ပါတယ်။ ညီအကိုမောင်နှမတွေရဲ့ ခံစားမှု၊ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ ရသမြောက်လောက်အောင် ပေးစွမ်းထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းထဲမှာ အကိုအကြီးဆုံးက မိဘတွေမရှိတော့တဲ့အခါမှာ မိသားစုအတွက် အစစအရာရာ အကိုကြီးအဖအရာဆိုသလို ပူပင်သောက  ဝေဒနာတွေနဲ့ ရင်ဆိုင်လှုပ်ရှားနေရပုံလေးကို ဇာတ်လမ်းရဲ့ကျောရိုးအဖြစ်ဖန်တီးထားတာပါ။  ဇာတ်ကားလေးကိုကြည့်ရင်း မွေးရပ်မြေက ညီအကို မောင်နှမတွေကို ပြန်မြင်ယောင်မိပါတယ်။ ငယ်ငယ်ကတည်းက ညီအကိုတွေ စားအတူ၊ ကစားအတူ၊ ရှိအတူ၊ မရှိအတူ နေလာခဲ့တာလေးတွေကို ပြန်လည်သတိရမိပါတယ်။ 
   ကျွန်တော်ကျောင်းတတ်နေတဲ့အချိန်မှာ အကိုကြီးက အခြားတနေရာမှာ အလုပ်လုပ်ရင်း ညီငယ်လေးတစ်ယောက် မိသားစုအတွက် ကြယ်ပွင့်လေးဖြစ်လာမယ့်ညီလေးလို့ တွေးရင်း အလုပ်တွေ ပင်ပန်းကြီးစွား လုပ်နေတယ်ဆိုတာ ကျွန်တော်တကယ်မသိခဲ့ပါ။ ခွင့်ရလို့ အိမ်ကို ခဏပြန်တဲ့အချိန်မှ မေမေပြောပြမှ ကျွန်တော်အကြောင်းစုံ သိခွင့်ရလိုက်တာပါ။ ကျွန်တော်ထင်တာတော့ ကျောင်းစရိတ်တွေအားလုံး မေမေတို့ ဖေဖေတို့ထောက်ပံ့နေတယ်ထင်တာပါ။ ဒါပေမယ့်လည်း အကိုကြီးတစ်ယောက်တည်းကပဲ အမြဲထောက်ပံ့ပေးနေတာပါ။ 
   မမျှော်လင့်တဲ့နေ့လေးတစ်နေ့မှာ မေမေဆီကို အကိုကြီးဖုန်းဆက်ပါတယ်။ မေမေကလည်း သားဖုန်းဆိုင်ကို လိုက်ခဲ့လိုက်တဲ့။ ကိုကိုနဲ့စကားပြောလို့ရတာပေါ့တဲ့။ မေမေနဲ့အရင်ပြောနေရင်းကနေ သား ကိုကိုက သားနဲ့ စကားပြောချင်လို့တဲ့၊ စကားပြောလိုက်ပါအုံးတဲ့။ (၁၅)မိနစ်ခန့်တော့ ကြာမည်ထင်ပါတယ်။ အဲ့ဒီအချိန်မှာ စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း စကားလေးတစ်ခွန်းကိုတော့  ကျွန်တော် ဒီနေ့ထိ၊ ဒီလောကကြီးက မထွက်ခွါသွားခင် စက္ကန့်လေးအလိုလောက်ထိ မေ့လို့ရမည်မဟုတ်၊ မေ့ပြစ်နိုင်မည်မဟုတ်။ ညီလေးတို့အတွက် အကိုကြီး အလုပ်တွေအများကြီးလုပ်နေတယ်ကွ၊ ဆံပင်ညှပ်ရင်  ညှပ်ခပိုက်ဆံပေးလိုက်လို့ အိမ်ကို ပိုက်ဆံပြန်ပို့တဲ့အချိန် ပိုက်ဆံပြည့်အောင် မပို့နိုင်မှာဆိုးလို့ ကိုကိုကတုံးတုံးထားတယ်ကွ။ တကယ်ပါဗျာ။ အပိုပြောနေခြင်းမဟုတ်။ ချက်ချင်းဆိုသလို မျက်ရည်များ ၀ဲလာပြီး မနည်းမကျအောင် ထိန်းထားရတယ်။ မျက်ရည်လွယ်လို့ ကျခြင်းမဟုတ်ပါ။ မှန်တာပြောရရင် တောင်သာသားလေး (၁၅)နှစ် ကျော်ကျော်ကတည်းက မျက်ရည်ကျအောင် မခံစားတတ်တော့ပါ။ ၀မ်းနည်းစရာတွေ့ရင်လည်း မငိုတတ်တော့။ ရယ်မောစရာတွေကိုလည်း ငယ်ငယ်ကလို ခွက်ထိုးခွက်လန် ရယ်လို့မရတော့။ ထင်တာကတော့ တောင်သာသားလေးတို့ကျောင်းက သင်ပေးတဲ့ ပညာရပ်လားမသိပါ။  သို့ပေမယ့်လည်း အကိုကြီးတစ်ယောက်ရဲ့ ညီငယ်တွေပေါ်မှာ ထားတဲ့ မေတ္တာကြောင့်၊ စကားသံကြောင့် မျက်ရည်စတွေက အလိုလို ယိုစီးကျလာတာ ဖြစ်မှာပါ။ 
   တောင်သာသားလေး နောင်တတွေ တပွေ့တပိုက် မနိုင်မနင်း ရလိုက်သလို ခံစားလိုက်ရတယ်။ ကိုကိုက ပင်ပန်းစွာရှာပြီး ပို့ပေးတဲ့ ပိုက်ဆံကို သုံးငွေလိုမသုံးမိဘဲ ဖြုန်းငွေလို သုံးခဲ့မိတဲ့ အချိန်တွေကို လည်း ပြန်သတိရရင် နင့်သီးစွား ခံစားမိပါတယ်။ 
   ယနေ့တိုင်အောင် အကိုကြီးတစ်ယောက် အလုပ်တွေလုပ်ရင်း မိသားစုအတွက် ပေးဆပ်နေတာတုန်းပါ။ ချစ်သောအကိုကြီးတစ်ယောက် ရောက်ရာနေရာမှာ လူချစ်လူခင်ပေါပါစေ၊ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ မိသားစုရင်ခွင်အသိုက်မြုံထဲမှာ နွေးထွေးစွာ ပြန်လည်ရောက်ရှိနိုင်ပါစေလို့ အကိုကြီး ဘာကြောင့် ကတုံးဖြစ်သွားတာလဲ ဆိုတဲ့ပို့စ်လေးဖြင့်  အဝေတမြေမှ ချစ်သောအကို ကန်တော့အပ်ပါသည်။

                                         ဆက်လက်ကြိုးစားပါအုံးမည်
                                   တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More