Thursday 12 January 2012

ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ပါရမီဖြည့်တတ်သူ (သို့) တောင်သာသားလေးမေမေ

   တောင်သာသားလေးဖေဖေတစ်ယောက် ဆိုးပေလို့ နာမည်ပေးရလောက်အောင် ငယ်ငယ်က ဆိုးပြီး ပေတေနေတာကို မေမေပြောပြမှပဲ သိခဲ့ရပါတယ်။ သား(၄)ယောက်မွေးထားတဲ့မေမေက ဖေဖေကို အပြစ်ပြောဖို့၊ အပြစ်တင်ဖို့ ဖေဖေငယ်ငယ်ကအကြောင်းတွေ ပြောပြနေခြင်းမဟုတ်။ ဖေဖေရဲ့ ဆိုးပေနေတဲ့ အကျင့်စရိုက်ကနေ သား(၄)ယောက်  စံပြုရလောက်တဲ့၊ အားကိုးရလောက်တဲ့ ဖေဖေတစ်ယောက်ဖြစ်အောင် ပြောင်းလဲခဲ့ပုံလေးတွေကို ပြောပြနေခြင်းသာဖြစ်ပါတယ်။
   တနေ့တော့ တောင်သာသားလေးတို့ ညီအကို(၄)ယောက် စုံစုံညီညီ မေမေအနားကို ရစ်သီရစ်သီ လုပ်နေကြတာပါ။ အကြောင်းကတော့ ဖေဖေနဲ့မေမေ ငယ်ငယ်က အကြောင်းတွေကို နားထောင်ချင်လွန်းလို့ လုပ်နေခြင်းသာ။ မေမေမှာလည်း သနားစရာပါ။ မေမေအရပ်က ၅ ပေ ၃ လက်မ သာသာ ရှိပေမယ့် မွေးထားတဲ့ သားတွေကတော့ state ကျောင်းသားအရွယ်ကတည်းက မေမေအရပ်နဲ့ နင်လားငါလားပါပဲ။ သားတွေကို အလွန်မတန်မှ ချစ်တဲ့မေမေတစ်ယောက် သားတွေချွဲတော့လည်း အလုပ်မအားတဲ့ကြားက သားတွေအတွက် အချိန်ပေးပြီး ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောပြစမြဲပါ။ 
   ကဲ သားတို့ နားထောင်ချင်ရင် မေမေပြောပြမယ်တဲ့။ သားတို့ဖေဖေနဲ့ မေမေက မင်္ဂလာဆောင်တဲ့နေ့အထိ ရည်းစားစကား မပြောဖူးဘူးတဲ့။ အင် မေမေပြောတာကြီးကလည်း ရည်းစားစကားမပြောဘဲနဲ့ ဘယ်လိုလုပ်မင်္ဂလာဆောင်လိုက်တာတုန်း ဟု ကောင်တာမေးခွန်းမေးဖို့ စောင့်နေသူကတော့ တောင်သာသားပေါက်စလေးပါ။ မပြောလိုက်ရတဲ့ အကြောင်းကတော့ မိဘပေးစားလို့ ယူလိုက်ရတာတဲ့။ မိဘချင်းသဘောတူတယ်ဆိုလို့ အထင်မကြီးလိုက်ပါနဲ့။ အခုခေတ် ရုပ်ရှင်ဇာတ်ကားတွေထဲကလို မိဘတွေချမ်းသာလို့၊ ဂုဏ်ချင်းထပ်မှမြတ်မှာမိုလို့၊ အဲ့ဒါတွေကြောင့်မဟုတ်ပါ။ 
    ဖြစ်စဉ်အကျဉ်းလေးက ဒီလိုပါ။ ဖေဖေရဲ့ အဘိုးက သားကို ထိန်းလို့မရလို့ မေမေကိုထိန်းခိုင်းလိုက်တာပါပဲ။ ဖေဖေကတော့ ငယ်ငယ်ကတည်းက မွေးကံကောင်းခဲ့သူ။ သမီး(၃)ယောက် မွေးပြီးမှ သားလေးတစ်ယောက် မွေးလာတာဆိုတော့ အဘိုးနဲ့ အဘွားကော၊ အမတွေကကော ချစ်လို့မ၀။ လုပ်ချင်ရာလုပ်၊ သွားချင်ရာသွား။ ဖေဖေစိတ်ချမ်းသာဖို့က အဓိကပဲလို့ အမြဲပြောတတ်သူကတော့ အဘွားပါပဲ။ ကျောင်းထားပြန်တော့လည်း (၄)တန်းပဲ ရောက်သေးတယ် မိဘတွေကို ကူညီချင်တယ်ပြောပြီး ကျောင်းထွက်၊ ကျောင်းထွက်ပြန်တော့လည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်။ ထန်းတောထဲမှာ အရက်ဆိုင်မှာ သူငယ်ချင်းများနဲ့ အချိန်ကုန်ခဲ့တာ အသက်(၁ဂ)နှစ် ရောက်တဲ့အထိပါပဲ။  အဲ့ဒီအချိန်မှာ အကြံထုတ်နေသူတစ်ယောက်ကတော့ အဘိုးပါပဲ။ သူ့သားကို ဘယ်လိုထိန်းမလဲဆိုပြီး အတွေးဝင်နေတာပေါ့။ မြန်မာနိုင်ငံက မိဘတွေအကျင့်လား၊ ဓလေ့လားတော့ မသိ။ သားမွေးပြီး ပြောမနိုင်၊ ထိန်းမရဖြစ်ရင် ခြေငြိမ်အောင် မိန်းမပေးစားတော့တာပါပဲ။ အဲ့ဒီ ကျော့ကွင်းထဲကို ၀င်ရောက်ခဲ့မိတာကတော့ ရွှေသမင်လေးမဟုတ်။ တောင်သာသားလေးဖေဖေ ။
   မေမေရဲ့ဇာတ်ကြောင်းလေးကတော့ မေမေဟာ ငယ်ငယ်ကတည်းက အမကြီး အမိအရာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေထိုင်ခဲ့ရသူ။ (၁၀)နှစ်သမီးလောက်ကတည်းက အဘွားဆုံးသွားတော့ အဘိုးနဲ့ကျန်တဲ့ မောင်တွေ၊ ညီမတွေကို ထိန်းကျောင်းရင်း ကြီးပြင်းခဲ့သူ။ ဘ၀ကျောင်းက သင်ပေးတဲ့မေမေ၊ မောင်တွေ ညီမတွေကို ထိန်းလာခဲ့တဲ့ မေမေ၊ ဘယ်လိုထိန်းကျောင်းရမလဲ၊ ဘယ်လိုသွန်သင်ရမလဲ ဆိုတာကို သင်တန်းတွေ မတတ်ပါပဲ အလိုလို တတ်နေပါတော့တယ်။ အဲ့ဒီအရည်အချင်းတွေကပဲ ဖေဖေကို ထိန်းကျောင်းဖို့ စွမ်းဆောင်နိုင်ခဲ့တယ် ထင်တာပါပဲ။
   ဖေဖေနဲ့မေမေ မထင်မရှား နှစ်လေးတစ်နှစ်မှာ မိဘရှေ့မှောက်မှာပဲ အကြင်လင်မယား ဖြစ်ခဲ့ကြပါတယ်။  မေမေတစ်ယောက် သားဦးလေးမွေးပြီးတဲ့နောက် မေမေရဲ့ဖေဖေ(အဘိုး)  သူချစ်တဲ့ မိသားစုကို ခွဲခွါသွားခဲ့ပါတော့တယ်။ မေမေမှာတော့ ဒုက္ခတွေက ပြေးမကြည့်ပဲ အတွေးနဲ့သိနေမယ်ထင်ပါတယ်။  ယောက်ျားက အရက်သမား။ အားကိုးရတဲ့ အဘိုးက လူ့လောကကြီးက ထွက်ခွါ။ သို့ပေမယ့် မေမေစိတ်ဓါတ်မကျ၊ လောကကြီးကို ဒူးမထောက်၊ လက်မမြှောက်။ အဲ့ဒီအချိန်မှာ မေမေရင်ထဲမှာကော စိတ်ထဲမှာပါ ရှိတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူမွေးထားတဲ့ သားတွေ ပညာတတ်တွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ပါပဲ။ 
