Saturday 24 March 2012

မိမိကိုယ်ကိုယုံကြည်မှုနှင့် ၄င်း၏အကျိုးဆက်များ

   အလည်လာသူ အကို၊ အမများကလည်း ထင်နေပါလိမ့်မယ်။ တောင်သာသားလေးတစ်ယောက် ဘယ်များ ပျောက်သွားပါလဲပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းပြန်ဖွင့်ကတည်းက အလုပ်တွေနဲ့ နပမ်းပွဲ ဆင်နွှဲနေ လိုက်ရတာ။ ကိုယ်ကအပေါ်ကရောက်လိုက်၊ အော်မကြာပါဘူး အလုပ်က အပေါ်ကရောက်လိုက်နဲ့ပေါ့။ အခုတော့ ကိုယ်က အလုပ်ကို ခွစီးထားနိုင်တုန်းလေးမို့ ပြန်လည်ရောက်ရှိလာရခြင်း ဖြစ်ပါတယ်။ ခေါင်းစဉ်လေးကို တော့ မိမိကိုယ်ကိုယုံကြည်မှုနှင့် ၄င်း၏အကျိုးဆက်များ လို့ အမည်ပေးထားပါတယ်။
   တောင်သာသားလေးတစ်ယောက် လူတွေအများကြီးထဲမှာ မနေတတ်တာလား၊ တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်မြတ်နိုးတာလား၊ ဆူဆူညံညံ ပျော်ပွဲရွှင်ပွဲတွေကို ရှောင်တတ်တဲ့အကျင့်တွေကြောင့်လားတော့ မသိ။ Miss ရွေးပွဲတွေ အခုအသက်အရွယ်ထိ တစ်ခါမှ မရောက်ဖူးပါဘူး။ ဒါပေမယ့်လည်း ဟိုတနေ့ကတော့ တောင်သာသားလေး ပညာသင်နေတဲ့ကျောင်းမှာ Miss ရွေးချယ်ပွဲလေး ကျင်းပတာကို နောင်တော်အကိုများရဲ့ စည်းရုံးရေးကောင်းမှု၊ ၀င်းကြေးလက်မှတ် Free ရမှုတွေကြောင့် အဲ့ဒီပွဲလေးကို ရောက်သွားခဲ့ပါတယ်။ 
   ဒီပွဲလေးကို အကြမ်းဖျဉ်းလေး ပြောပြရရင် အဆင့်(၃)ဆင့်နဲ့ ရွေးချယ်တာကိုတွေ့ရပါတယ်။ ပထမအဆင့်မှာ တစ်ယောက်ချင်းစီရဲ့ အနုပညာအရည်းအချင်း(talent)တွေနဲ့ အမှတ်ပေးပါတယ်။ ဒုတိယအဆင့်မှာတော့ ၀တ်စားဆင်ယင်မှု၊ ရုပ်ဆင်းလှပမှု၊ အချိုးအဆစ်ပြေပြစ်မှု၊ အသွားအလာ၊ စတာတွေကြည့်ပြီးအမှတ်ပေးနေတာကို တွေ့ရပါတယ်။ တတိယအဆင့်အနေနဲ့ကတော့ အထွေအထွေ ဗဟုသုတ(general knowledge) ကြွယ်ဝမှုကို ကြည့်ပြီးတော့ အဆင့်သတ်မှတ်ပေးနေတာကို တွေ့မြင်နေရပါတယ်။ ပွဲလေးကတော့ ဒီလောက်လေးပါပဲ။
   သို့ပေမယ့်လည်း တောင်သာသားလေးတစ်ယောက်ရေးမယ့် မိမိကိုယ်ကိုယုံကြည်မှုနှင့် ၄င်း၏အကျိုးဆက်များ နဲ့ဆိုင်တဲ့ အတုယူဖွယ် လုပ်ဆောင်မှုတွေကတော့ အခုမှ စတင်မှာပါ။ အမိမြေက ကျောင်းသားတွေနဲ့ ဒီနိုင်ငံကကျောင်းသားတွေ မတူတာတွေလေး တွေ့နေရပါပြီ။ အခု Miss ရွေးချယ်ပွဲကြီးအတွက် အောက်ခြေသိမ်း မီးအလင်းအမှောင်ထိုးတာကစပြီး ပွဲ စီစဉ်သူကြီးကြပ်သူ၊ ရွေးချယ်ရေး ဒိုင်တွေကအစ အားလုံး ကျောင်းသား ကျောင်းသူတွေ ဖြစ်နေတာပါပဲ။ သက်ဆိုင်ရာဌာနမှူးတွေကတော့ ကြည့်နေရုံသက်သက်နဲ့ လိုအပ်တဲ့ဟာတွေကို support လုပ်ပေးနေရုံပါပဲ။ မချီးမွမ်းပဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ 
   သူတို့တွေ ဘာဖြစ်လို့ဒီလိုစွမ်းဆောင်နိုင်တာလဲလို့ မေးလာခဲ့ရင် တောင်သာသားလေး ကြားကနေ သုံးသပ်ချက်အဖြေလေးပေးချင်မိပါတယ်။ သူတို့ကျောင်းသားတွေက မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်ကြတဲ့အချိန်မှာ နောက်က ရလာမယ့်အကျိုးဆက်တွေကိုလည်း သူတို့ရဲရဲဝံ့ဝံ့ ခံစားရဲတယ်။ ပထမတခါနှစ်ခါလောက်မှာတော့ အမှားကင်းချင်မှ ကင်းပါလိမ့်မယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ အမှားအနည်းဆုံးအလုပ်တစ်ခုကို မိမိကိုယ်ပိုင်စွမ်းဆောင်မှုနဲ့ ဆောင်ရွက်နိုင်ပြီပေါ့။ 
   ကျောင်းသားဘ၀ကတည်းက အလုပ်တစ်ခုကို ယုံကြည်မှုအပြည့်နဲ့ လုပ်လာတဲ့အတွက် ကျောင်းပြီးလို့ အလုပ်ခွင်ဝင်ကြတဲ့အချိန်မှာလည်း သူတို့လေးတွေဟာ အခက်အခဲမရှိ၊ ဆုံးဖြတ်ချက် မှန်ကန်စွာနဲ့ စွမ်းဆောင်နိုင်ကြမှာပါ။ အမိမြေကကျောင်းသူကျောင်းသားတွေလည်း အခုလို မိမိကိုယ်ကိုယုံကြည်မှုရှိစေချင်တဲ့၊ ဆုံးဖြတ်ချက်ရဲရဲဝံ့ဝံ့ချနိုင်တဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်စေချင်စမ်းပါဘိ။  Miss ရွေးချယ်ပွဲကြည့်ရှုရင်းနဲ့ တောင်သာသားလေးတစ်ယောက် မေးကလေးထောက်၊ မျက်လုံးလေးပြူးပြီး ခုံလေးပေါ်မှာထိုင်နေရင်း တပိုင်းတစအတွေးများကို ပြန်လည်ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More