Sunday 28 August 2011

wireless ဆိုတာဘာလဲ?



Wireless
ကျွန်တော်တို့ လက်ရှိဖြေရှင်းရတဲ့ပြဿနာက Wireless ပစ္စည်းတစ်ခုကို လာမေးတဲ့အခါ ဒါဘယ်လောက် ဝေးဝေးသွားသလဲ၊ အုတ်နံရံဘယ်နှစ်ချပ် ဖေါက်သလဲ၊ အသုံးပြုသူတွေက ဒါပဲသိချင်ကြတာပါ။ ကိုယ်ကလဲ ဒါကဖြင့် ဘယ်နှစ်မီတာသွားပါတယ်ပြောလိုက်ပြန်ရင်လည်း သူတို့နေရာက ဘယ်လိုမှန်းမသိ။ နံရံကလဲ ဘယ်လောက်ထူမှန်းမသိ၊ တောင်ကုန်းလား၊ ချိုင့်ဝှမ်းအောက်ထဲလား အဲသည်လို မေးခွန်းတွေ ပြန်မေးပြန်ရင်လည်း တချို့လူတွေက မကြိုက်ဘူးဗျ။ ကိုယ်တွေကိုပဲ မယုံသလိုလို အင်တင်တင်လုပ်ပြီး ဒါကတော့ ဘယ်လောက်မိတယ်ဗျာ ဆိုပြီး ဟုတ်ဟုတ်မဟုတ်ဟုတ် အာမခံပေးလိုက်တဲ့ နေရာတွေဆီသာ သွားကြတဲ့ လူတွေလဲ ရှိပါရဲ့။ တချို့ဆိုရင် built-in 2dbi antenna လေးနဲ့ SOHO router အလွန်ဆုံး output power က 200mili-watt လောက်ပဲထွက်မယ့်ဟာကို မီတာ 500 ပတ်လည်မိတယ်ဆိုပြီး ပြောတာမျိုးနဲ့တောင် တိုးသေးတာကိုးဗျ။
တချို့ကတွေးတယ် external antenna အကြီးသာ တပ်လိုက်မယ်ဆိုရင် နဂိုထက် signal ပိုကောင်းလာမယ်ပေါ့။ မှန်တယ်လို့ပြောမရသလို မှားတယ်တော့လဲ ဒုံးတိ ပြောလိုက်လို့ မရပြန်ဘူးဗျ။ Antenna ရဲ့ dbi ကိုကြည့်ရမယ်။ Wireless Router ဒါမှမဟုတ် Access Point ရဲ့ output power ကိုကြည့်ဖို့လိုဦးမယ်ဗျ။ တခါကတွေ့ဖူးတယ် Router ပိစိကွေးလေးကနေ External Antenna အရှည်ကြီး ထုတ်ထားတာ၊ ပုံက စာကလေးအမြှောက်နဲ့ချိန်မဟုတ်ပဲ၊ စာကလေး အမြှောက်ထမ်းထားခိုင်းသလိုဖြစ်နေတာပေါ့ဗျာ။
လက်ရှိဈေးကွက်ထဲမှာ အသုံးများနေတဲ့ Outdoor Wifi Access Point တွေမှာ များသောအားဖြင့် 600mw ထွက်တဲ့အတွက် Signal အားပြင်းသလို Antenna အကြီးတွေကိုလည်း ထောက်ကူပေးနိုင်ပါတယ်။ အစပိုင်းကပြောခဲ့တဲ့ ဘယ်လောက်ဝေးဝေးမိသလဲဆိုတာက ဘယ်နေရာမှာဆင်ထားသလဲ ဆိုတာပေါ်မှာ အများကြီးမူတည်ပါတယ်။ ပတ်ပတ်လည်မိစေချင်ရင် Omni Antenna ကိုသုံး၊ တခြမ်း သို့မဟုတ် မျက်နှာမူရာ အရပ်တစ်ခုကိုသာ သွားစေချင်တယ်ဆိုရင် Directional Antenna တွေကို သုံးရမှာပေါ့။ Antenna ကြိုး တပ်ဆင်ထားပုံနဲ့၊ ကြိုးရဲ့ အတိုအရှည်ပေါ်မှာလဲ အနည်းငယ် သက်ရောက်မှု ရှိနေပါသေးတယ်။ Antenna ကြိုးရှည်လေ Signal Loss ဖြစ်နိုင်ချေများလေပေါ့ဗျာ။
မော်ကျားမော်၊စိမ်းကျားပြာ၊ပြာကျားစိမ်း၊ညိုကျားညို၊ ဒါမှမဟုတ် ဖြူမော်မော်၊ဖြူစိမ်းပြာ၊ဖြူပြာစိမ်း၊ဖြူညိုညို ကိုယ်သန်သလို ကိုယ်ရွတ်ပြီးမှတ်ထားကြတဲ့ Twisted Pair တွေကနေတဆင့် သုံးနိုင်တဲ့ PoE (Power over Ethernet) ဆိုတဲ့ဟာလေးကြောင့် Outdoor Devices တွေအတွက် ပါဝါပေးဖို့ကို ခေါင်းစားစရာ သိပ်မရှိတော့ပါဘူး။ Network ကြိုးပေါ်မှာပဲ power ရော data ပါ တခါထည်း ရောကြိတ်ထည့်လိုက်တဲ့အတွက် မီတာ ၁၀၀ လောက်အတွင်း ပါဝါကို ထောက်ပံ့ပေးနိုင်ပါရဲ့။ တခုရှိတာက 1,3,2,6 ကြိုးတွေမှာ data သွားပြီး 7,8 မှာ power သွားတာမို့လို့ ကြိုးကိုမှားမကိုက်မိဖို့ပါပဲ။ လွယ်ပါတယ်နော့။
