Tuesday 22 November 2011

မြင်းလား၊ ငန်းလား တဲ့

တောင်သာသားလေးတစ်ယောက် ကွန်ပျူတာရှေ့မှာ ထိုင်နေတုန်း ဆိုင်းမဆင့်၊ ဗုံမဆင့်ပါပဲ တောင်သာသားလေးရဲ့ နောင်တော်တစ်ယောက်က အင်တာနက်ကနေ စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးပါတယ်။ ဆရာဖေမြင့်ရေးတဲ့ ဂျီနိးယပ်(စ) ဆိုတဲ့ စာအုပ်လေးပါ။ ဖတ်စေချင်တဲ့ စေတနာနဲ့ပေးတာဆိုပြီး တွေးမိလို့ ဖတ်ဖြစ်လိုက်ပါတယ်။ အများကြီးတော့ အချိန်မရသေးလို့ မဖတ်နိုင်သေးပါဘူး။ (၁၀)မျက်နှာလောက်လေးပါ။ အဲ့ဒီထဲကမှ အကိုအမများအတွက် ပြန်လည်ဝေမျှချင်တာလေးတွေ ရှိလာလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ 
မြင်းလား၊ ငန်းလား
စားကျတ်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နှင့် ငန်းတစ်ကောင် ဆုံမိကြသည်။ ငန်းက မြင်း၏အမူအရာကို သဘောမကျ။ မထီလေးစား အားမနာသည့် ပုံစံဟုမြင်သည်။
ထို့ကြောင့် ဘဲငန်းတို့ထုံးစံ စူးစူးဝါးဝါးအသံဖြင့် ဆိုသည်။
‘ဟေ့ ဒီမှာ၊ ငါကမင်းထက် ပိုကြီးကျယ်ပြည့်စုံတဲ့ အကောင်ပါကွ။ မင်းခန္ဓ္ဓ္ဓာကိုယ်
ကြီး နဲ့ မင်းလုပ်နိုင်တာ တစ်မျိုးတည်းရှိတယ်။ ငါက ဟောဒီမြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလဲ ကောင်းကောင်းကြီး လျှောက်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟောဒီ တောင်ပံနှစ်ဖက်ပါတော့ လေထဲပျံချင်သပဆိုလဲ ပျံဝဲလို့ရတယ်။ ရေအိုင်၊ချောင်းမြောင်း တွေ့ရင်လည်း အသာဆင်း၊ ရေးအေးအေးလေး စိမ်ပြီး ကူးခတ်ဆော့ကစားနိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲကငါး၊ ကုန်းပေါ်က ဆင်၊မြင်း၊ ကျွဲ၊ နွား၊ သတ္တ၀ါသုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်’
သည်စကားကြားတော့ မြင်းက ရယ်သည်။
‘ဟုတ်ပါ့ဗျ။ ခင်ဗျားမှာ ကုန်း၊ ရေ၊ လေ သတ္တ၀ါသုံးမျိုးလုံးရဲ့ စွမ်းအားတွေ စုဝေးနေတာကိုး၊ ဒါပေမဲ့ ဘယ်စွမ်းအားမှ ပြည့်ပြည့်၀၀ မရှိ။ မစို့မပို့ချည်း ဖြစ်နေတာ ဆိုးတယ်ဗျာ။ ခင်ဗျား ပျံတယ်ဆိုတာ မနိုင်းမနင်း လေးလေးလံလံကြီး၊ မြေပေါ်က ခဏတစ်ဖြုတ် လွတ်တယ်ဆိုရုံ ဟိုနား သည်နားလေးလောက် ရောက်တာ။ အဲ့ဒါနဲ့တင် ကိုယ့်ကိုယ်ကို စင်ရော်တို့၊ လင်းယုန်တို့လို ငှက်စာရင်းသွင်းလို့ ဖြစ်ပ့ါမလား။ ရေမှာဆိုလဲ ငြိမ်သက်တဲ့ ကန်ရေပြင်လိုဟာမျိုးမှာ အပေါ်ယံလေး လှုပ်ပြီး ရွေ့ရွေ့လေး