   သားတွေကို ခဏထားပါအုံးတဲ့။ လင်ယောက်ျားကို အရင်ပြင်ဖို့ ဆုံးဖြတ်သည်။ တစ်လကို တစ်ကြိမ်ခန့်လောက် ဖေဖေကို အမြဲပြောသော စကားလေးတစ်ခွန်းရှိသည်။ ရှင် အဲ့လိုပဲ မူးပေတေနေ၊ ရှင်မွေးထားတာ သား(၄)ယောက်နော် တဲ့။ အချိန်ကာလတွေ ကြာလာတာနဲ့အမျှ ဖေဖေနားထဲမှာ အဲ့ဒီစကားလုံးတွေက ပြည့်နှက်လို့နေပေပြီ။ ဒီနေရာ မေမေကံကောင်းတာ တစ်ခုက ဖေဖေမူးလာရင် ရုပ်ရှင်ထဲက အမူးသမားတွေလို သားသမီးကို မရိုက်၊ မိန်းမကို အနိုင်မကျင့်။ အရက်သောက်ပြီး အိမ်ကို ပြန်လာပြီဆိုရင် တိတ်တိတ်ဆိတ်ဆိတ်၊ ကုတင်လေးပေါ် တတ်ပါတော့သည်။ ထိုအချိန်တွင် တောင်သာသားလေးတို့ ဖေဖေ့ပါးစပ်ကို အရက်နံ့နံလား သွားမနမ်းပါပဲ အလိုလို သိလိုက်ပါပြီ။ ဖေဖေ အရက်တွေ သောက်လာပြီပေါ့။ 
   မေမေတစ်ယောက် လင်ယောက်ျားအပေါ်မှာထားတဲ့ ၀တ္တရားတွေကျေပွန်တာလား၊ မေမေပြောဆိုတဲ့ စကားတွေ ဖေဖေနားထောင်လာတတ်လို့ပဲလား၊ ဖေဖေပဲ သားတွေ နည်းနည်း အသက်ရလာလို့ ဆင်ခြင်လာတာလားတော့မသိ။    တောင်သာသားလေးတို့ (၄)တန်းလောက်ရောက်မှာတော့ အသောက်အစား သိပ်မဖက်တော့။ အိမ်က မိသားစုအတွက် အချိန်တွေ ပေးလာတတ်ပါပြီ။ မေမေလည်း တစ်လတစ်ခါလောက် ပြောတဲ့ စကားလေးတစ်ခွန်းလည်း ပြောစရာ မလိုလောက်တော့အောင် ဖြစ်လာပါတယ်။ အခုဆိုရင်ဖေဖေဟာ အသက်(၅၄)နှစ်ရှိနေပါပြီ။ အရက်၊ ကွမ်းကအစ ဆေးလိပ်အဆုံး စွန့်လွှတ်နိုင်နေပါပြီ။ ဗုဒ္ဓ္ဓရဲ့အဆုံးအမတွေကိုလည်း နာခံတတ်နေပါပြီ။ 
   တောင်သာသားလေးကတော့ မေမေကို အထင်ကြီးသည်၊ လေးစားသည်၊ အခက်အခဲပေါင်းများစွာ ကြုံခဲ့ရင်လည်း ခေါင်းအေးအေးစဉ်းစားပြီး ရင်ဆိုင်တတ်သူ။ မေမေရဲ့မလျှော့သောဇွဲ၊ မသေးသောလုံ့လတို့နဲ့ နှစ်ပေါင်းများစွာ ပြောဆိုစည်းရုံးရင်း၊ ကူညီဖေးမရင်း၊ ပါရမီဖြည့်ရင်း၊ မိန်းမကောင်းတစ်ယောက်ဖြစ်အောင် ပြောဆိုနေထိုင်ရင်း၊  ဖေဖေတစ်ယောက် အခုတော့ မေမေအတွက် ယောက်ျားကောင်းတစ်ယောက်၊ သားတွေအတွက် စံပြဖေဖေတစ်ယောက် ဖြစ်လို့နေပါပြီ။
   လာလည်သူ အမတွေကိုလည်း တောင်သာသားလေးမေမေရဲ့ မလျှော့တဲ့ဇွဲ၊ မသေးတဲ့လုံ့လတို့နဲ့  မှန်ကန်တဲ့စိတ်ထား၊ မြင့်မြတ်တဲ့အကျင့်တွေကို ရှိစေချင်သည်။ အဲ့ဒါမှ အမတွေဟာ နောက်လာမယ့်အနာဂါတ်တွေမှာ အမတို့မိသားစုအတွက် အမေကောင်း၊ ဇနီးကောင်း တစ်ယောက်ဖြစ်လာနိုင်မှာပါ။ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း    ။
                                                                           ဆက်လက်ကြိုးစားပါအုံးမည်
                                                               တောင်သာခရီးသည်













0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More