WiFi Devices တွေကို ချိတ်ဆက်ဖို့ရာမှာ အရေးကြီးတာက Line of Sight လို့ဆိုတဲ့ လှမ်းမြင်နေရတဲ့အနေအထား ရှိနေဖို့ပဲဗျ။ Outdoor တွေကိုပြောပါတယ်။ ဟိုဘက်သည်ဘယ် Point to Point ထိုးတော့မယ်ဆိုရင် ကြားထဲမှာ ဘာတွေခံနေမလဲဆိုတာ သတိထားပြီး ရှောင်ရှားဖို့လိုပါမယ်။ သစ်ပင်၊ ရေအိုင်၊ မှန်ချပ် စတာတို့ဟာ မထင်ရပေမယ့် WiFi Signal တွေကို အနှောင့်အယှက်ပေးနိုင်တဲ့အထဲမှာ ရှေ့နားက ပါဝင်နေပါတယ်၊ ကိုယ်တွေ့ဗျနော်။ Line of Sight တော့ရှိပါရဲ့ Freshnel Zone ကျဉ်းနေရင် လိုသလောက် Signal မရောက်တာမျိုးနဲ့ ကြုံတွေ့နိုင်ပါသေးတယ်။ Freshnel Zone ဆိုတာက Antenna ကနေ signal စထွက်တဲ့နေရာ အကျယ်အ၀န်းကိုပြောတာဖြစ်ပါတယ်။ သည်ဖက်လည်း ၁၀ ထပ်တိုက်၊ ဟိုဖက်လည်း ၁၀ ထပ်တိုက် ကြားထဲမှာဘာမှလဲမခံဘူး၊ Antenna ကလဲ အားအပြင်းသုံးထားပါရဲ့နဲ့ signal ကထင်သလောက်မကောင်းဘူး၊ ဘာကြောင့်လဲဆိုတော့ ပြူတင်းပေါက် အတွင်းဖက်ကနေ လှမ်းထိုးထားတာဆိုတော့ အပြင်ကိုထွက်တဲ့ signal က ပြူတင်းပေါက်မှာတင် အတော်များများ စစ်ချခံလိုက်ရပြီ ဆိုတာကို သဘောပေါက်မိဖို့လိုပါတယ်။
ကျွန်တော် ဒီမှာ Wireless Technology အကြောင်း မပြောထားပါဘူး။ မရလို့ (အဲလေ) WiFi Technology တွေအကြောင်းက နေရာတော်တော်များများမှာ ရှာတွေ့နိုင်တဲ့အတွက်ရော။ 802.11a/b/g/n စတာတွေကို လူအတော်များများက ရင်းနှီးပြီးသားဖြစ်တာကြောင့်ရောပါ။ တခုရှိတာက n router တွေကိစ္စဗျ။ တချို့က n router ဆိုပြီး 300mbps မရပါလားပေါ့။ ဘယ်ဟုတ်မလဲ draft n ဖြစ်နေတာကိုး။ သူက 150mbps ပဲရပါတယ်။ သေချာမေးသင့်ပါတယ်။ g ဆိုရင် 54 mbps ရပြီး super g mode နဲ့သုံးရင် 108mbps အထိရနိုင်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက Internet Connection Sharing သုံးဖို့ပဲဆိုရင်တော့ n router နဲ့ g router က ဘာမှသိသာစွာ ကွာမှာမဟုတ်ပါဘူး။ ဟား.. n router ကြီးသုံးလိုက်လို့ ကျုပ်တို့ အင်တာနက်ကြီးကဖြင့် သိပ်မြန်သွားတာပဲ ရယ်လို့ ကျွန်တော်ဖြင့် မကြားဖူးပေါင်။ ကျွန်တော်တို့ရဲ့ Internet က စက်တစ်လုံးထဲ ထိုးသုံးရင်တောင် ဘယ်လောက်မြန်တာမို့လို့ နော်။ အဲဒါက သက်သက်မို့လို့ ထပ်မပြောတော့ဘူး ဟဲဟဲ။ n router တွေကို တကယ်လိုအပ်တဲ့သူတွေက wireless နဲ့ lan ချိတ်ပြီး ဂိမ်းဆော့ချင်တဲ့သူတွေ၊ files & resources sharing လုပ်ချင်တဲ့လူတွေ၊ တနည်းပြောရရင် Wireless Connection ပေါ်မှာ Data မြန်မြန်နဲ့ များများ သွားချင်တဲ့သူတွေအတွက်ပေါ့ဗျာ။
Ubiquliti ( hardware ) ( Wifi ) 15 klm

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More