သွားနိုင်တာ၊ ငါးလို၊ ဖျံလို ကျင်လည်တာမဟုတ်ဘူး။ လှိုင်းတွေ၊ လေတွေနဲ့ဆိုရင် ခင်ဗျား ထွက်ပြေးမှာ မဟုတ်လား၊ မြေကြီးပေါ်မှာ လမ်းလျှောက်တော့ရော၊ လူတွေပြောပြောနေကြတဲ့ ဘဲသွား သွားတယ်ဆိုတာ ခင်ဗျား တစ်ခါမှ မကြားမိဘူးလား။ ခင်ဗျား လမ်းသွားပုံ အချိုးမကျတာကို ပြောကြတာ။ ခြေထောက် ပြားပြားကြီးကို မြှောက်လိုက်ချလိုက်နဲ့၊ တစ်လှမ်း လှမ်းလို့လဲ ဘယ်လောက်မှ မရောက်ဘူး။ အဲ့ဒီထဲ လည်ပင်းကြီးက ဟိုဆန့်ဒီဆန့်နဲ့ ဘေးလူတွေ လှမ်းပြီး ရန်ရှာချင်သေးတယ်။ တွေ့ရတဲ့လူတွေအားလုံး စိတ်ညစ်တယ်။ ကျုပ်က ခင်ဗျားပြောတဲ့အတိုင်း တစ်မျိုးတည်း စွမ်းတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်မျိုးဆို ဆိုသလောက် ပြတ်ပြတ်သားသား စွမ်းတယ်။ ကျုပ်က မြေကြီးပေါ်မှာ အရှိန်အဟုန်နဲ့ ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တ၀ါ၊ကျုပ်ခန္ဓ္ဓ္ဓာကိုယ်မှာ အပိုဆာဒါး အဖြစ်ညစ်ကျယ် အစိတ်အပိုင်း တစ်ခုမှ မပါဘူး။ ကျုပ်ရဲ့ တောင့်တင်းသန်မာတဲ့ ကြွက်သားအစိုင်အခဲတွေနဲ့ အချိုးမစားကျနတဲ့ ခြေတံ လက်တံတွေကို ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ပြေးအားကောင်းမယ့် သတ္တ၀ါဆိုတာ မြင်နိုင်တယ်။ ကျုပ်ကြွကြွရွရွလေး ခုန်ပေါက် ပြရုံနဲ့တင် ကျုပ်ကိုယ်ထဲမှာ ခွန်အားတွေ ဘယ်လောက်ကြီးကြီးမားမား ကိန်းအောင်းနေတယ်ဆိုတာ သိနိုင်တယ်။ ကျုပ်က တစ်မျိုးတည်းသမား။ ဒါပေမယ့် အဲ့ဒီတစ်မျိုးမှာတော့ ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နယ်မှာမှ အသုံးမကျ အရာမ၀င်တဲ့ ဘဲငန်းမျိုး မဟုတ်ဘူး’
မြင်းက ဒေါနှင့် မောနှင့် ဆိုလေသည်။
စာရေးဆရာသုံးသပ်ချက်။    မှန်သည်။ တချို့လူတွေသည် ဟိုစပ်စပ် သည်စပ်စပ် ဘာမဆို နည်းနည်းစီ တတ်ကြသည်။ သို့သော် ဘယ်ကဏ္ဍတစ်ခုတွင်မျှ တကယ်တမ်း မကျွမ်းကျင်။ သည်လူတွေသည် အမှတ်မဲ့ကြည့်လျှင် လူ့အသိုင်းအ၀ိုင်းထဲတွင် အရာဝင်သလိုဖြင့် စင်စစ် နေရာတကာ ရောယောင်နောက်လိုက်အဖြစ်နှင့် ၀င်ပါနေကြခြင်းသာ ဖြစ်သည်၊ ဦးစီးဦးဆောင်ပြုနိုင်သူ၊ အောင်မြင်သူများကား မဟုတ်ကြ။



1 comments:

ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ် ပုံပြင်ထဲက ငန်း များဖြစ်နေပြီလားလို့ ဖြစ်ဖို့ရာခိုင်နှုန်းများနေတယ် :)

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More