မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Sunday, 29 January 2012

တခါသာမြင်ဖူးခဲ့တဲ့ အဖေ့မျက်ရည်များ

   ကျွန်တော်တို့ သူငယ်ချင်းတွေ ပျော်တဆုံးဆုံး၊ ပြုံးတမော်မော်နဲ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ (၃)လလောက် မိဘဆွေမျိုးသားချင်းတွေနဲ့ မတွေ့ရဘဲ ကျောင်းထဲမှာ နေခဲ့ရပြီး (၃)လကျော်လာလို့ မိဘဆွေမျိုးတွေနဲ့ တွေ့ခွင့်ရမယ်ဆိုတဲ့ သတင်းကြားလိုက်ရလို့ပါပဲ။ 
   မနက်(၅)နာရီလောက်ကတည်းက ခရာသံတွေ တညံညံနဲ့ ပြေးလွှားလှုပ်ရှားနေလေရဲ့။ ကျွန်တော်လည်း ဟိုပြေးလိုက်၊ ဒီပြေးလိုက်ပေါ့။ ကွန်ကရစ်တွေခင်းထားတဲ့ကွင်းကြီးထဲမှာ၊ လေးဘက်လေးတန် မီးတိုင်တွေက မီးရောင်တွေရဲ့အောက်မှာ မပီဝိုးတ၀ါးသာ မြင်နေရတဲ့ သူငယ်ချင်းအားလုံးရဲ့မျက်နှာလေးတွေကတော့ ပြုံးယောက်တွေသန်းလို့ပေါ့။ မနက်(၇)နာရီလောက်မှာပဲ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေ စတင်နေပါပြီ။  မနက်(၈)နာရီလောက်မှာတော့ ကျွန်တော်တို့လှုပ်ရှားနေတဲ့ အရာတွေအားလုံးကို ဖေဖေတစ်ယောက် ကွင်းဘေးကနေ လာများကြည့်နေမလားဆိုပြီး ရှာမိနေလေရဲ့။
   ဟော တွေ့ပါပြီ။ ဖေဖေ မှ ရေမရောတဲ့ဖေဖေပါပဲ။ အရပ်ကြီးက (၆)ပေကျော်၊ကျော်၊  ကိုယ်ကာယက  ကာယဗလမောင်နဲ့ နင်လားငါလား၊ မျက်နှာကြီးက တည်ကြည်ခန့်ညားတဲ့ ဗမာစစ်စစ်ဥပဓိရုပ်၊ လူအုပ်ကြီးထဲမှာ အထင်သား။ ဖေဖေလာတွေ့တယ်လို့ မြင်လိုက်၊ သိလိုက်ရတဲ့အချိန်မှာပဲ ပျော်ရွှင်မှုတွေက တဖိန်းဖိန်းတရှိန်းရှိန်းတတ်နေတော့တာပေါ့။ နေ့လည်(၁၂)နာရီ မိဘနဲ့တွေ့ခွင့်ပေးမယ်၊ ပြင်စရာရှိတာတွေ ပြင်ထားကြ၊ မြို့ထဲကို ထွက်တဲ့အချိန် သန့်သန့်ပြန့်ပြန့် ၀တ်ဆင်ရမယ်၊ ဂိတ်ပေါက်ဝမှာ စစ်ဆေးလို့ မသန့်မပြန့်ဝတ်လာတာတွေ့ရင် မြို့ထဲကို ထွက်ခွင့်ပေးမှာ မဟုတ်ဘူး။ အခုကတည်းက ပြင်စရာရှိတာတွေ အကုန်ပြင်ထားကြလို့ စီနီယာအကိုတစ်ယောက် ဆော်သြ လိုက်ချိန်မှာတော့ ကိုယ်စီအလုပ်တွေ ရှုပ်လျက်သားဖြစ်သွားတာပေါ့။ သို့ပေမယ့်လည်း မောရမှန်းမသိ၊ ပန်းရမှန်းမသိ။ သီချင်းညည်းသူကညည်း၊ အော်သူကအော်၊ ပျော်သူကပျော်ပေါ့။
   (၁၂)နာရီထိုးသံနဲ့အတူ ကျွန်တော်တို့တွေရဲ့အသံတွေကလည်း ဆူညံ့နေတာပေါ့။ ဟေး ဟေး  တူလေးတို့၊ ဟိုကောင်ကိုသိလား၊ ဒီကောင့်ကိုသိလား၊ ဆိုတဲ့အသံတွေကလည်း ပွတ်ပွတ်ဆူနေတော့တာပေါ့။  လူအုပ်ကြီးကို ကျော်တတ်ပြီး ဖေဖေကို ရှာနေမိပါတယ်။ တွေ့ပါပြီဖေဖေ။ ရုပ်ရှင်ကားထဲကလို ဖေဖေကို ပြေး၍ဖတ်ပစ်လိုက်ချင်သည်။ ဖေဖေရဲ့အေးမြတဲ့ရင်ခွင်ရိပ်အောက်မှာ အချိန်ကာလတစ်ခုလောက်ဖြစ်ဖြစ်နေပစ်ချင်စိတ်ပေါက်လာသည်။ သို့ပေမယ့်လည်း ကလေးကလားဆန်တဲ့ အပြုအမူမျိုးရှောင်ရမယ်လို့ စီနီယာရဲ့စကားတွေ နားထဲမှာ ပြန်လည်ကြားယောင်မိပြန်တော့ မလုပ်ဖြစ်လိုက်၊ မဖတ်ဖြစ်လိုက်ပါ။
   ဖေဖေ နေကောင်းတယ်မို့လား။ သားတို့ ဟိုဘက်အခန်းထဲမှာ လူနည်းတယ်၊ အဲ့ဒီကို သွားရအောင်ဆိုပြီ ဦးဆောင်ခေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဖေဖေမျက်နှာကို မြင်လိုက်တာနဲ့ ကျွန်တော်အထိတ်တလန့်ဖြစ်သွားတာပေါ့။ ကျွန်တော့်တသက်မှာ တခါမှ မတွေ့ဖူးခဲ့တဲ့ မမြင်ဖူးခဲ့တဲ့ ဖေဖေ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေလေရဲ့။ ဖေဖေ ဘာဖြစ်လို့လဲ။ မေမေနေမကောင်းလို့လား၊ အကိုနေမကောင်းလို့လား၊ ညီမလေးနေမကောင်းလို့လား ဆိုပြီး လား ပေါင်းများစွာ မေးခွန်းတွေ မေးနေမိပါတယ်။ ဖေဖေကတော့ စကားလေးတခွန်းသာ ပြန်ပြောနိုင်ပါတယ်။ သားကိုကြည့်ပြီး ဖေဖေ စိတ်မကောင်းဖြစ်သွားတာတဲ့။ အပြင်မှာ နေတုန်းက မျက်နှာပြည့်ပြည့်လေး၊ အခု ပိန်ကျနေတာပဲတဲ့၊ မျက်တွန်းတွေလည်း ချိုင့်နေတာပဲတဲ့၊ ပါးရိုးတွေလည်း ပိန်လွန်းလို့ အရိုးတွေထောင်နေတာပဲတဲ့။ ဖေဖေကလည်း သားဘာမှမဖြစ်ပါဘူး။ ကျောင်းမှာ နေရတာ အဆင်ပြေပါတယ် လို့ မချိပြုံးလေနဲ့  အားပေးစကားပြောပြီး ဖေဖေမျက်ရည်တွေကို သုတ်ပေးနေမိပါတယ်။ မိဘမေတ္တာဆိုတာ ဒါပါလားလို့ ကွတ်ကွတ်ကွင်းကွင်းမြင်လိုက်ရတယ်။ 
   ၁၆နှစ်သားဘ၀ရောက်တဲ့အထိ ဖေဖေမျက်နှာမှာ မျက်ရည်ကျတာကို မမြင်ဖူး၊ မတွေ့ဖူးပါ။ တည်ကြည်ခန့်ညားတဲ့ဖေဖေ၊ လောကကြီးမှာ ရဲရင့်ဆုံးလို့ သား ထင်ထားတဲ့ဖေဖေ၊ အခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်း လက်မမြောက် ဒူးမထောက်တဲ့ဖေဖေ။ အခုတော့လည်း သားတစ်ယောက်ကို ကြည့်ပြီး ပိုင်ဆိုင်ထားတဲ့ ဂုဏ်ပုဒ်တွေကို မထိန်းတော့၊ သားရှေ့မှာတင် မျက်ရည်တွေက စမ်းရေပမာ တသွင်သွင်။ ငယ်ငယ်ကတည်းက ဖေဖေပြောခဲ့တဲ့စကား ယောက်ျားဆိုတာ ဘယ်ပြသနာပဲကြုံကြုံ ရင်ဆိုင်ရဲရမယ်၊ ဖြေရှင်းရဲရမယ်၊ ရဲဝံ့ရမယ်၊ သတ္တိရှိရမယ် လို့ဖေဖေပြောဖူးတဲ့ စကားတွေက နားထဲမှာ ပြန်လည်ကြားယောင်နေမိ။ သို့ပေမယ့် အခုမြင်ကွင်းလေးကြောင့် ကြောင်အန်းအန်းဖြစ်သွားမိပါတယ်။
    စာမရေးတတ်ပေမယ့်လည်း ရှိသမျှကလောင်းလေးကို keyboard လေးနဲ့သွေးရင်း ရေးနေမိပါတယ်။ ရည်ရွယ်ချက်ကတော့ မိဘဆိုတာ သား၊သမီးတွေနဲ့ ပါတ်သတ်လာရင် မလုပ်ဖူးတဲ့အရာတွေကို လုပ်ရဲတယ်၊ အသက်စတေးရမယ်ဆိုရင်တောင် စတေးရဲတယ်ဆိုတာ ကျွန်တော်တို့ စာပေတွေကတဆင့် ကြားဖူးခဲတာကို အခုလက်တွေ့မြင်ကွင်းထဲမှာ မြင်လိုက်ရလိုက်လို့ပါပဲ။ တောင်သာသားလေးတို့၊ ဒီစာလေးကို ဖတ်မိတဲ့ အကို၊ အမတို့ကလည်း မိဘတွေကို သားသမီးဝတ္တရားကျေပွန်တဲ့ သားသမီးတွေ ဖြစ်အောင် ကြိုးစားကြပါဆို့လို့ တိုက်တွန်းရင်း  နိဂုံးချုပ်လိုက်ပါတယ်။ ။
                                                            ဆက်လက်ကြိုးစားပါအုံးမည်
                                                    တောင်သာခရီးသည်
                                             
 

Saturday, 28 January 2012

အကိုကြီး ဘာကြောင့်ကတုံး ဖြစ်သွားတာလဲ?

