တောင်သာသားလေးတစ်ယောက် (၁၀)တန်း စာမေးပွဲဖြေပြီးတဲ့အချိန် စိတ်ထဲမှာ အိမ်ကို ဆွမ်းခံကြွကြွနေတဲ့ ကိုရင်လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိတယ်၊ အားကျမိတယ်။ ကိုရင်ဝတ်ချင်စိတ်တွေ တဖွားဖွားဖြစ်မိနေတယ်။ အချိန်အားလက်ရပ်တွေ ဖြစ်နေတာလည်း ပါလောက်ပါတယ်။ အဲ့ဒါနဲ့ မေ့မေ့ရင်ခွင်ထဲကို ခေါင်းတိုးပြီး သင်္ကန်ဝတ်ချင်လို့ပါ၊ ကိုရင်ဝတ်ချင်လို့ ပါလို့ ကလေးတစ်ယောက်လို ပူဆာလိုက်တော့ မေမေက အသာတကြည်ပါပဲ ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် သားဒီမှာတော့ မ၀တ်ချင်ပါဘူး။ ပခုက္ကူ(မြို့သစ်)က အမျိုးနည်းနည်းတော်တဲ့ ဆရာတော်ဘုရားဆီမှာ ၀တ်ချင်တာပါလို့ အဒွန့်လေး နည်းနည်း တတ်မိပြန်တော့လည်း ချစ်ရတဲ့မေမေက သားသဘော၊ သားသဘောတဲ့။
၂၀၀၅ခုနှစ် ၀ါဆိုလပထမအပါတ်လောက်မှာပဲ ကိုရင်ဘ၀အစနေ့ရက်များကို ရင်ဆိုင်နေရပါပြီ။ ဘုန်းကြီးကျောင်းဆောင်အသစ်ကြီးက ဆောက်နေဆဲမို့ တောင်သာသားလေးအပါအ၀င် ကျန်ကိုရင်(၅)ပါး၊ ကျောင်းထိုင်ဦးဇင်းတစ်ပါး တို့ မြေစိုက်တဲလေးမှာပဲ သီတင်းသုံးနေရနေရတယ်။ သို့ပေမယ့်လည်း ငြိမ်းအေးပါသည်၊ ပျော်ပါသည်။ အစားအသောက်၊ အနေအထိုင် အားလုံး အဆင်ပြေလှသည်။ ကိုရင်(၆)ပါးအနက် တောင်သာသားလေးကတော့ အကြီးဆုံးဖြစ်တာမို့ ကျောင်းထိုင်ဆရာတော်က ကိုရင်ကြီးလို့ နာမည်ပေးထားသလို ကျန်တဲ့ညီငယ်ကိုရင်လေးတွေကလည်း ကိုရင်ကြီးလို့ တတွတ်တွတ်ခေါ်စမြဲ။
မမျှော်လင့်တဲ့ အဖိတ်နေ့လေးတစ်နေ့မှာ ဆရာတော်ဘုရား အခြားဒေသတစ်ခုကို ကြွဖို့၊ သွားရောက်ဖို့ ကိစ္စကြုံလာတယ်။ မကြွမီ ကိုရင်ကြီးကိုလည်း တတွတ်တွတ် အမှာတော်တွေပါးနေပါတယ်။ ဦးဇင်း ဥပုဒ်နေ့အမီ ပြန်လာမယ်ဆိုတဲ့အကြောင်း၊ ဥပုဒ်စောင့်၊ သီလယူမယ့် ဒကာ၊ ဒကာမတွေကို သေချာ ဂရုစိုက်၊ လိုလေးသေးမရှိရအောင် ဆောင်ရွက်ပေးထားပါဆိုတဲ့အကြောင်း ရန်သူကြီး(၅)ပါးကိုလည်း ဂရိုစိုက်ပါဆိုတဲ့အကြောင်းတွေ ပေါ့။ ကိုရင်ကြီးလည်း ဦးဇင်းရဲ့ စကားတွေကို မြေ၀ယ်မကျ နားထောင်ပြီး ဥပုဒ်နေ့မှာ ဒကာ၊ ဒကာမတွေကို ဦးဇင်းက အသွားအဖြစ်ခရီးတစ်ခု သွားနေရကြောင်း၊ ဥပုဒ်သီလပေးဖို့အမီ ပြန်ကြွလာမှာ ဖြစ်ကြောင်း ဒကာ၊ ဒကာမ(၁၀၀)လောက်ကို ဥပုဒ်နေ့ (၉)နာရီလောက်တစ်ကြိမ်၊ (၁၁)နာရီလောက်တစ်ကြိမ် မှာမိနေပါတယ၊် ပြောမိနေပါတယ်။
နာရီလက်တံတွေကလည်း အဲ့ဒီအချိန်မှ ပိုမြန်နေသလားမသိ။ (၁၁)နာရီကျော်လာတာ တောင် သတိမထားမိ၊ သတိမမူမိ။ ဦးဇင်းနဲ့ အဆက်အသွယ်လုပ်ရအောင်လည်း ဖုန်းမရှိ၊ အင်တာနက်မရှိ၊ မေးလ်ပို့လို့မရ။ ဒီကျောင်းမှာ ကိုရင်ကြီးက အကြီးဆုံး။ ကိုရင်ကြီး အဆုံးအဖြတ်မှားလျှင် ကမ္ဘာကြီး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမလား။ ငါ ဘယ်လိုလုပ်ရမလဲ။ ကာရံမညီတဲ့ အတွေးတွေနဲ့ ဇရပ်အဆောင် လှေကားလေးမှာ နှဖူးပေါ်လက်တင်ပြီး စဉ်းစားနေခိုက် ဒကာတစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ လာနေတာကို မြင်လိုက်ရတယ်။ ကိုရင်ကြီးကို တိုင်ပင်ချင်လို့ပါတဲ့။ အခုနာရီက ၁၁ ခွဲကျော်နေပြီ။ ဦးဇင်းကလည်း ပြန်မလာသေးဘူး။ ဒကာ၊ ဒကာမတွေကလည်း ဒီအချိန်ရောက်မှ တခြားကျောင်းကိုသွားပြီး သီလမယူချင်တော့ဘူးတဲ့။ ကိုရင်ကြီး သီလပေးဖို့ ဒကာ၊ ဒကာမတွေပြောနေကြပါတယ်တဲ့။ အဲ့ဒါကိုရင်ကြီး ဘယ်လိုသဘောရလဲတဲ့။ တော်သေး၏။ ဦးဇင်းအမြော်အမြင်ကောင်းခဲ့ပေလို့။ ကိုရင်ကြီးကို သီလပေးနည်းတွေ ကျက်ခိုင်းထားသည်။ အစကတော့ ရည်ရွယ်ချက်မသိ။ အခုတော့ သိလိုက်ပါပြီ။ အရေးကြုံလာရင် ထုတ်သုံးလို့ရအောင်၊ အသုံးပြုနိုင်အောင်ပေါ့။ ကဲ ဒါဆိုလည်း ချကြ၊ ဟောကြ၊ ပြောကြ တာပေါ့ဗျာဆိုပြီး အားတင်းလို့သာ တရားဟောမယ့် ကျောင်းဆောင်ထဲကို လိုက်လာနေမိ။ ခြေလှမ်းတွေကတော့ ကြောက်ရွံ့မှု၊ လေးလံမှုတွေကို ရင်ဆိုင်နေမိ။ ကြောက်ရွံ့မိတယ်ဆိုတာကလည်း ကိုရင်ကြီးသင်္ကန်အသက်က (၄၃)ရက်ပဲရှိသေးတာ။ ကျေးဇူးတင်စရာ ဒကာ၊ ဒကာမတွေမျက်နှာက ဦးဇင်းသီလမပေးပဲ ကိုရင်ကြီး သီလပေးမယ်ဆိုတဲ့ သတင်းကြားသော်လည်း မျက်နှာမကောင်း၊ မငြူစူ၊ စိတ်မကောင်းမဖြစ်။ ကိုရင်ကြီးလည်း ကြောက်ရွံ့စိတ်တွေကို ရင်ဆိုင်ကျော်လွှားရင်း တရားပလ္လင်ပေါ်ကို ခြေချမိပါတယ်၊ ထိုင်လိုက်မိပါတယ်။
စစချင်းတော့ သီလ တန်းမပေးသေးပဲ စိတ်ကလေးငြိမ်အောင် ဆိုပြီး ဒကာ၊ ဒကာမတွေကို စကားလေးတွေ ပြောနေမိ။ ဦးဇင်းအချိန်မီ ပြန်မကြွလာနိုင်လို့၊ ကိုရင်ကြီး အခုလို သီလပေးဖို့ ဖြစ်လာတာဆိုပြီး အစချီတဲ့စကားလုံးတွေနဲ့ သူတို့ကို မိတ်ဆက်လိုက်ပါတော့တယ်။ ပြီးတော့မှ ဦးဇင်းသင်ပေးထားတဲ့ အသံအနေအထား၊ အဖြတ်အတောက်မှန်ကန်မှု တွေကို အတတ်နိုင်ဆုံးဖြစ်အောင် အသုံးပြုပြီး သီလပေးနိုင်ခဲ့ပါတယ်။ အောင်မြင်စွာပြီးဆုံးသွားတဲ့ အချိန်မှာတော့ ကိုရင်ကြီးတစ်ယောက် ပျော်လွန်းလို့ ဆွမ်းတောင် ကောင်းကောင်းဘုန်းမပေးနိုင်ပါဘူး။
