ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် အလေ့အကျင့်ကောင်းဆိုတဲ့ ခေါင်းစဉ်လေးဖတ်ဖြစ်ပါတယ်။ ပြန်လည်ဝေမျှ ပေးပါရစေ။
ပုံပြင်လေးတစ်ခု ရှိသည်။
တစ်ခါက သစ်ခုတ်သမားတစ်ယောက် တောထဲတွင် သစ်ပင်ကြီး တစ်ပင်ကို လွှနှင့်တိုက်ဖြတ်နေသည်။ လူတစ်ကိုယ်လုံး ချွေးသီးချွေးပေါက်ကျနေပြီ၊ သစ်ပင်က မလဲနိုင်သေး။ တောထဲဖြတ်လာသူတစ်ဦးက သူ့ကို တွေ့သောအခါ မေးသည်။
-ခင်ဗျားကြည့်ရတာ အတော်ပင်ပန်းနေပုံပဲ၊ လွှဆွဲနေတာ ဘယ်လောက်ကြာပြီလဲ။
-ငါးနာရီကျော်ပြီဗျ။ ခြေကုန်လက်ပန်းကျနေပြီ၊ ခုထိ မပြတ်သေးဘူး။
-ကြည့်ရတာ လွှတုံးနေတယ်နဲ့တူတယ်၊ ခဏရပ်ပြီး လွှကို သွေးပါလား၊ အဲ့ဒါဆိုရင် ပိုပြီး မြန်မြန်ပြတ်လိမ့်မယ်။
ခရီးသွားက အကြံပေးသည်။
-အချိန်မရဘူးဗျ၊ အဓိကအလုပ်ကိုပဲ လုပ်နိုင်မယ်။ ဟု ဖြေကာ သစ်ခုတ်သမားသည် လွှတုံးတုံးကြီးနှင့်ပဲ ဆက်၍ ဆွဲနေလေသည်။ -ဟူ၍
ပုံပြင်ဖတ်သူအနေနှင့်တော့ သစ်ခုတ်သမား၏ အမှားကို အလွယ်တကူ မြင်မည်ဖြစ်၏။ သို့သော် လက်တွေ့ဘ၀၌ လူအတော်များများပင် သည်အမှားမျိုးတွေ ကျူးလွန်နေမိတတ်ကြသည်။
ထို့အတူပါပဲ။ သင်တန်းလေးတစ်ခု သွားတတ်လိုက်လျှင် ရာထူးတိုးနိုင်ပါလျက် ဇွတ်ပေနေမိသဖြင့် အနိမ့်ပိုင်း အဆင့်မှာပဲ အရိုးထုတ်ကြခြင်းမျိုး---။
အောင်မြင်လိုသူသည် မိမိ၏ အရည်အသွေး ထက်မြက်သည်ထက် ထက်မြက်အောင် ပြုပြင်ပေး၊ ပျိုးထောင်လေ့ကျင့်ပေးနေဖို့ လိုသည်။ မိမိ၏ အားနည်းချက်ကို သိရမည်။ သိတာကိုလည်း ပြုပြင် ဖြည့်တင်းနိုင်ရမည်။ မိမိတည်းဟူသောလွှကို ထက်နေရှနေအောင် သွေးထားနိုင်မှ အလုပ်တွင်မည်။ သစ်ပင်တွေ တစ်ပင်ပြီးတစ်ပင် ခုတ်လှဲနိုင်မည်။ ထူးခြားအောင်မြင်သူ ဖြစ်မည်။
[မူးရင်း။ ။ Charlie ၏ Seven Habits of Highly Effective Students]
0 comments:
Post a Comment