   တောင်သာသားလေးတစ်ယောက်လည်း ဘ၀ကပေးတဲ့တာဝန်တွေနဲ့ အလုပ်လေးတွေနည်းနည်းရှုပ်နေလို့ ကျွန်တော့်အိမ်လေးကို သမင်လည်ပြန်လေးတောင် လှည့်မကြည့်နိုင်ပါဘူး။ ဒီနေ့လေးလည်း မအားသေးပါဘူး။ သို့ပေမယ့်လည်း အိပ်ယာဝင်ပြီး ကုတင်ပေါ်မှာ လူးလှိမ့်ရင်း အိပ်မပျော်တာနဲ့ အိမ်လေးကို သတိရလာတာနဲ့ ၀င်လာခဲ့တာပါ။
   ဒီနေ့ညမှာ မြန်မာဇာတ်ကားတွေ သိပ်မကြည့်တဲ့ ကျွန်တော်တစ်ယောက် ဘ၀သရုပ်ဖော်ဇာတ်ကားလေး တွေ ကြည့်ချင်စိတ်ပြင်းပြနေလို့ ရှိလို့ရှိငြား အင်တာနက်ကနေ ရှာမိနေပါတယ်။ နောက်ဆုံးမှာတော့ ရှေးဟောင်း ဘ၀သရုပ်ဖော်ဇာတ်ကားလေးတွေ့ လိုက်ပါတယ်။ ညီအကိုမောင်နှမတွေရဲ့ ခံစားမှု၊ ကြည်နူးမှု၊ ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ ရသမြောက်လောက်အောင် ပေးစွမ်းထားတဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းထဲမှာ အကိုအကြီးဆုံးက မိဘတွေမရှိတော့တဲ့အခါမှာ မိသားစုအတွက် အစစအရာရာ အကိုကြီးအဖအရာဆိုသလို ပူပင်သောက  ဝေဒနာတွေနဲ့ ရင်ဆိုင်လှုပ်ရှားနေရပုံလေးကို ဇာတ်လမ်းရဲ့ကျောရိုးအဖြစ်ဖန်တီးထားတာပါ။  ဇာတ်ကားလေးကိုကြည့်ရင်း မွေးရပ်မြေက ညီအကို မောင်နှမတွေကို ပြန်မြင်ယောင်မိပါတယ်။ ငယ်ငယ်ကတည်းက ညီအကိုတွေ စားအတူ၊ ကစားအတူ၊ ရှိအတူ၊ မရှိအတူ နေလာခဲ့တာလေးတွေကို ပြန်လည်သတိရမိပါတယ်။ 
   ကျွန်တော်ကျောင်းတတ်နေတဲ့အချိန်မှာ အကိုကြီးက အခြားတနေရာမှာ အလုပ်လုပ်ရင်း ညီငယ်လေးတစ်ယောက် မိသားစုအတွက် ကြယ်ပွင့်လေးဖြစ်လာမယ့်ညီလေးလို့ တွေးရင်း အလုပ်တွေ ပင်ပန်းကြီးစွား လုပ်နေတယ်ဆိုတာ ကျွန်တော်တကယ်မသိခဲ့ပါ။ ခွင့်ရလို့ အိမ်ကို ခဏပြန်တဲ့အချိန်မှ မေမေပြောပြမှ ကျွန်တော်အကြောင်းစုံ သိခွင့်ရလိုက်တာပါ။ ကျွန်တော်ထင်တာတော့ ကျောင်းစရိတ်တွေအားလုံး မေမေတို့ ဖေဖေတို့ထောက်ပံ့နေတယ်ထင်တာပါ။ ဒါပေမယ့်လည်း အကိုကြီးတစ်ယောက်တည်းကပဲ အမြဲထောက်ပံ့ပေးနေတာပါ။ 
   မမျှော်လင့်တဲ့နေ့လေးတစ်နေ့မှာ မေမေဆီကို အကိုကြီးဖုန်းဆက်ပါတယ်။ မေမေကလည်း သားဖုန်းဆိုင်ကို လိုက်ခဲ့လိုက်တဲ့။ ကိုကိုနဲ့စကားပြောလို့ရတာပေါ့တဲ့။ မေမေနဲ့အရင်ပြောနေရင်းကနေ သား ကိုကိုက သားနဲ့ စကားပြောချင်လို့တဲ့၊ စကားပြောလိုက်ပါအုံးတဲ့။ (၁၅)မိနစ်ခန့်တော့ ကြာမည်ထင်ပါတယ်။ အဲ့ဒီအချိန်မှာ စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ သို့ပေမယ့်လည်း စကားလေးတစ်ခွန်းကိုတော့  ကျွန်တော် ဒီနေ့ထိ၊ ဒီလောကကြီးက မထွက်ခွါသွားခင် စက္ကန့်လေးအလိုလောက်ထိ မေ့လို့ရမည်မဟုတ်၊ မေ့ပြစ်နိုင်မည်မဟုတ်။ ညီလေးတို့အတွက် အကိုကြီး အလုပ်တွေအများကြီးလုပ်နေတယ်ကွ၊ ဆံပင်ညှပ်ရင်  ညှပ်ခပိုက်ဆံပေးလိုက်လို့ အိမ်ကို ပိုက်ဆံပြန်ပို့တဲ့အချိန် ပိုက်ဆံပြည့်အောင် မပို့နိုင်မှာဆိုးလို့ ကိုကိုကတုံးတုံးထားတယ်ကွ။ တကယ်ပါဗျာ။ အပိုပြောနေခြင်းမဟုတ်။ ချက်ချင်းဆိုသလို မျက်ရည်များ ၀ဲလာပြီး မနည်းမကျအောင် ထိန်းထားရတယ်။ မျက်ရည်လွယ်လို့ ကျခြင်းမဟုတ်ပါ။ မှန်တာပြောရရင် တောင်သာသားလေး (၁၅)နှစ် ကျော်ကျော်ကတည်းက မျက်ရည်ကျအောင် မခံစားတတ်တော့ပါ။ ၀မ်းနည်းစရာတွေ့ရင်လည်း မငိုတတ်တော့။ ရယ်မောစရာတွေကိုလည်း ငယ်ငယ်ကလို ခွက်ထိုးခွက်လန် ရယ်လို့မရတော့။ ထင်တာကတော့ တောင်သာသားလေးတို့ကျောင်းက သင်ပေးတဲ့ ပညာရပ်လားမသိပါ။  သို့ပေမယ့်လည်း အကိုကြီးတစ်ယောက်ရဲ့ ညီငယ်တွေပေါ်မှာ ထားတဲ့ မေတ္တာကြောင့်၊ စကားသံကြောင့် မျက်ရည်စတွေက အလိုလို ယိုစီးကျလာတာ ဖြစ်မှာပါ။ 
   တောင်သာသားလေး နောင်တတွေ တပွေ့တပိုက် မနိုင်မနင်း ရလိုက်သလို ခံစားလိုက်ရတယ်။ ကိုကိုက ပင်ပန်းစွာရှာပြီး ပို့ပေးတဲ့ ပိုက်ဆံကို သုံးငွေလိုမသုံးမိဘဲ ဖြုန်းငွေလို သုံးခဲ့မိတဲ့ အချိန်တွေကို လည်း ပြန်သတိရရင် နင့်သီးစွား ခံစားမိပါတယ်။ 
   ယနေ့တိုင်အောင် အကိုကြီးတစ်ယောက် အလုပ်တွေလုပ်ရင်း မိသားစုအတွက် ပေးဆပ်နေတာတုန်းပါ။ ချစ်သောအကိုကြီးတစ်ယောက် ရောက်ရာနေရာမှာ လူချစ်လူခင်ပေါပါစေ၊ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ မိသားစုရင်ခွင်အသိုက်မြုံထဲမှာ နွေးထွေးစွာ ပြန်လည်ရောက်ရှိနိုင်ပါစေလို့ အကိုကြီး ဘာကြောင့် ကတုံးဖြစ်သွားတာလဲ ဆိုတဲ့ပို့စ်လေးဖြင့်  အဝေတမြေမှ ချစ်သောအကို ကန်တော့အပ်ပါသည်။

