တောင်သာသားလေးတစ်ယောက် အိမ်စာတွေရေးနေရင်းနဲ့ facebook ထဲက စာပေဟောပြောပွဲလေး နားထောင်နေမိပါတယ်။ ဦးဘုန်းပြောတဲ့ စာပေဟောပြောပွဲလေးပါ။ မိမိနိုင်ငံသူ၊ နိုင်ငံသားတွေကို စာဖတ်စေချင်တဲ့ ဆန္ဒနဲ့ ဟောပြောနေတာလေးပါ။ တောင်သာလေးကတော့ အဲ့ဒီအထဲကပဲ ပြန်လည်ဝေငှပေးလိုက်ပါတယ်။ ဘာလဲဆိုတော့ စာဖတ်နည်း(၃)မျိုးရှိပြီး ၄င်းတို့မှာတော့ မျက်လုံးဖြင့်စာဖတ်ခြင်း၊ နားဖြင့်စာဖတ်ခြင်း၊ ခြေထောက်ဖြင့်စာဖတ်ခြင်းတို့ ဖြစ်တယ်ဆိုတာ နားထောင်လိုက်ရပါတယ်။ တောင်သာသားလေးရဲ့ကိုယ်တွေ့လေးတွေနဲ့ နှိုင်းယှဉ်သုံးသပ် ပါရစေ။
မျက်လုံးဖြင့်စာဖတ်တာကတော့ ပုံမှန်စာဖတ်သလိုပါပဲ။ တောင်သာသားလေး စကားတစ်ခုကြားဖူးပါတယ်။ စာဖတ်တိုင်း သမ္မတ မဖြစ်ပေမယ့်၊ သမ္မတတိုင်းကတော့ စာဖတ်ရမယ် တဲ့။
နားဖြင့်စာဖတ်တယ်ဆိုတာကတော့ စာပေဟောပြောပွဲနားထောင်တာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးဆရာများရဲ့ ဘ၀နဲ့ရင်းထားရတဲ့ အကြောင်းအရာတွေကို နားနဲ့နားထောင်လိုက်ရုံဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ ရနိုင်ပါတယ်။ ဒီနေရာမှာလည်း တောင်သာသာလေးတို့ နောင်တော်အကိုတစ်ယောက် မကြာမကြာပြောဖူးတဲ့ စကားလေးတစ်ခွန်း လက်ဆောင်ပေးပါရစေ။ သူများရဲ့အမှားတွေကနေ သင်ခန်းစာယူပါတဲ့၊ ကိုယ်တိုင်မှားမှ ရတဲ့ သင်ခန်းစားတွေက ခါးသီးလွန်းတယ် တဲ့။
ခြေထောက်ဖြင့်စာဖတ်ခြင်းဆိုတာ ခရီးသွားခြင်းကရလာတဲ့ ဗဟုသုတတွေပါပဲ။ ခရီးသွားခြင်းဟာ အကောင်းဆုံး စာဖတ်ခြင်းပါပဲ။ ဥပမာ လွယ်လွယ်ရှင်းရှင်းပဲပြောပါရစေ။ တောင်သာသားလေးဆိုရင် အသက်(၁၅)နှစ်လောက်ထိ တောရွာသေးသေးလေးမှာပဲ ကြီးပြင်းခဲ့ရတာပါ။ တောရွာလေးအ၀န်းအ၀ိုင်းလောက်ပဲ ဗဟုသုတတွေ ရခဲ့တာပေါ့။ မွေးရပ်ဇာတိ တောရွာလေးကို စော်ကားနေခြင်းမဟုတ်ပါ။ ခရီးသွားခြင်းက ပိုမိုဗဟုသတ ရနိုင်တယ်ဆိုတာကို မြင်သာအောင် ပြောပြနေခြင်းပါ။ အသက်(၁၆)နှစ်လောက်မှာတော့ မြို့တစ်မြို့ကို ကျောင်းသွားတတ်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ မြို့တစ်မြို့နဲ့ဆိုင်တဲ့ ဗဟုသုတတွေ ရလာတာကို ခံစားရပါတယ်။ လောကကြီးအကြောင်းကို မြို့တစ်မြို့စာလောက် သိရှိလာခဲ့ပါတယ်။ အသက်(၂၀)လောက်မှာတော့ နိုင်ငံတော်ကနေ ပညာတော်သင် စေလွှတ်လိုက်လို့ တခြားတိုင်ပြည်တစ်ခုမှာ နေရတဲ့အချိန်မှာတော့ နိုင်ငံရပ်ခြား ဗဟုသုတတွေ ရလာတာကို ခံစားနေရပါပြီ။ အခြားတိုင်းပြည်ကနေ မိခင်တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတာတွေကို နှိုင်းယှဉ်လေ့လာနိုင်ပြီပေါ့။ တခြားတိုင်းပြည်ရောက်မှ မိမိချစ်တဲ့မိခင်နိုင်ငံဟာ အတော်ကြီးနောက်ကျနေတာကို တွေ့ရပါတယ်။ တခြားဖွံ့ဖြိုးတဲ့ နိုင်ငံက လူတွေနဲ့ မိမိနိုင်ငံက လူတွေ လူနေမှုစနစ်၊ ပညာရေးစနစ် အစစအရာရာ တော်တော်များများ နောက်မှာ နေခဲ့ရပါပြီ။ ဒါတွေက စာဖတ်ခြင်းက ရလာတဲ့ ဗဟုသုတတွေပါပဲ။ မိမိတို့ခံစားနေရတဲ့ ခါးသီးတဲ့အရသာတွေကို နောင်လာနောက်သားတွေ ရင်မဆိုင်စေချင်တော့တာတော့ အမှန်ပါ။
ဒီနေရာမှာ တောင်သာသားလေးတစ်ယောက်ကရော ဘယ်လောက်များ တတ်သိနားလည်နေလဲလို့ ထင်နေမှာလည်း ဆိုးပါတယ်။ မတတ်သေးပါဘူး၊ မသိသေးပါဘူး။ တတ်ဖို့၊ သိဖို့ စာသင်နေတုန်း၊ စာတွေဖတ်နေတုန်းပဲ ရှိပါသေးတယ်။ တောင်သာသားလေးတို့ခေတ်မှာ ၅၀ % နှုန်း နောက်ကျနေရင်၊ နောက်(၁၀)စုနှစ်မှာ ၂၀ % နှုန်း၊ နောက် ရာစုနှစ်မှာ ရင်ဘောင်တန်းနိုင်အောင် တောင်သာသားလေးတို့မှာ တာဝန်တွေ အများကြီးရှိပါတယ်။ စာတွေအများကြီး ဖတ်ဖို့လိုပါတယ်။ နောင်လာနောက်သားတွေ ဗဟုသုတတွေကြွယ်ဝဖို့၊ စာတွေအများကြီးဖတ်ဖို့၊ ခေတ်မီနေတဲ့နိုင်ငံကြီးတွေကနေ ကောင်းတဲ့အချက်တွေ အတုယူနိုင်ဖို့၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ တောင်သာသားလေးတို့ကိုယ်တိုင် စာဖတ်ကြပါဆို့လို့ နှိုးဆော်ရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment