Wednesday 4 January 2012

လေးစားဖွယ် ကျွန်တော့် Supervisor

   တောင်သာသားလေးတစ်ယောက် ဒီနေ့တော့ Supervisor တူတွေ ပေါင်းပြီးတော့ တွေ့ဆုံစားပွဲလေးတစ်ခု လုပ်ဖြစ်ပါတယ်။ တွေ့ဆုံစားပွဲလေးတွေရဲ့ ဓလေ့လို့ပြောရမလား၊မသိ။ ကိုယ်စီ မိတ်ဆက်စကားလေးတွေ၊ လက်ဆောင်စကားလေးတွေ ပြောရပါတယ်။ နောင်တော်အကိုကြီးတစ်ယောက် ပြောတဲ့အချိန်မှာတော့ အမှတ်မထင်ပဲ တောင်သာသားလေးတို့ရဲ့ စူပါဗိုက်ဆာရဲ့ ဘ၀ဇာတ်ကြောင်းလေး သိလိုက်ရပါတယ်။ 
    ဆရာကတော့ တောင်သာသားလေးတို့ကျောင်းမှာ နိုင်ငံခြားကျောင်းသားတွေကို အုပ်ချုပ်ရတဲ့ အကြီးတစ်ယောက်ဖြစ်သလို မြန်မာကျောင်းသားတွေကို အလွန်မတန်ချစ်ခင်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဌာနမွေးနေ့ပွဲ သို့မဟုတ် မြန်မာကျောင်းသားတွေနဲ့ဆိုင်တဲ့ ပွဲတစ်ခုခုကို တတ်တဲ့အချိန်မှာ မြန်မာတိုက်ပုံအကျီ်လေးကို အမြတ်တနိုး ၀တ်ဆင်တတ်သူပါ။ အဲ့ဒါကြောင့်လည်း မြန်မာကျောင်းသားတွေက လေးစားချင်ခင်ရတာပါ။  ဆရာက အမြဲတမ်းပြုံးနေတတ်သူပါ။ အဲ့ဒီအပြုအမူကပဲ လူအများချစ်ခင်တတ်တဲ့ အရည်အချင်းတစ်ခုသဖွယ်။ တပည့်ကျောင်းသားကို ကြည့်ပြီးတော့လည်း ပုစ္ဆာတွေ ပေးတတ်ပါသေးတယ်။ တော်ရင်တော်သလို၊ ညံ့ရင်ညံ့သလို ဦးဆောင်နိုင်သူပါ။ မေးခွန်းမေးတတ်သူပါ။ တပည့်တစ်ယောက်ကို တုတ်မကိုင်ပါပဲ ဆုံးမတတ်သလို၊ ဆုံးမခံတပည့်တစ်ယောက်အနေနဲ့လည်း ဆရာရဲ့ဆုံးမစကားသံကို ကြားတဲ့အချိန်မှာ အရိုက်မခံရဘဲ မျက်ရည်တွေအလိုလို စီးကျလာစမြဲပါ။ ဒါတွေက ဆရာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတုယူဖွယ်၊ လေးစားဖွယ် အကျင့်လေးတွေပါ။ 
    စိတ်မကောင်းစရာသတင်းလေး ဒီတွေ့ဆုံစားပွဲလေးမှာပဲ ကြားလိုက်ရပါတယ်။ ဘာလဲဆိုတော့ ဆရာ့ဇနီးမှာ လေဖြတ်ပြီးတော့ အောက်ပိုင်သေနေတာ တဲ့။ တောင်သာသားလေးတစ်ယောက် တကယ်ကို စိတ်မကောင်းဖြစ်လိုက်သလို နင့်ခနဲနေအောင်လည်း ခံစားလိုက်ရတာ အမှန်ပါ။ အိမ်မှာလည်း ဆရာပဲ အဆင်ပြေအောင်လုပ်ရ၊ ကျောင်းမှာလည်း တပည့်တွေနဲ့။ တကယ်သနားဖို့ ကောင်းမိပါတယ်။ တခါတလေ တောင်သာသားလေးတို့လည်း မိုက်မိပါတယ်။ Supervisor တွေ့တဲ့နေ့တချို့တရက်တွေမှာ စာမလုပ်ဘဲ သွားခဲ့မိတာ ရှိဖူးပါတယ်။ အဲ့ဒီအချိန်တွေကို ပြန်တွေးပြီး ငါတော်တော်မိုက်ပါလား၊ သူတစ်ပါး ငါ့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ပါလား (ဆရာကိုပြောတာပါ) ဆိုပြီး တွေးမိနေပါတယ်။ ဘယ်လိုပဲ အခက်အခဲတွေနဲ့ ကြုံကြုံ တောင်သာသားလေးတို့ဆရာတစ်ယောက်ကတော့ အမြဲပြုံးနေတာပါပဲ။ နေ့လည် ထမင်းစားချိန် ကျောင်းကနေ  မိန်းမဆီကို ထမင်းစားဖို့ ဖုန်းဆက်တယ်၊ ညနေကျောင်းပြန်ချိန်နီးရင်လည်း ပြန်လာတော့မယ့်အကြောင်း နေ့စဉ်ဖုန်းဆက်တတ်တဲ့ ဆရာအကျင့်ကိုလည်း အကိုကြီးတစ်ယောက် ပြောပြမှ သိလိုက်ရတာပါ။ အကိုကြီးတစ်ယောက်က မေးဖူးတယ်တဲ့။ ဆရာ အိမ်မှာက အောက်ပိုင်းသေနေတဲ့ ဇနီး၊ ကျောင်းမှာက စာမလုပ်တဲ့ တပည့်တွေ တွေ့တဲ့ အချိန် စိတ်မပင်ပန်းဖူးလားလို့ မေးဖူးပါတယ်တဲ့။ ဆရာက အဲ့ဒီအချိန်မှာ စကားလေး တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ ငါချစ်လို့ ယူထားတဲ့အမျိုးသမီး တဲ့။ 
တစ်လုံးချင်းထွက်လာတဲ့ စကားတွေက နားမထောင်ပဲမနေနိုင်လောက်အောင်၊ ဘာမှပြန်မပြောနိုင်အောင်  ပါစပ်အဟောင်းသားလေး ဖြစ်ခဲ့ရပါတယ်။ 
   တောင်သာသားလေးလည်း အတွေးတစ်ခု ၀င်လိုက်မိပါတယ်။ ငါလည်း အသက်အရွယ်ရလို့ အိမ်ထောင်ပြုခဲ့ရင် ကိုယ်ယူတဲ့အမျိုးသမီးက အဲ့လိုမျိုးဖြစ်နေရင် ဆရာ့လို နေထိုင်ပြောဆို ပြုမူနိုင်ပါ့မလားလို့ တွေးနေမိပါတယ်။ စိတ်ထဲမှာတော့ ဆရာတူတဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်လို့ ကြုံးဝါးရင်း .........။

                                                  ဆက်လက်ကြိုးစားပါအုံးမည်
                                          တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More