                                         ဆက်လက်ကြိုးစားပါအုံးမည်
                                   တောင်သာခရီးသည်

Monday, 16 January 2012

ကိုရင်ကြီးဘ၀ ပြန်လည်သတိရမိသောအခါ

   တောင်သာသားလေးတစ်ယောက် (၁၀)တန်း စာမေးပွဲဖြေပြီးတဲ့အချိန် စိတ်ထဲမှာ အိမ်ကို ဆွမ်းခံကြွကြွနေတဲ့ ကိုရင်လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိတယ်၊ အားကျမိတယ်။ ကိုရင်ဝတ်ချင်စိတ်တွေ တဖွားဖွားဖြစ်မိနေတယ်။ အချိန်အားလက်ရပ်တွေ ဖြစ်နေတာလည်း ပါလောက်ပါတယ်။ အဲ့ဒါနဲ့ မေ့မေ့ရင်ခွင်ထဲကို ခေါင်းတိုးပြီး သင်္ကန်ဝတ်ချင်လို့ပါ၊ ကိုရင်ဝတ်ချင်လို့ ပါလို့ ကလေးတစ်ယောက်လို ပူဆာလိုက်တော့ မေမေက အသာတကြည်ပါပဲ ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် သားဒီမှာတော့ မ၀တ်ချင်ပါဘူး။ ပခုက္ကူ(မြို့သစ်)က အမျိုးနည်းနည်းတော်တဲ့ ဆရာတော်ဘုရားဆီမှာ ၀တ်ချင်တာပါလို့ အဒွန့်လေး နည်းနည်း တတ်မိပြန်တော့လည်း  ချစ်ရတဲ့မေမေက သားသဘော၊ သားသဘောတဲ့။
   ၂၀၀၅ခုနှစ် ၀ါဆိုလပထမအပါတ်လောက်မှာပဲ ကိုရင်ဘ၀အစနေ့ရက်များကို ရင်ဆိုင်နေရပါပြီ။ ဘုန်းကြီးကျောင်းဆောင်အသစ်ကြီးက ဆောက်နေဆဲမို့ တောင်သာသားလေးအပါအ၀င် ကျန်ကိုရင်(၅)ပါး၊ ကျောင်းထိုင်ဦးဇင်းတစ်ပါး တို့ မြေစိုက်တဲလေးမှာပဲ သီတင်းသုံးနေရနေရတယ်။ သို့ပေမယ့်လည်း ငြိမ်းအေးပါသည်၊ ပျော်ပါသည်။ အစားအသောက်၊ အနေအထိုင် အားလုံး အဆင်ပြေလှသည်။ ကိုရင်(၆)ပါးအနက် တောင်သာသားလေးကတော့ အကြီးဆုံးဖြစ်တာမို့ ကျောင်းထိုင်ဆရာတော်က ကိုရင်ကြီးလို့ နာမည်ပေးထားသလို ကျန်တဲ့ညီငယ်ကိုရင်လေးတွေကလည်း ကိုရင်ကြီးလို့ တတွတ်တွတ်ခေါ်စမြဲ။
   မမျှော်လင့်တဲ့ အဖိတ်နေ့လေးတစ်နေ့မှာ ဆရာတော်ဘုရား အခြားဒေသတစ်ခုကို ကြွဖို့၊ သွားရောက်ဖို့ ကိစ္စကြုံလာတယ်။ မကြွမီ ကိုရင်ကြီးကိုလည်း တတွတ်တွတ် အမှာတော်တွေပါးနေပါတယ်။ ဦးဇင်း ဥပုဒ်နေ့အမီ ပြန်လာမယ်ဆိုတဲ့အကြောင်း၊  ဥပုဒ်စောင့်၊ သီလယူမယ့် ဒကာ၊ ဒကာမတွေကို သေချာ ဂရုစိုက်၊ လိုလေးသေးမရှိရအောင် ဆောင်ရွက်ပေးထားပါဆိုတဲ့အကြောင်း ရန်သူကြီး(၅)ပါးကိုလည်း ဂရိုစိုက်ပါဆိုတဲ့အကြောင်းတွေ ပေါ့။  ကိုရင်ကြီးလည်း ဦးဇင်းရဲ့ စကားတွေကို မြေ၀ယ်မကျ နားထောင်ပြီး ဥပုဒ်နေ့မှာ ဒကာ၊ ဒကာမတွေကို ဦးဇင်းက အသွားအဖြစ်ခရီးတစ်ခု သွားနေရကြောင်း၊ ဥပုဒ်သီလပေးဖို့အမီ ပြန်ကြွလာမှာ ဖြစ်ကြောင်း ဒကာ၊ ဒကာမ(၁၀၀)လောက်ကို ဥပုဒ်နေ့ (၉)နာရီလောက်တစ်ကြိမ်၊ (၁၁)နာရီလောက်တစ်ကြိမ် မှာမိနေပါတယ၊် ပြောမိနေပါတယ်။ 
   နာရီလက်တံတွေကလည်း အဲ့ဒီအချိန်မှ ပိုမြန်နေသလားမသိ။ (၁၁)နာရီကျော်လာတာ တောင် သတိမထားမိ၊ သတိမမူမိ။ ဦးဇင်းနဲ့ အဆက်အသွယ်လုပ်ရအောင်လည်း ဖုန်းမရှိ၊ အင်တာနက်မရှိ၊ မေးလ်ပို့လို့မရ။ ဒီကျောင်းမှာ ကိုရင်ကြီးက အကြီးဆုံး။ ကိုရင်ကြီး အဆုံးအဖြတ်မှားလျှင် ကမ္ဘာကြီး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမလား။ ငါ ဘယ်လိုလုပ်ရမလဲ။ ကာရံမညီတဲ့ အတွေးတွေနဲ့ ဇရပ်အဆောင် လှေကားလေးမှာ နှဖူးပေါ်လက်တင်ပြီး စဉ်းစားနေခိုက် ဒကာတစ်ယောက် သုတ်သုတ် သုတ်သုတ်နဲ့ လာနေတာကို မြင်လိုက်ရတယ်။ ကိုရင်ကြီးကို တိုင်ပင်ချင်လို့ပါတဲ့။ အခုနာရီက ၁၁ ခွဲကျော်နေပြီ။ ဦးဇင်းကလည်း ပြန်မလာသေးဘူး။ ဒကာ၊ ဒကာမတွေကလည်း ဒီအချိန်ရောက်မှ တခြားကျောင်းကိုသွားပြီး သီလမယူချင်တော့ဘူးတဲ့။ ကိုရင်ကြီး သီလပေးဖို့ ဒကာ၊ ဒကာမတွေပြောနေကြပါတယ်တဲ့။ အဲ့ဒါကိုရင်ကြီး ဘယ်လိုသဘောရလဲတဲ့။  တော်သေး၏။ ဦးဇင်းအမြော်အမြင်ကောင်းခဲ့ပေလို့။ ကိုရင်ကြီးကို သီလပေးနည်းတွေ ကျက်ခိုင်းထားသည်။ အစကတော့ ရည်ရွယ်ချက်မသိ။ အခုတော့ သိလိုက်ပါပြီ။ အရေးကြုံလာရင် ထုတ်သုံးလို့ရအောင်၊ အသုံးပြုနိုင်အောင်ပေါ့။ ကဲ ဒါဆိုလည်း ချကြ၊ ဟောကြ၊ ပြောကြ တာပေါ့ဗျာဆိုပြီး အားတင်းလို့သာ တရားဟောမယ့် ကျောင်းဆောင်ထဲကို လိုက်လာနေမိ။ ခြေလှမ်းတွေကတော့ ကြောက်ရွံ့မှု၊ လေးလံမှုတွေကို ရင်ဆိုင်နေမိ။ ကြောက်ရွံ့မိတယ်ဆိုတာကလည်း ကိုရင်ကြီးသင်္ကန်အသက်က (၄၃)ရက်ပဲရှိသေးတာ။ ကျေးဇူးတင်စရာ ဒကာ၊ ဒကာမတွေမျက်နှာက ဦးဇင်းသီလမပေးပဲ ကိုရင်ကြီး သီလပေးမယ်ဆိုတဲ့ သတင်းကြားသော်လည်း မျက်နှာမကောင်း၊ မငြူစူ၊ စိတ်မကောင်းမဖြစ်။ ကိုရင်ကြီးလည်း ကြောက်ရွံ့စိတ်တွေကို ရင်ဆိုင်ကျော်လွှားရင်း တရားပလ္လင်ပေါ်ကို ခြေချမိပါတယ်၊ ထိုင်လိုက်မိပါတယ်။
    စစချင်းတော့ သီလ တန်းမပေးသေးပဲ စိတ်ကလေးငြိမ်အောင် ဆိုပြီး ဒကာ၊ ဒကာမတွေကို  စကားလေးတွေ ပြောနေမိ။ ဦးဇင်းအချိန်မီ ပြန်မကြွလာနိုင်လို့၊ ကိုရင်ကြီး အခုလို သီလပေးဖို့ ဖြစ်လာတာဆိုပြီး အစချီတဲ့စကားလုံးတွေနဲ့ သူတို့ကို မိတ်ဆက်လိုက်ပါတော့တယ်။ ပြီးတော့မှ ဦးဇင်းသင်ပေးထားတဲ့ အသံအနေအထား၊ အဖြတ်အတောက်မှန်ကန်မှု တွေကို အတတ်နိုင်ဆုံးဖြစ်အောင် အသုံးပြုပြီး သီလပေးနိုင်ခဲ့ပါတယ်။ အောင်မြင်စွာပြီးဆုံးသွားတဲ့ အချိန်မှာတော့ ကိုရင်ကြီးတစ်ယောက် ပျော်လွန်းလို့ ဆွမ်းတောင် ကောင်းကောင်းဘုန်းမပေးနိုင်ပါဘူး။ 
   ညနေလောက်မှာ ဦးဇင်းပြန်ကြွလာတာကို မြင်မြင်ချင်းပဲ ခရီးဦးကြိုပြုရင်း ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို တလုံးမကျန် ခရားရေလွှတ်သလို တတွတ်တွတ်ပြောပြနေမိ။ ဦးဇင်းမျက်နှာမှာတော့ ပီတိအရောင်တွေလွှမ်းလို့ (စိတ်ချယုံကြည်ရတယ်ဆိုတဲ့ ပီတိအရောင်တွေဖြစ်မယ့်ထင်)။  နောက်တစ်နေ့ ဆွမ်းခံကြွတော့ အိမ်တစ်အိမ်မှာ ဒကာမကြီးတစ်ယောက်က စကားတွေ လာပြောနေခဲ့ပါတယ်။ ကိုရင်ကြီးက (၁၀)တန်းဖြေထားတာဆို၊ ကိုရင်ကြီး မနေ့က သီလပေးတာ အသံနေ အသံထား အရမ်းကောင်း၊ ကိုရင်ကနေ ထွက်အုံးမှာလား၊ ဘုန်းကြီးလုပ်မှာလား စသည် မိန်းခလေးပီပီ အမေးအမြန်းထူနေပါသည်။ သို့ပေမယ့် နောက်ဆုံးစကားတစ်ခု ကြားလိုက်ရတာကတော့ စိတ်ဝင်စားဖို့ကောင်းလှ၏။ ကိုရင်ကြီး လူမထွက်ပါနဲ့လားတဲ့။ (၁၀)တန်းအောင်ရင် မန္တလေးက ဗုဒ္ဓ္ဓ္ဓ္ဓ  တက္ကသိုလ်တတ်ပါလားတဲ့။ တပည့်တော်မ ရဟန်းဒကာမ လုပ်ချင်လို့ပါတဲ့။ တကယ်ပါ၊ ပျော်လွန်းလို့၊ ဘ၀င်လေတွေလည်း ဘယ်ကိုဟပ်နေသည်မသိ၊ ဟပ်တော့ ဟပ်နေတယ်ထင်ပါသည်။ မသိစိတ်ကလည်း ငါ ဟဲ့ ယောက်ျားလို့ ကြွေးကြော်သံကလည်း အထက်ဘ၀ဂ်တိုင် အသံတွေ ပဲ့တင်ထပ်နေမယ်ထင်။ သီလလေးတစ်ခါပေးမိလိုက်ပါတယ်၊ ရဟန်း ဒကာမတွေ ပေါ်လာတော့တာပဲ။ ၶၶၶၶၶၶ
    သို့ပေမယ့်လည်း ရဟန်းဖြစ်ဖို့ ကံဇာတာမပါဘူးထင်။ အဲ့ဒီရက်တွေနောက် သိပ်မကြာမီ သတင်းတစ်ခုရောက်လာပါတယ်။ (၁၀)တန်း စာမေးပွဲအောင်တယ်ဆိုတဲ့အကြောင်း၊ ဘယ်တက္ကသိုလ်ကို လျှောက်လွှာတင်ရမလဲဆိုတဲ့အကြောင်းတို့ပါပဲ။ အဲ့လိုကျပြန်တော့လည်း အရပ်သားဘ၀လေးကို မက်မောမိပြန်။ အခုအချိန်ထိ မညာတမ်းပြောရရင် ကိုရင်ကြီးဝတ်ခဲ့မိတဲ့ (၄၃)ရက် ကာလလေးက တောင်သာသားလေးဘ၀မှာ အငြိမ်းချမ်းဆုံးနေ့ရက်များလို့ ပြောရပါလိမ့်မည်။
    ဆွမ်းတစ်နပ်၊ ဟင်းတစ်ခွက် လှူဒါန်းမှု၊ ဒါနပြုခဲ့ကြပါသော ပခုက္ကူ(မြို့သစ်)မှ ဒကာ၊ ဒကာမတွေရဲ့ကျေးဇူးကို ပြန်လည် အောက်မေ့ရင်း။