ညနေလောက်မှာ ဦးဇင်းပြန်ကြွလာတာကို မြင်မြင်ချင်းပဲ ခရီးဦးကြိုပြုရင်း ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို တလုံးမကျန် ခရားရေလွှတ်သလို တတွတ်တွတ်ပြောပြနေမိ။ ဦးဇင်းမျက်နှာမှာတော့ ပီတိအရောင်တွေလွှမ်းလို့ (စိတ်ချယုံကြည်ရတယ်ဆိုတဲ့ ပီတိအရောင်တွေဖြစ်မယ့်ထင်)။ နောက်တစ်နေ့ ဆွမ်းခံကြွတော့ အိမ်တစ်အိမ်မှာ ဒကာမကြီးတစ်ယောက်က စကားတွေ လာပြောနေခဲ့ပါတယ်။ ကိုရင်ကြီးက (၁၀)တန်းဖြေထားတာဆို၊ ကိုရင်ကြီး မနေ့က သီလပေးတာ အသံနေ အသံထား အရမ်းကောင်း၊ ကိုရင်ကနေ ထွက်အုံးမှာလား၊ ဘုန်းကြီးလုပ်မှာလား စသည် မိန်းခလေးပီပီ အမေးအမြန်းထူနေပါသည်။ သို့ပေမယ့် နောက်ဆုံးစကားတစ်ခု ကြားလိုက်ရတာကတော့ စိတ်ဝင်စားဖို့ကောင်းလှ၏။ ကိုရင်ကြီး လူမထွက်ပါနဲ့လားတဲ့။ (၁၀)တန်းအောင်ရင် မန္တလေးက ဗုဒ္ဓ္ဓ္ဓ္ဓ တက္ကသိုလ်တတ်ပါလားတဲ့။ တပည့်တော်မ ရဟန်းဒကာမ လုပ်ချင်လို့ပါတဲ့။ တကယ်ပါ၊ ပျော်လွန်းလို့၊ ဘ၀င်လေတွေလည်း ဘယ်ကိုဟပ်နေသည်မသိ၊ ဟပ်တော့ ဟပ်နေတယ်ထင်ပါသည်။ မသိစိတ်ကလည်း ငါ ဟဲ့ ယောက်ျားလို့ ကြွေးကြော်သံကလည်း အထက်ဘ၀ဂ်တိုင် အသံတွေ ပဲ့တင်ထပ်နေမယ်ထင်။ သီလလေးတစ်ခါပေးမိလိုက်ပါတယ်၊ ရဟန်း ဒကာမတွေ ပေါ်လာတော့တာပဲ။ ၶၶၶၶၶၶ
သို့ပေမယ့်လည်း ရဟန်းဖြစ်ဖို့ ကံဇာတာမပါဘူးထင်။ အဲ့ဒီရက်တွေနောက် သိပ်မကြာမီ သတင်းတစ်ခုရောက်လာပါတယ်။ (၁၀)တန်း စာမေးပွဲအောင်တယ်ဆိုတဲ့အကြောင်း၊ ဘယ်တက္ကသိုလ်ကို လျှောက်လွှာတင်ရမလဲဆိုတဲ့အကြောင်းတို့ပါပဲ။ အဲ့လိုကျပြန်တော့လည်း အရပ်သားဘ၀လေးကို မက်မောမိပြန်။ အခုအချိန်ထိ မညာတမ်းပြောရရင် ကိုရင်ကြီးဝတ်ခဲ့မိတဲ့ (၄၃)ရက် ကာလလေးက တောင်သာသားလေးဘ၀မှာ အငြိမ်းချမ်းဆုံးနေ့ရက်များလို့ ပြောရပါလိမ့်မည်။
ဆွမ်းတစ်နပ်၊ ဟင်းတစ်ခွက် လှူဒါန်းမှု၊ ဒါနပြုခဲ့ကြပါသော ပခုက္ကူ(မြို့သစ်)မှ ဒကာ၊ ဒကာမတွေရဲ့ကျေးဇူးကို ပြန်လည် အောက်မေ့ရင်း။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment