Sunday 23 October 2011

ကဗျာကပေးသော ညွှန်တံများ(၁)



အမြင့်ကိုမှန်း
လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
ခွန်အားအပြည့်ပါ,ပါစေကွယ်။

သစ်ပင်မြင့်လေ လေတိုက်ခံရလေဆိုတာ
ဖြစ်နေကျ အစဉ်အလာမို့
အနှစ်နှစ်အလလ ပျိုးခဲ့ရတဲ့
ဘ၀သစ်ပင် မယိုင်လဲစေဖို့

အမြစ်တွေလဲ ခိုင်ပါစေ။

ကြမ်းတမ်းခက်မာ
လမသာတဲ့ညတွေကြား
စိတ်ပျက်အားငယ်စရာများ ကြုံလာခဲ့ရင်
ဝီရိယကို အဖော်ခေါ်
ဘ၀မှာ နေပျော်ပါစေကွယ်။

သိက္ခာနဲ့ အသပြာ ယှဉ်လာခဲ့ရင်
အသပြာကို ဘေးဖယ် -

သိက္ခာကိုသာ ရွေးချယ်
ဘ၀မှာ တင့်တယ်ပါစေကွယ်

ဆိတ်ကွယ်ရာရဲ့ ဖြားယောင်းမှုအောက်
မတော်တဆများ ရောက်ခဲ့ရရင်
ကိုယ့်ကျင့်တရားကို ခြုံ
ဘ၀မှာ လုံခြုံပါစေကွယ်။

ကိုယ့်ဘက်က လက်ဖမိုး -
သူ့ဘက်က လက်ဖ၀ါး
ဒီလိုလူတွေကြားမှာ
ဒေါသကို ရှေ့မထားနဲ့ -
ဘ၀မှာ အမှားနဲပါစေကွယ်။


ရုန်းကန်လှုပ်ရှား လောကဓံကြားမှာ
သနားသင့်သူကိုသနား
ကူသင့်သူကိုကူ
တွဲထူသင့်သူကို လက်ကမ်း
(ဒါပေမဲ့)
ရေများရာ ရွာတဲ့
အဖိုးမတန် မိုး မဖြစ်ပါစေနဲ့
(ဘ၀မှာ)
အတ္တနဲ့ ပရ မျှတပါစေကွယ်။

သီလ ငါးချက် စိတ်မှာမှတ်
မေတ္တာ တရား လက်ကိုင်ထား
ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ အတူနေ
  ဘ၀မှာ အောင်မြင်ပါစေကွယ်။

အောင်သပြေကို ညောင်ရေလောင်းလို့
ထပ်ခါ ထပ်ခါ ဆုတောင်းပေးပါတယ်
   ဘ၀မှာ
အစစ အရာရာ အဆင်ပြေအောင်မြင်ပါစေကွယ်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More