                                                              ဆက်လက်ကြိုးစားပါအုံးမည်
                                                    တောင်သာခရီးသည်

Friday, 13 January 2012

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်

   ဒီနေ့တော့ အလည်လာတဲ့ အကို၊ အမများအတွက် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် ဆိုတဲ့ပို့စ်လေး တတ်သလောက်လေးနဲ့ မှတ်သလောက်လေး ပေါင်းပြီး လက်ဆောင်ပေးလိုပါတယ်။ ဒီပို့စ်လေးရေးဖြစ်တဲ့ ရည်ရွယ်ချက်လေးက တောင်သာသားလေးတို့ ဒီည(၁၁)နာရီလောက်မှာ ဘုရားခန်းမှာ နောင်တော်အကိုတစ်ယောက်က ပရိုဂရမ်သင်ပေးနေတုန်း မနက်ဖြန်မှာ စာမေးပွဲဖြေကြမယ့် ညီငယ်တွေကို အားပေးစကားတွေ ပြောနေတဲ့အချိန်လေး ရှေးဖြစ်နှောင်းဖြစ်တွေ ပြောဖြစ်ခဲ့ပါတယ်။ အတုယူတတ်အောင် လမ်းညွှန်နေတာပါ။ ဒီအချိန်မှာ နောင်တော်အကိုပြောတဲ့ စကာလေးတစ်ခွန်းကြောင့် ရင်ထဲမှာ နင့်ခနဲနေအောင် ခံစားလိုက်ရတဲ့ စကာလေးတစ်ခွန်းရှိပါတယ်။ စကားလေးကတော့ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားနိုင် တဲ့။ တောင်သာသားလေး ခံစားလိုက်ရတဲ့အကြောင်းကတော့ တောင်သာသားလေးကိုယ်တိုင် သစ်တစ်ပင်ကောင်း မဖြစ်သေးလို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် အချိန်တွေ အလဟသ ကုန်ခဲ့ရသလို  အဲ့ဒီကုန်ခဲ့တဲ့အချိန်တွေကို ပြန်တွေးမိရင်း နင့်ခနဲနေအောင် ခံစားလိုက်ရတာပါ။ အဲ့ဒါကြောင့် ဒီပို့စ်လေးကို မအားတဲ့ကြားက ရေးဖြစ်သွားတာပါ။
  တောင်သာသားလေး အိမ်တစ်အိမ်ရဲ့စားဝတ်နေရေးလေးနဲ့ယှဉ်ပြီး စဉ်းစားကြည့်ပါတယ်။ ဟုတ်တော့ဟုတ်တယ်ဗျ။ အိမ်တစ်အိမ်မှာ ဖခင် ဒါမှမဟုတ် မိခင်တစ်ယောက်ကသာ ၀င်ငွေကောင်းတဲ့အလုပ်တစ်ခု၊ နေရာကောင်းတစ်ခုမှာသာ ရပ်တည်နေပြီဆိုရင် ကျန်တဲ့မိသားစုဝင်တွေလည်း အဆင်ပြေစွာ၊ ချောမွေ့စွာ ခရီးဆက်နိုင်တယ်။ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ 
    တောင်သာသားလေး ဖတ်ဖူးတဲ့ စာအုပ်လေးထဲက ဇာတ်ကောင်လေးနဲ့လည်း ယှဉ်ပြချင်ပါသေးတယ်။ စာအုပ်နာမည်တော့ မမှတ်မိတော့ပါဘူး။ အသက်အရွယ်ရနေတဲ့အဘိုးအိုတစ်ယောက်ဟာ ပန်းတိုင်တစ်ခုကို ခရီးနှင်နေရင်း လမ်းခရီးမှာ မမျှော်လင့်ပါပဲ ရေစီးသန်တဲ့ စမ်းချောင်းမကျယ်တကျယ်လေး တွေ့လိုက်ပါတယ်။ အဲ့ဒီစမ်းချောင်းလေးကို ဖြတ်လိုက်ရတဲ့အဘိုးအိုဟာ လိုရာခရီးကိုရောက်ဖို့ အတော်လေးအချိန်ကုန်ခဲ့ပေမယ့် ခက်ခက်ခဲခဲဖြတ်သန်းရင်း ဟိုတဖက်ကမ်းကို ရောက်သွားခဲ့ပါတယ်။ ရောက်တဲ့အချိန်မှာ အဘိုးအိုတစ်ယောက် စဉ်းစားခန်းဝင်မိနေတာကတော့ ငါ ဒီစမ်းချောင်းလေးကို ဖြတ်ဖို့  အချိန်တွေအများကြီး ကုန်ခဲ့တယ်၊ အားတွေလည်း အများကြီးကုန်ခဲ့တယ်ပေါ့။ ငါ တံတားတစ်ခုသာ တည်ဆောက်နိုင်မယ်ဆိုရင် နောင်လာနောက်သားတွေအတွက် အလွန်မတန်မှ တန်ဖိုးရှိတဲ့အချိန်တွေကုန်တာ သက်သာမယ်၊ လိုရာခရီးကိုလည်း အလျင်အမြန်ရောက်မယ်ပေါ့။ ဒီတော့ အဘိုးအိုတစ်ယောက် ဆုံးဖြတ်ချက်ချပြီးပြီးချင်း တံတားကို စတင် လုပ်ဆောင်နေပါပြီ။ ဒီအချိန်မှာ လူတစ်ယောက်က အဘိုးကို မေးပါတယ်တဲ့။ အဘိုး အသက်အရွယ်ကြီးနေပါပြီ တဲ့။ လိုရာပန်းတိုင်ကို ရောက်ဖို့ ရှေ့ဆက်သွားရင် ရောက်နိုင်ရသေးရဲ့သားနဲ့ အချိန်အကုန်ခံပြီး တံတားကို ဘာလို့ တည်ဆောက်နေတာလဲ ပေါ့။ အဘိုးပြန်ဖြေတာကတော့ ငါ့လိုပဲ ခရီးနှင်လာတဲ့ ကောင်လေးတစ်ယောက် အိမ်ကထွက်နေလောက်ပြီတဲ့။ ငါ့လို ဒီစမ်းချောင်းလေးအရောက်မှာ အချိန်မကုန်၊ ခရီးမနှောင့်နှေးပါပဲ ရှေ့ဆက်သွားနိုင်အောင်ရယ်၊ နောက်လာနောက်သားတွေ အဆင်ပြေပြေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ကျော်လွှားနိုင်အောင်လို့ ပါ တဲ့။ ဘယ်လောက် လေးစားဖို့ကောင်းတဲ့ အဘိုးအိုပါလဲ။ အဘိုးအိုတစ်ယောက်ကောင်းမှုကြောင့် နောင်လာနောက်သားတစ်သောင်းမကဘူးဘူး သိန်းသန်းပေါင်းများစွာ စိတ်ချမ်းသာစွာ ကျော်လွှားနိုင်ပြီပေါ့။
   ဒီပို့စ်လေးကို ဖတ်ရင်း နောင်လာနောက်သားတွေ အတွက် (ကြီးကြီးပြောမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအတွက်) ကိုယ်စွမ်းဆောင်နိုင်တဲ့အပိုင်းက လုပ်ဆောင်ပေးမယ်ဆိုရင် တစ်သောင်းမက တစ်သန်းမက စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ နေနိုင်(နားနိုင်)လာမှာပါ။ လုပ်ဆောင်ချင်တဲ့ အတွေးစိတ်လေး တမျှင်စာလောက် ၀င်သွားတယ်ဆိုရင်ပဲ ရေးရကျိုးလေးနပ်ပါပြီလို့ ပြောပါရစေ။
                                                         ဆက်လက်ကြိုးစားပါအုံးမယ်
                                                တောင်သာခရီးသည်

Thursday, 12 January 2012

ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ပါရမီဖြည့်တတ်သူ (သို့) တောင်သာသားလေးမေမေ

   တောင်သာသားလေးဖေဖေတစ်ယောက် ဆိုးပေလို့ နာမည်ပေးရလောက်အောင် ငယ်ငယ်က ဆိုးပြီး ပေတေနေတာကို မေမေပြောပြမှပဲ သိခဲ့ရပါတယ်။ သား(၄)ယောက်မွေးထားတဲ့မေမေက ဖေဖေကို အပြစ်ပြောဖို့၊ အပြစ်တင်ဖို့ ဖေဖေငယ်ငယ်ကအကြောင်းတွေ ပြောပြနေခြင်းမဟုတ်။ ဖေဖေရဲ့ ဆိုးပေနေတဲ့ အကျင့်စရိုက်ကနေ သား(၄)ယောက်  စံပြုရလောက်တဲ့၊ အားကိုးရလောက်တဲ့ ဖေဖေတစ်ယောက်ဖြစ်အောင် ပြောင်းလဲခဲ့ပုံလေးတွေကို ပြောပြနေခြင်းသာဖြစ်ပါတယ်။
   တနေ့တော့ တောင်သာသားလေးတို့ ညီအကို(၄)ယောက် စုံစုံညီညီ မေမေအနားကို ရစ်သီရစ်သီ လုပ်နေကြတာပါ။ အကြောင်းကတော့ ဖေဖေနဲ့မေမေ ငယ်ငယ်က အကြောင်းတွေကို နားထောင်ချင်လွန်းလို့ လုပ်နေခြင်းသာ။ မေမေမှာလည်း သနားစရာပါ။ မေမေအရပ်က ၅ ပေ ၃ လက်မ သာသာ ရှိပေမယ့် မွေးထားတဲ့ သားတွေကတော့ state ကျောင်းသားအရွယ်ကတည်းက မေမေအရပ်နဲ့ နင်လားငါလားပါပဲ။ သားတွေကို အလွန်မတန်မှ ချစ်တဲ့မေမေတစ်ယောက် သားတွေချွဲတော့လည်း အလုပ်မအားတဲ့ကြားက သားတွေအတွက် အချိန်ပေးပြီး ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောပြစမြဲပါ။ 
   ကဲ သားတို့ နားထောင်ချင်ရင် မေမေပြောပြမယ်တဲ့။ သားတို့ဖေဖေနဲ့ မေမေက မင်္ဂလာဆောင်တဲ့နေ့အထိ ရည်းစားစကား မပြောဖူးဘူးတဲ့။ အင် မေမေပြောတာကြီးကလည်း ရည်းစားစကားမပြောဘဲနဲ့ ဘယ်လိုလုပ်မင်္ဂလာဆောင်လိုက်တာတုန်း ဟု ကောင်တာမေးခွန်းမေးဖို့ စောင့်နေသူကတော့ တောင်သာသားပေါက်စလေးပါ။ မပြောလိုက်ရတဲ့ အကြောင်းကတော့ မိဘပေးစားလို့ ယူလိုက်ရတာတဲ့။ မိဘချင်းသဘောတူတယ်ဆိုလို့ အထင်မကြီးလိုက်ပါနဲ့။ အခုခေတ် ရုပ်ရှင်ဇာတ်ကားတွေထဲကလို မိဘတွေချမ်းသာလို့၊ ဂုဏ်ချင်းထပ်မှမြတ်မှာမိုလို့၊ အဲ့ဒါတွေကြောင့်မဟုတ်ပါ။ 
    ဖြစ်စဉ်အကျဉ်းလေးက ဒီလိုပါ။ ဖေဖေရဲ့ အဘိုးက သားကို ထိန်းလို့မရလို့ မေမေကိုထိန်းခိုင်းလိုက်တာပါပဲ။ ဖေဖေကတော့ ငယ်ငယ်ကတည်းက မွေးကံကောင်းခဲ့သူ။ သမီး(၃)ယောက် မွေးပြီးမှ သားလေးတစ်ယောက် မွေးလာတာဆိုတော့ အဘိုးနဲ့ အဘွားကော၊ အမတွေကကော ချစ်လို့မ၀။ လုပ်ချင်ရာလုပ်၊ သွားချင်ရာသွား။ ဖေဖေစိတ်ချမ်းသာဖို့က အဓိကပဲလို့ အမြဲပြောတတ်သူကတော့ အဘွားပါပဲ။ ကျောင်းထားပြန်တော့လည်း (၄)တန်းပဲ ရောက်သေးတယ် မိဘတွေကို ကူညီချင်တယ်ပြောပြီး ကျောင်းထွက်၊ ကျောင်းထွက်ပြန်တော့လည်း ဘာအလုပ်မှ မယ်မယ်ရရ မလုပ်။ ထန်းတောထဲမှာ အရက်ဆိုင်မှာ သူငယ်ချင်းများနဲ့ အချိန်ကုန်ခဲ့တာ အသက်(၁ဂ)နှစ် ရောက်တဲ့အထိပါပဲ။  အဲ့ဒီအချိန်မှာ အကြံထုတ်နေသူတစ်ယောက်ကတော့ အဘိုးပါပဲ။ သူ့သားကို ဘယ်လိုထိန်းမလဲဆိုပြီး အတွေးဝင်နေတာပေါ့။ မြန်မာနိုင်ငံက မိဘတွေအကျင့်လား၊ ဓလေ့လားတော့ မသိ။ သားမွေးပြီး ပြောမနိုင်၊ ထိန်းမရဖြစ်ရင် ခြေငြိမ်အောင် မိန်းမပေးစားတော့တာပါပဲ။ အဲ့ဒီ ကျော့ကွင်းထဲကို ၀င်ရောက်ခဲ့မိတာကတော့ ရွှေသမင်လေးမဟုတ်။ တောင်သာသားလေးဖေဖေ ။
   မေမေရဲ့ဇာတ်ကြောင်းလေးကတော့ မေမေဟာ ငယ်ငယ်ကတည်းက အမကြီး အမိအရာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေထိုင်ခဲ့ရသူ။ (၁၀)နှစ်သမီးလောက်ကတည်းက အဘွားဆုံးသွားတော့ အဘိုးနဲ့ကျန်တဲ့ မောင်တွေ၊ ညီမတွေကို ထိန်းကျောင်းရင်း ကြီးပြင်းခဲ့သူ။ ဘ၀ကျောင်းက သင်ပေးတဲ့မေမေ၊ မောင်တွေ ညီမတွေကို ထိန်းလာခဲ့တဲ့ မေမေ၊ ဘယ်လိုထိန်းကျောင်းရမလဲ၊ ဘယ်လိုသွန်သင်ရမလဲ ဆိုတာကို သင်တန်းတွေ မတတ်ပါပဲ အလိုလို တတ်နေပါတော့တယ်။ အဲ့ဒီအရည်အချင်းတွေကပဲ ဖေဖေကို ထိန်းကျောင်းဖို့ စွမ်းဆောင်နိုင်ခဲ့တယ် ထင်တာပါပဲ။
   ဖေဖေနဲ့မေမေ မထင်မရှား နှစ်လေးတစ်နှစ်မှာ မိဘရှေ့မှောက်မှာပဲ အကြင်လင်မယား ဖြစ်ခဲ့ကြပါတယ်။  မေမေတစ်ယောက် သားဦးလေးမွေးပြီးတဲ့နောက် မေမေရဲ့ဖေဖေ(အဘိုး)  သူချစ်တဲ့ မိသားစုကို ခွဲခွါသွားခဲ့ပါတော့တယ်။ မေမေမှာတော့ ဒုက္ခတွေက ပြေးမကြည့်ပဲ အတွေးနဲ့သိနေမယ်ထင်ပါတယ်။  ယောက်ျားက အရက်သမား။ အားကိုးရတဲ့ အဘိုးက လူ့လောကကြီးက ထွက်ခွါ။ သို့ပေမယ့် မေမေစိတ်ဓါတ်မကျ၊ လောကကြီးကို ဒူးမထောက်၊ လက်မမြှောက်။ အဲ့ဒီအချိန်မှာ မေမေရင်ထဲမှာကော စိတ်ထဲမှာပါ ရှိတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူမွေးထားတဲ့ သားတွေ ပညာတတ်တွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ပါပဲ။ 
   သားတွေကို ခဏထားပါအုံးတဲ့။ လင်ယောက်ျားကို အရင်ပြင်ဖို့ ဆုံးဖြတ်သည်။ တစ်လကို တစ်ကြိမ်ခန့်လောက် ဖေဖေကို အမြဲပြောသော စကားလေးတစ်ခွန်းရှိသည်။ ရှင် အဲ့လိုပဲ မူးပေတေနေ၊ ရှင်မွေးထားတာ သား(၄)ယောက်နော် တဲ့။ အချိန်ကာလတွေ ကြာလာတာနဲ့အမျှ ဖေဖေနားထဲမှာ အဲ့ဒီစကားလုံးတွေက ပြည့်နှက်လို့နေပေပြီ။ ဒီနေရာ မေမေကံကောင်းတာ တစ်ခုက ဖေဖေမူးလာရင် ရုပ်ရှင်ထဲက အမူးသမားတွေလို သားသမီးကို မရိုက်၊ မိန်းမကို အနိုင်မကျင့်။ အရက်သောက်ပြီး အိမ်ကို ပြန်လာပြီဆိုရင် တိတ်တိတ်ဆိတ်ဆိတ်၊ ကုတင်လေးပေါ် တတ်ပါတော့သည်။ ထိုအချိန်တွင် တောင်သာသားလေးတို့ ဖေဖေ့ပါးစပ်ကို အရက်နံ့နံလား သွားမနမ်းပါပဲ အလိုလို သိလိုက်ပါပြီ။ ဖေဖေ အရက်တွေ သောက်လာပြီပေါ့။ 
   မေမေတစ်ယောက် လင်ယောက်ျားအပေါ်မှာထားတဲ့ ၀တ္တရားတွေကျေပွန်တာလား၊ မေမေပြောဆိုတဲ့ စကားတွေ ဖေဖေနားထောင်လာတတ်လို့ပဲလား၊ ဖေဖေပဲ သားတွေ နည်းနည်း အသက်ရလာလို့ ဆင်ခြင်လာတာလားတော့မသိ။    တောင်သာသားလေးတို့ (၄)တန်းလောက်ရောက်မှာတော့ အသောက်အစား သိပ်မဖက်တော့။ အိမ်က မိသားစုအတွက် အချိန်တွေ ပေးလာတတ်ပါပြီ။ မေမေလည်း တစ်လတစ်ခါလောက် ပြောတဲ့ စကားလေးတစ်ခွန်းလည်း ပြောစရာ မလိုလောက်တော့အောင် ဖြစ်လာပါတယ်။ အခုဆိုရင်ဖေဖေဟာ အသက်(၅၄)နှစ်ရှိနေပါပြီ။ အရက်၊ ကွမ်းကအစ ဆေးလိပ်အဆုံး စွန့်လွှတ်နိုင်နေပါပြီ။ ဗုဒ္ဓ္ဓရဲ့အဆုံးအမတွေကိုလည်း နာခံတတ်နေပါပြီ။ 
   တောင်သာသားလေးကတော့ မေမေကို အထင်ကြီးသည်၊ လေးစားသည်၊ အခက်အခဲပေါင်းများစွာ ကြုံခဲ့ရင်လည်း ခေါင်းအေးအေးစဉ်းစားပြီး ရင်ဆိုင်တတ်သူ။ မေမေရဲ့မလျှော့သောဇွဲ၊ မသေးသောလုံ့လတို့နဲ့ နှစ်ပေါင်းများစွာ ပြောဆိုစည်းရုံးရင်း၊ ကူညီဖေးမရင်း၊ ပါရမီဖြည့်ရင်း၊ မိန်းမကောင်းတစ်ယောက်ဖြစ်အောင် ပြောဆိုနေထိုင်ရင်း၊  ဖေဖေတစ်ယောက် အခုတော့ မေမေအတွက် ယောက်ျားကောင်းတစ်ယောက်၊ သားတွေအတွက် စံပြဖေဖေတစ်ယောက် ဖြစ်လို့နေပါပြီ။
   လာလည်သူ အမတွေကိုလည်း တောင်သာသားလေးမေမေရဲ့ မလျှော့တဲ့ဇွဲ၊ မသေးတဲ့လုံ့လတို့နဲ့  မှန်ကန်တဲ့စိတ်ထား၊ မြင့်မြတ်တဲ့အကျင့်တွေကို ရှိစေချင်သည်။ အဲ့ဒါမှ အမတွေဟာ နောက်လာမယ့်အနာဂါတ်တွေမှာ အမတို့မိသားစုအတွက် အမေကောင်း၊ ဇနီးကောင်း တစ်ယောက်ဖြစ်လာနိုင်မှာပါ။ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း    ။
                                                                           ဆက်လက်ကြိုးစားပါအုံးမည်
                                                               တောင်သာခရီးသည်













Wednesday, 11 January 2012

ကျွန်တော့်အဘိုး (သို့) စာနာသနားတတ်သူ

   ဒီနေ့တော့ လာလည်သူအကိုအမများကို ကျွန်တော့်အဘိုးကြောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခေတ်က လူတွေကို ကျွန်တော့်အဘိုးလို စိတ်ထားမျိုးတွေ၊ စာနာသနားတတ်မှုတွေ မွေးစေချင်လို့၊ ရှိစေချင်လို့ပါ။ 
   ကျွန်တော့်အဘိုးကတော့ ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်း၊ တောင်သာမြို့နယ်ထဲက မထင်မရှားရွာလေးတစ်ရွာမှာ နေထိုင်သူပါ။ အရပ်အမောင်းကတော့ တောင်သာသားလေးအတိုင်းပါပဲ။ (အော် မေ့လို့၊ တောင်သာသားလေးကိုမှ လာလည်သူ အကို အမများ မြင်မှ မမြင်ဘူးတာ)။ တောင်သာသားလေးတို့ မျိုးရိုးကတော့ အံ့မခန်းပါပဲ။ အရမ်းအမောင်း၊ ကိုယ်ခန္ဓ္ဓာဖွံ့ဖြိုးမှု တွေက ယောက်ျားလေးတွေဆိုရင် (၆)ပေကျော်ကျော်၊ အမျိုးသမီးတွေဆိုရင် (၆)ပေနား ကပ်ချင်ချင်။ ဖေဖေနဲ့ ဦးလေးတွေဆိုရင် (၆)ပေ ကျော်သူတွေပါ။ အဒေါ်တွေဆိုရင်လည်း (၆)ပေနား ကပ်လျှက်ပါပဲ။ (အဒေါ်တွေအရပ်နဲ့ အဒေါ်တွေယူထားတဲ့ဦးလေးတွေဆိုရင် အရပ်က လက်မနဲ့ လက်ညိုး ကွာသလိုပါပဲ)။ မျိုးရိုးက အဲလို့ကောင်းတာပါ။ ၶၶ
   ပြီးတော့ ဘယ်သူကမှ၊ ဘာဥပဒေမှ မထုတ်ပဲနဲ့ အဘိုးရဲ့ လုပ်ဆောင်မှုလေးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အဘိုးရဲ့ သား၊ သမီးတွေနဲ့ ဆိုင်တဲ့ သာရေ၊ နာရေးတွေမှန်သမျှ  ပိုင်ရှင်ဖြစ်တဲ့သူက အကုန်အကျခံစရာမလိုပဲ ကျန်တဲ့ ဆွေးမျိုးတွေက  ဝေပုံကျ ထောက်ပံ့ပေးတဲ့အကျင့်လေးပါ။ 
(ဥပမာ- တောင်သာသားလေးအလှူတစ်ခု လှူချင်တယ်ပေါ့။ အဘိုးကို သွားတိုင်ပင်လိုက်တယ် ။ အေးကောင်းတယ်လုပ်ဆိုပဲ ပြောမှာပါ။ ဒါပေမယ့် အလှူလုပ်ချင်တဲ့ ဆန္ဒပဲ။ ငွေရေးကြေးရေး ကုန်စရာမလို၊ ကျန်တဲ့ ဆွေမျိုးတွေက ကြည်ကြည်ဖြူဖြူ ထောက်ပံ့ပေးတာပါ) တောင်သာသားလေး အခု အသက်အရွယ်ထိ အဲ့လို ထောက်ပံ့ပေးတဲ့ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းမျိုး မမြင်ဖူးသေးပါ။  အဲ့ဒါလေးကလည်း အဘိုးရဲ့ အတုယူစရာ ဦးဆောင်လမ်းညွှန်မှုလေးပါပဲ။
   တနေ့တော့ တောင်သာသားလေးရဲ့ အကိုတစ်ဝမ်းကွဲတော်သူ တစ်ယောက် မိန်းမခိုးလာပါတယ်။ မိန်းခလေးမိဘ အသိုင်းအ၀ိုင်းတွေက ရဲတိုင်မယ်၊ ဂတ်တိုင်မယ် တကဲကဲပေါ့။ မိန်းခလေးရဲ့ အဘိုးတော်သူက ဘယ်သူ့သားလဲလို့ မေးလိုက်ရာ  ဦးလှချွန်(ကျွန်တော့်အဘိုးနာမည်)ရဲ့မြေးလို့ တစ်ခွန်းပဲ ပြောလိုက်ရသေးတယ် ချက်ချင်းသဘောတူသွားပါတယ်။ တောင်သာသားလေးအဘိုးတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ ဘေးပါတ်ဝန်းကျင်မှာ အဲ့လောက် ကျယ်ပြန့်လှပါတယ်။ 
    တောင်သာသားလေး ငယ်ငယ်ကတော့ သေချာမတွေးမိပါဘူး။ အသက်လေး နည်းနည်းရလာလေ အဘိုးရဲ့ ကိုယ်ကျင့်တရားလေးတွေ၊ စိတ်နေသဘောထားလေးတွေ တွေးမိနေတတ်ပါတယ်။ အဘိုးက လူတစ်ဖက်သားကို အလွန်မတန်မှ စာနာသနားတတ်သူပါ။ သူမစားရချင်နေ တခြားသူ အဆင်မပြေဘူးပြောရင် ပေးခြင်၊ ကမ်းခြင်နေတာပါ။ 
   ရှေးလူကြီးပီပီ ရှေးဟောင်းအဖြစ်အပျက်တွေကို အမြဲပြောတတ်သူ။ တောင်သာသားလေးဆိုရင် ကျောင်းပိတ်ရက်ဖြစ်ဖြစ်၊ အားလက်ရက်ဖြစ်ဖြစ် အဘိုးဆီကို အမြဲသွားလည်ဖြစ်ပါတယ်။ တောင်သာသားလေး သဘေားအကျဆုံးအရာလေးတွေ ပြောတတ်လို့ပါ။ ရှေးဟောင်းနှောင်းဖြစ်တွေ မမောတန်း အမြဲပြောနေတတ်ပါတယ်။ အဘိုးရဲ့ အမြဲသွန်သင်ဆုံးမတတ်တဲ့ စကားလေးတွေကတော့ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် မွေးရပ်မြေကိုမမေ့ဖို့၊ ရတနာသုံးပါးကို မမေ့ဖို့၊ ဆရာသမားကို မမေ့ဖို့၊ မိဘကိုမမေ့ဖို့၊ ဆွေမျိုးသားချင်းကို မမေ့ဖို့  အမြဲမှာတတ်သူပါ။
   အခုတော့ အဘိုးတစ်ယောက် မြေးတစ်ယောက်ရေးနေတဲ့ စာတွေကို သိနိုင်တော့မှာ မဟုတ်ပါဘူး။  လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ကတည်းက သူချစ်လှတဲ့ မိသားစုတွေနဲ့ အပြီးအပိုင် ခွဲခွာသွားခဲ့ပါပြီ။ 
   (၅)နှစ်လောက်ကြာခဲ့ပေမယ့် အဘိုးမှာခဲ့တဲ့စကားတွေက မနေ့တနေ့ကလို။ အဘိုးတစ်ယောက် ရောက်ရာဘုံဘ၀မှ သာဓုခေါ်နိုင်ပါစေ၊ အမျှရကြပါစေ၊ အမျှ---အမျှ---အမျှ။
                                          ဆက်လက်ကြိုးစားပါအုံးမည်
                                          တောင်သာခရီးသည် 


Monday, 9 January 2012

မယုံရင် ပုံပြင်မှတ်

   တောင်သာသားလေးတစ်ယောက် အခန်းထဲမှာ သီချင်းသံတွေ ဆူညံနေတာနဲ့ ဆေးလိပ်သောက်ဖို့သီးသန့် လုပ်ပေးထားတဲ့ ကော်ရစ်တာက ထိုင်ခုံလေးဆီကို စာအုပ်လေးတစ်အုပ်ကိုင်ပြီး ထွက်လာမိပါတယ်။ စာဖတ်တဲ့အကျင့်လေးဖြစ်အောင်ဆိုပြီး တနေ့ကို ဆောင်းပါးအတို (၂)ပုဒ်၊ (၃)ပုဒ် ဖတ်နိုင်အောင် အလေ့အကျင့်လုပ်ထားတာပါ။ အခုယူလာတဲ့ စာအုပ်လေးကလည်း ဆောင်းပါးတိုလေးတွေ ရေးထားတဲ့ စာအုပ်လေးပါ။ စာဖတ်လိုက်တာ နာရီဝက်ကြာကြာလောက်တွင် ခေါ်သံလေး သဲ့သဲ့ကြားလိုက်ရတယ်။ တောင်သာသားလေး၊ တောင်သာသားလေး ပေါ့။ ဘယ်သူခေါ်တာလဲလို့ သိချင်စောနဲ့ ဖတ်လက်စ စာအုပ်လေးကို ပိတ်ပြီး ဝှေ့ကြည့်မိပါတယ်။ အကိုကြီးတစ်ယောက်။
   ဇာ့ချော့စာအုပ် ယူပြီးသူ့အခန်းကိုလာခဲ့ပါတဲ့။ (ဇာချော့စာအုပ်ဆိုတာကတော့ ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းသင်ခန်းစာနဲ့ ပါတ်သတ်ပြီး ရလဒ်တွေ မှတ်တမ်းပြုထားတဲ့ စာအုပ်လေးပါ)။ စာအုပ်လေးကို အလျင်အမြန်ယူပြီး နောင်တော်ကြီးအခန်းကို ခြေလှမ်းဖြေးဖြေး လှမ်းမိနေပါတော့တယ်။(ခြေလှမ်းဖြေးဖြေးဆိုတာက နောင်တော်ကြီးအခန်းနဲ့ တောင်သာသားလေးတို့အခန်းက ဘေးချင်းကပ် မိုလို့ပါ)။ ရောက်ရောက်ချင်းပါပဲ နောင်တော်ကြီးက စကားတွေပြောနေလေရဲ့။ ဘာသာရပ် ဆရာမနဲ့ စကားပြောနေတာတဲ့။ ညီ အပါအ၀င် ကျောင်းသား(၆)ယောက်ကို စာမေးပွဲ ကင်းလွတ်ခွင့်ပေးလိုက်မယ် တဲ့။ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ပျော်လွန်းလို့ တစ်မိနစ်(၇၂)ကြိမ်ခုန်နေတဲ့ ကြိမ်နှုန်းတွေ ၁၅၀၀ လောက် ခုန်နေမလားမသိ။ (အမှန်က ပြီးခဲ့တဲ့စနေနေ့တုန်းက ချစ်သူနဲ့ တွေ့ခဲ့ရတဲ့ အရှိန်လက်ကျန်လေးလည်း ပါမည်ထင်)။
   ညရောက်တော့လည်း အင်တာနက်ပေါ်မှာ အဲ့ဒီဘာသာရပ်ဆရာမနဲ့ စကားပြောဖြစ်ပါသေးတယ်။ မင်းတို့ ၆ ယောက်ကို ဒီစာသင်တန်းမှာ သူဘာသာရပ်ကို လေးလေးနက်နက် စာကြိုးစားတယ်လို့ မှတ်ယူလို့ ပြန်လည် ဂုဏ်ပြုရတာ ဖြစ်တဲ့အကြောင်း ကြားရပြန်တော့လည်း ဘ၀င်လေဟပ်သလိုလေး ခံစားရပြန်ပါတယ်။  ဆရာမကမေးပါသေးတယ်။ မောင်ကျောင်းသား စာမေးပွဲဖြေချင်သေးလားတဲ့။ တောင်သာသားလေးလည်း ကျွန်တော် သေသေချာချာ မပြောတတ်ဘူးလို့ ပြန်ဖြေလိုက်တော့ သူ့ဘ၀မှာ ဒီလိုကျောင်းသားမျိုး ပထမဆုံးအကြိမ်ကြုံဖူးတာပါတဲ့။ စာမေးပွဲ ကင်းလွတ်ခွင့်ပေးတာတောင် ဖြေချင်တဲ့ ကျောင်းသားပဲတဲ့။ (အမှန်ကတော့ တောင်သာသားလေး မူလိုက်တာပါ)။
   တောင်သာသားလေးတစ်ယောက် အခု ကတုံးလေးနဲ့ ဖြစ်နေတာပြီပေါ့။ ပြီးခဲ့တဲ့ (၅)ရက်လောက်တုန်းက မှ ကတုံး တုံးလိုက်တာပါ။ gmal လေးမှာတောင် တင်လိုက်မိပါသေးတယ်။ ဆံပင်တွေနဲ့အတူ ကံမကောင်းမှုတွေ၊ စိတ်ပူပန်းမှုတွေ ပါသွားပါစေ လို့ပေါ့။ အခုတော့ တောင်သာသားလေး တွေးမိနေပါတယ်။  တောင်းဆုတွေများ ပြည့်နေပြီလားပေါ့။
                                                    ဆက်လက်ကြိုးစားပါအုံးမည်
                                           တောင်သာခရီးသည်


Friday, 6 January 2012

I love you


Thursday, 5 January 2012

အချစ်-----ဘဝ

အချစ် .... ..... ဘဝ

တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်တော့ ဆိုကရေးတီးက “အဲတာ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။


တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့ “၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး “ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။

“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”

“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”

“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေးတီးက ပလေတိုကို ပြောခဲ့တယ်။



Wednesday, 4 January 2012

လေးစားဖွယ် ကျွန်တော့် Supervisor

   တောင်သာသားလေးတစ်ယောက် ဒီနေ့တော့ Supervisor တူတွေ ပေါင်းပြီးတော့ တွေ့ဆုံစားပွဲလေးတစ်ခု လုပ်ဖြစ်ပါတယ်။ တွေ့ဆုံစားပွဲလေးတွေရဲ့ ဓလေ့လို့ပြောရမလား၊မသိ။ ကိုယ်စီ မိတ်ဆက်စကားလေးတွေ၊ လက်ဆောင်စကားလေးတွေ ပြောရပါတယ်။ နောင်တော်အကိုကြီးတစ်ယောက် ပြောတဲ့အချိန်မှာတော့ အမှတ်မထင်ပဲ တောင်သာသားလေးတို့ရဲ့ စူပါဗိုက်ဆာရဲ့ ဘ၀ဇာတ်ကြောင်းလေး သိလိုက်ရပါတယ်။ 
    ဆရာကတော့ တောင်သာသားလေးတို့ကျောင်းမှာ နိုင်ငံခြားကျောင်းသားတွေကို အုပ်ချုပ်ရတဲ့ အကြီးတစ်ယောက်ဖြစ်သလို မြန်မာကျောင်းသားတွေကို အလွန်မတန်ချစ်ခင်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဌာနမွေးနေ့ပွဲ သို့မဟုတ် မြန်မာကျောင်းသားတွေနဲ့ဆိုင်တဲ့ ပွဲတစ်ခုခုကို တတ်တဲ့အချိန်မှာ မြန်မာတိုက်ပုံအကျီ်လေးကို အမြတ်တနိုး ၀တ်ဆင်တတ်သူပါ။ အဲ့ဒါကြောင့်လည်း မြန်မာကျောင်းသားတွေက လေးစားချင်ခင်ရတာပါ။  ဆရာက အမြဲတမ်းပြုံးနေတတ်သူပါ။ အဲ့ဒီအပြုအမူကပဲ လူအများချစ်ခင်တတ်တဲ့ အရည်အချင်းတစ်ခုသဖွယ်။ တပည့်ကျောင်းသားကို ကြည့်ပြီးတော့လည်း ပုစ္ဆာတွေ ပေးတတ်ပါသေးတယ်။ တော်ရင်တော်သလို၊ ညံ့ရင်ညံ့သလို ဦးဆောင်နိုင်သူပါ။ မေးခွန်းမေးတတ်သူပါ။ တပည့်တစ်ယောက်ကို တုတ်မကိုင်ပါပဲ ဆုံးမတတ်သလို၊ ဆုံးမခံတပည့်တစ်ယောက်အနေနဲ့လည်း ဆရာရဲ့ဆုံးမစကားသံကို ကြားတဲ့အချိန်မှာ အရိုက်မခံရဘဲ မျက်ရည်တွေအလိုလို စီးကျလာစမြဲပါ။ ဒါတွေက ဆရာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတုယူဖွယ်၊ လေးစားဖွယ် အကျင့်လေးတွေပါ။ 
    စိတ်မကောင်းစရာသတင်းလေး ဒီတွေ့ဆုံစားပွဲလေးမှာပဲ ကြားလိုက်ရပါတယ်။ ဘာလဲဆိုတော့ ဆရာ့ဇနီးမှာ လေဖြတ်ပြီးတော့ အောက်ပိုင်သေနေတာ တဲ့။ တောင်သာသားလေးတစ်ယောက် တကယ်ကို စိတ်မကောင်းဖြစ်လိုက်သလို နင့်ခနဲနေအောင်လည်း ခံစားလိုက်ရတာ အမှန်ပါ။ အိမ်မှာလည်း ဆရာပဲ အဆင်ပြေအောင်လုပ်ရ၊ ကျောင်းမှာလည်း တပည့်တွေနဲ့။ တကယ်သနားဖို့ ကောင်းမိပါတယ်။ တခါတလေ တောင်သာသားလေးတို့လည်း မိုက်မိပါတယ်။ Supervisor တွေ့တဲ့နေ့တချို့တရက်တွေမှာ စာမလုပ်ဘဲ သွားခဲ့မိတာ ရှိဖူးပါတယ်။ အဲ့ဒီအချိန်တွေကို ပြန်တွေးပြီး ငါတော်တော်မိုက်ပါလား၊ သူတစ်ပါး ငါ့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ပါလား (ဆရာကိုပြောတာပါ) ဆိုပြီး တွေးမိနေပါတယ်။ ဘယ်လိုပဲ အခက်အခဲတွေနဲ့ ကြုံကြုံ တောင်သာသားလေးတို့ဆရာတစ်ယောက်ကတော့ အမြဲပြုံးနေတာပါပဲ။ နေ့လည် ထမင်းစားချိန် ကျောင်းကနေ  မိန်းမဆီကို ထမင်းစားဖို့ ဖုန်းဆက်တယ်၊ ညနေကျောင်းပြန်ချိန်နီးရင်လည်း ပြန်လာတော့မယ့်အကြောင်း နေ့စဉ်ဖုန်းဆက်တတ်တဲ့ ဆရာအကျင့်ကိုလည်း အကိုကြီးတစ်ယောက် ပြောပြမှ သိလိုက်ရတာပါ။ အကိုကြီးတစ်ယောက်က မေးဖူးတယ်တဲ့။ ဆရာ အိမ်မှာက အောက်ပိုင်းသေနေတဲ့ ဇနီး၊ ကျောင်းမှာက စာမလုပ်တဲ့ တပည့်တွေ တွေ့တဲ့ အချိန် စိတ်မပင်ပန်းဖူးလားလို့ မေးဖူးပါတယ်တဲ့။ ဆရာက အဲ့ဒီအချိန်မှာ စကားလေး တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။ ငါချစ်လို့ ယူထားတဲ့အမျိုးသမီး တဲ့။ 
တစ်လုံးချင်းထွက်လာတဲ့ စကားတွေက နားမထောင်ပဲမနေနိုင်လောက်အောင်၊ ဘာမှပြန်မပြောနိုင်အောင်  ပါစပ်အဟောင်းသားလေး ဖြစ်ခဲ့ရပါတယ်။ 
   တောင်သာသားလေးလည်း အတွေးတစ်ခု ၀င်လိုက်မိပါတယ်။ ငါလည်း အသက်အရွယ်ရလို့ အိမ်ထောင်ပြုခဲ့ရင် ကိုယ်ယူတဲ့အမျိုးသမီးက အဲ့လိုမျိုးဖြစ်နေရင် ဆရာ့လို နေထိုင်ပြောဆို ပြုမူနိုင်ပါ့မလားလို့ တွေးနေမိပါတယ်။ စိတ်ထဲမှာတော့ ဆရာတူတဲ့ တပည့်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားမယ်လို့ ကြုံးဝါးရင်း .........။

                                                  ဆက်လက်ကြိုးစားပါအုံးမည်
                                          တောင်သာခရီးသည်

Tuesday, 3 January 2012

သနားစရာ အသံဖိုင်လေးပါ


 တောင်သာသားလေးတစ်ယောက် အိပ်လို့မပျော်သေးလို့ ကွန်ပျူတာလေး သုံးနေမိပါတယ်။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က သူငယ်ချင်း မအိပ်သေးဘူးလားတဲ့။ စာလုပ်နေတာလားတဲ့။ အသံဖိုင်လေးတစ်ခု ပေးမယ်ဆိုပြီး ဒီဖိုင်လေး ပေးလိုက်တာပါ။  နားထောင်ကြည့်ပါအုံး။

http://soundcloud.com/yan-naing-phyo/unknown-ghost

Monday, 2 January 2012

ကိုယ်ကျိုး နဲ့ အများအကျိုး

   တောင်သာသာလေးတစ်ယောက် ဒီနေ့တော့ ကိုယ်ကျိုးနဲ့အများအကျိုး ဆိုတဲ့ အကြောင်းလေး တွေးနေမိပါတယ်။ ဖြတ်သန်းလာရတဲ့ဘ၀အတွက်ကြောင့်လား၊ ဘ၀ကပေးတဲ့ သင်ခန်းစာတွေအတွက်ကြောင့်လား၊ တစ်ခုခုကြောင့်တော့ ဖြစ်မည်ထင်။ 
   ပထမဦးစွာ ကိုယ်ကျိုး အကြောင်းလေး ဆွေးနွေးကြည့်ရအောင်လားဗျာ။ တတ်လွန်းလို့  ဒီဆောင်းပါးလေးရေးလိုက်တာမဟုတ်ပါဘူး။ မျှဝေခံစားကြည့်တဲ့သဘောပါ။ ငယ်ငယ်ကတည်းက သမိုင်းဘာသာရပ်တွေထဲမှာ ကြားဖူးထားတာတွေ ရှိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံ သမိုင်းတွေထဲမှာလည်း ဒီလိုပါပဲ။ ကိုယ်ကျိုးမက်တဲ့လူတွေကြောင့် နိုင်ငံက တိုးတတ်သင့်သလောက် မတိုးတတ်ဘဲ သူတစ်ပါးကျွန်တောင်ဖြစ်လိုက်ရပါသေးတယ်။ တောင်သာသားလေးကိုယ်တိုင် ကျွန်ဆိုတဲ့ ဝေါဟာရကို ကြားပဲကြားဖူးတာပါ။ လူကြီးမိဘတွေ ပြောသံကြားတာနဲ့တင် ကျွန်ဆိုတဲ့ စကားလုံးကို ရွံ့မုန်းနေခဲ့တာပါ။ ကိုယ် ပခုံးထမ်းခွင့်ရတဲ့တစ်နေ့ရောက်ရင်လည်း သမိုင်းထဲကလို့ သူတစ်ပါးကျွန်မဖြစ်အောင် ဘယ်လို လုပ်ဆောင်မှုတွေ၊ ဘယ်လိုဆုံးဖြတ်ချက်တွေ လုပ်ရမယ်ဆိုတာ  ကိုယ့်ကိုယ်ကို အမြဲမေးမိနေပါတယ်။ လူတွေတော်တော်များများက ပိုက်ဆံတွေ၊ ရားထူးအာဏာတွေ မြင်ပြီးသွားရင် ဘာကြောင့်အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေ ယိမ်းယိုင်လာကြတာလဲဆိုတာ အဖြေမရသေးတဲ့ စာတစ်ပုဒ်အကြောင်း တွေးနေရတာနဲ့ တူမယ်ထင်ပါတယ်။  တခြားနိုင်ငံတွေမှာကော အဲ့လိုမျိုးတွေ လွှမ်းနေတာလား။ ဒါမှမဟုတ် ကျွန်တော်တို့နိုင်ငံက လူတွေတော်တော်များများမှာပဲ ရှိနေတာလား။ မကောင်းသောအမြင်များနှင့် ကြည့်နေခြင်းမဟုတ်ပါ။ တခြားနိုင်ငံကလူတွေ အစားကောင်း၊ အသောက်ကောင်းတွေ၊ တိုက်တွေ၊ ကားတွေ နဲ့ နေနိုင်နေကြတာကို မြင်တော့မှ အမိမြေက  ချစ်သောနိုင်ငံသားတွေရဲ့ ထမင်းကြမ်းနဲ့ရေနွေးကြမ်း၊ ကန်ရေသောက်၊ ဓနိတဲ ကြမ်းခင်းနဲ့ နေနေရတာလေးကို သနားမိ၊ စာနာမိ နေမိတာပါ။ ဒါတွေက ကိုယ်ကျိုးသမားတွေကြောင့်လား။ တောင်သာသားလေးအမြင်လေးပါ။ လူတွေရဲ့လောဘကြောင့်လား မသိ၊ ပိုက်ဆံတွေ၊ ရာထူးတွေ မြင်လာပြီဆိုရင် ဖြစ်လာမယ့် ရောင်ပြန်ဟပ်မှုတွေကို မျက်စိတစ်ဆုံး မကြည့်ချင်တော့၊ မျက်တောင်မွှေးစာလောက်ပဲ ကြည့်တော့တာပါ။ ကိုယ်ကျိုးဆိုတာ ကိုယ့်အတွက်၊ ကိုယ်မိသားစုအတွက် ကိုယ်၊ ကိုယ်၊ ကိုယ် ဆိုတာတွေ ပေါပေါသီသီး သုံးစွဲနေတဲ့ လူတွေဆိုတာတော့ အားလုံးသိကြမှာပါ။
   အများအကျိုး အကြောင်းလေးကတော့ သူကတော့ ကိုယ်ကျိုးနဲ့ ပြောင်းပြန်လို့ ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ အရှည်ကိုမျှော်တွေးကြည့်သူလည်း ဖြစ်ပါတယ်။ ဥပမာ- အမှိုက်တစ်ဆ လမ်းမှာတွေ့လို့ အသိစိတ်ကလေးနဲ့ အမှိုက်ပုံးထဲကို ထည့်ပေးလိုက်တဲ့သူ ဆိုတာလည်း အများအကျိုးကို သူတတ်နိုင်သလောက် သယ်ပိုးလိုက်တာပါပဲ။ လမ်းပေါ်မှာ အမှိုက်ကလေးတစ်စ တစ်စကနေ မြင်လို့မကောင်းလောက်အောင် အမှိုက်တွေဖြစ်လာတော့မှာပါ။ လူတိုင်းသာ အမှိုက်လေးတွေ စည်းမဲ့ကမ်းမဲ့ မစွန့်ဘူး၊ ကိုယ်သုံးစွဲလိုက်တဲ့ စွန့်ပစ် အရာတစ်ခုကိုလည်း စည်းကမ်းတကျ စွန့်လိုက်မယ်ဆိုရင် လမ်းပေါ်မှာ လျှောက်တဲ့ လူတွေအားလုံး စိတ်ချမ်းချမ်းသာသာ သွားလာနိုင်မှာပါ။ ဒါကတော့ အများအကျိုးကို ဆောင်ရွက်တဲ့ လူတွေအတွက်ကြောင့် အခြားသူတွေ ခံစားရတဲ့ သန့်ရှင်းသာယာမှု အရသာလေးပါ။
   တောင်သာသားလေး သိသလောက်လေး ကိုယ်ကျိုးနဲ့ အများအကျိုး အကြောင်းလေး ဆွေးနွေးဖလှယ်ကြည့်တာပါ။ အမှားတွေ အမြင်မတူတာတွေရှိရင်လည်း အကောင်းဘက်ကနေ မြင်နိုင်ပါစေဗျာ။ ကိုယ်ကျိုးနဲ့ အများအကျိုးကို မျှတအောင် နေထိုင်ကျင့်ကြံရင်း ဘ၀မှာ အောင်မြင်တဲ့ သူတွေ ဖြစ်နိုင်ပါစေ။ ဒီဆောင်ပါးလေးဖတ်ရင်း တောင်သာသားလေးတို့ မိခင်နိုင်ငံတော်ကြီးအတွက် အုတ်တချပ်၊ သဲတပွင့် ကူညီဖေးမချင်တဲ့ အတွေးတစက် ၀င်မိခဲ့မယ်ဆိုရင် ၀မ်းသာပီတိ ဆီထိဂွမ်းသို့ ဖြစ်နေပါတော့မည်။
                                                                                          ဆက်လက်ကြိုးစားပါအုံးမည်
                                                                                          တောင်သာခရီးသည်

   




Sunday, 1 January 2012

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါသလား?

   လူတစ်ယောက်ဟာ ဘ၀တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်ချင်တယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့အလုပ်မျိုးနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ကြိုးစားသင့်တယ်လို့ ဆိုချင်တယ်။ ကိုယ့်ဝါသနာကို ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးတဲ့ လူငယ်များအနေနဲ့လည်း တစ်ခုခု ရွေးချယ်ရမယ့် အချိန်အခါရောက်လာရင် ကိုယ်ဝါသနာပါတယ် ထင်ရတဲ့ဟာတွေထဲက အသက်မွေးဝမ်းကျောင်းမှုအတွက် ရေရာတာတစ်ခုကို ရွေးပါ။ ပြီးရင်တော့ ဘေးကြည့်၊ နောက်ဘက် ပြန်လှည့်ကြည့်တွေ လုပ်မနေတော့ဘဲနဲ့ သည်ဘာသာရပ်နယ်ပယ်မှာ ငါဗိုလ်စွဲရမယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့သာ ပြတ်ပြတ်သားသား ကြိုးစားပါ။ အဲ့ဒါဆိုရင်တော့ အောင်မြင်တဲ့ဘ၀တည်ဆောက်နိုင်ပါလိမ့်မယ်။ (ဖေဖြင့်)မှပြန်လည်မျှဝေသည်။

  

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More